Healthy Life Ad
Health Tips

အိပ်ပျော်နေရင်း ရုတ်တရက် အသက်ရှူရပ်တာက သတိထားရမယ့် ကျန်းမာရေးပြဿနာလား . . .

—၊ ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်းတာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. အိပ်ပျော်နေချိန်မှာ တချို့လူတွေက ရုတ်တရက် အသက်ရှူရပ်သွားတတ်ကြပါတယ်။ အဲဒါ ဘာကြောင့် ဒီလိုဖြစ်ရတာပါလဲ ဆရာ။

A. တချို့လူတွေက အိပ်နေရင်းနဲ့ အိပ်ရာထဲမှာပဲ အသက်ဆုံးရှုံးသွားတယ်ဆိုတာမျိုး ကြားရတတ်ပါတယ်။ အဲဒီလိုဖြစ်ရတာက အိပ်ပျော်နေချိန် ရုတ်တရက် အသက်ရှူရပ်ခြင်းနဲ့ ဆက်စပ်မှုရှိနေတာကို တွေ့ရတတ်ပါတယ်။ အထူးသဖြင့် လူတွေ အိပ်စက်အနားယူလိုက်တဲ့အခါမှာ အသက်ရှူလမ်းကြောင်း တလျှောက်မှာရှိတဲ့ ကြွက်သားတွေက တင်းအားတွေကို လျှော့လိုက်ပါတယ်။ အဲဒီလို လျှော့လိုက်တဲ့အခါ လေဝင်မယ့်လမ်းကြောင်းကို ဆွဲပိတ်လိုက်သလို ဖြစ်သွားပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင် ကျသွားပါတယ်။ သွေးထဲမှာ အောက်ဆီဂျင် ကျသွားတော့ အသက်ရှူရပ်သလို ဖြစ်သွားပါတော့တယ်။ အဲဒီအချိန်မှာ သွေးတွေ အရမ်းဆောင့်တက် သွားနိုင်ပါတယ်။ အဲဒီအခါ နောက်ဆက်တွဲအနေနဲ့ လေဖြတ်တာ၊ အသက်အန္တရာယ်ထိခိုက်တာတို့နဲ့ ဆက်စပ်ဖြစ်ပေါ်တတ်ပါတယ်။

“အထူးသဖြင့် အဝလွန်နေရင် ကိုယ်အလေးချိန် လျှော့ချခိုင်းပါတယ်။ နှာခေါင်းပိတ်နေသလားဆိုတာကို ဆန်းစစ်ရပါတယ်။ စားသောက်နေထိုင်မှုပုံစံအရ အရက်အလွန်အကျွံသောက်နေသလား၊ ဆေးလိပ်သောက်သလား၊ အဆီအအိမ့်တွေ အလွန်စားနေသလား၊ မိသားစုရာဇဝင်ရှိသလား ဆိုတာတွေကို ဆန်းစစ်ရပါတယ်။ ကိုယ်နဲ့အတူအိပ်တဲ့သူက” . . .

Q. အိပ်ရင်း အလွန်အမင်းဟောက်တာ၊ အသက်ရှူရပ်ရပ်သွားတာတွေက ဘယ်လိုကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်မှုရှိတတ်ပါသလဲ ဆရာ။

A. တချို့က အိပ်လို့ရှိရင် အလွန်အမင်း ဟောက်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မသိဘူး၊ ကိုယ်နဲ့ အတူအိပ်တဲ့သူတွေကပဲ သတိထားမိတတ်ကြပါတယ်။ အဲဒီလိုမျိုး သတိထားမိလို့ ပြောပြီဆိုရင် ကိုယ်က အလေးထားဖို့ လိုပါတယ်။ အိပ်ရင်း အလွန်အမင်းဟောက်တာ၊ အသက်ရှူရပ်တာတွေက ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ စတဲ့ တခြားရောဂါဝေဒနာတွေနဲ့ ဆက်စပ်မှုရှိနေတတ်ပါတယ်။ ဒါကြောင့် ဒီလိုဖြစ်ရင် ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။ တချို့လူတွေဆိုရင် အိပ်ရင်းနဲ့ အသက်ရှူလို့ မရတော့လို့ လန့်နိုးလာတယ်၊ ဘယ်လိုမှ လှဲနေလို့မရလို့ အိပ်နေရာကနေ ထထိုင်ရတာတောင် ရှိတတ်ပါတယ်။ တချို့တွေမှာကျတော့ နောက်တစ်နေ့မှာ အလုပ်ကောင်းကောင်း မလုပ်နိုင်ဘူး၊ ပိုပြီးအိပ်ချင်နေတယ်၊ ဒီလိုဖြစ်စေတဲ့ အကြောင်းတွေထဲမှာ အဝလွန်တာလည်း ပါဝင်နေပါတယ်။ ပြီးတော့ ဆေးလိပ်၊ အရက်သောက်တဲ့သူတွေလည်း အဖြစ်များတတ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ လည်ကုပ်တိုတဲ့ သူတွေမှာလည်း အိပ်ရင်းအသက်ရှူရပ်တာမျိုး ဖြစ်တတ်ပါတယ်။ တချို့ဆေးဝါးတွေကြောင့်လည်း ပိုဖြစ်တတ်ပါတယ်။ အသက်ကြီးလာရင် ပိုအဖြစ်များတတ်ပါတယ်။ အမျိုးသမီးနဲ့စာရင် အမျိုးသားတွေမှာ ပိုဖြစ်တတ်တာကိုလည်း တွေ့ရပါတယ်။

Q. အိပ်ရင်း ရုတ်တရက် အသက်ရှူရပ်တတ်တဲ့ ပြဿနာမဖြစ်အောင် ဘယ်လိုဆင်ခြင်နေထိုင်ဖို့ လိုအပ်ပါသလဲ ဆရာ။

A. အထူးသဖြင့် အဝလွန်နေရင် ကိုယ်အလေးချိန် လျှော့ချခိုင်းပါတယ်။ နှာခေါင်းပိတ်နေသလား၊ အာသီးရောင်နေသလားဆိုတာကို ဆန်းစစ်ရပါတယ်။ စားသောက်နေထိုင်မှုပုံစံအရ အရက်အလွန်အကျွံ သောက်နေသလား၊ ဆေးလိပ်သောက်သလား၊ အဆီအအိမ့်တွေ အလွန်စားနေသလား၊ မိသားစုရာဇဝင်ရှိသလား ဆိုတာတွေကို ဆန်းစစ်ရပါတယ်။ ကိုယ်နဲ့အတူ အိပ်တဲ့သူက ကိုယ်အိပ်တဲ့အခါ ဟောက်တယ်၊ အသက်ရှူရပ်ရပ်သွားတယ်လို့ပြောပြီး နှိုးပေးရပြီဆိုရင် သတိပြုဆင်ခြင်သင့်ပါတယ်။ တစ်ခါတလေကျရင် ဆေးရုံတွေမှာ လူနာအိပ်တဲ့ပုံစံကို လေ့လာပြီး လိုအပ်တဲ့အခါ စက်တပ်ပြီး အိပ်ရတာရှိပါတယ်။ တချို့က စက်တပ်ပြီး အိပ်မှအဆင်ပြေတတ်ပါတယ်။ အဲဒီလို စက်မတပ်ဘဲအိပ်ရင် ရုတ်တရက်သွေးဆောင့်တက်တဲ့အခါ လေဖြတ်တာတွေ ဘာတွေ ဖြစ်တတ်လို့ပါ။ အဲဒီစက်က ဈေးကြီးလို့ တော်ရုံတန်ရုံ မဝယ်နိုင်တာတော့ ရှိပါတယ်။

Most Popular

Healthy Life Ad
To Top