Healthy Life Ad
Health Tips

ကျောက်ကပ်အစားထိုး ကုသအောင်မြင်ပြီး ၃၂ နှစ် ကြာပြီဖြစ်သည့် ဦးနေဝင်းအောင်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

၁၉၈၇ ခုနှစ်၊ အသက် ၂၇ နှစ်အရွယ်တွင် ကျောက်ကပ်အစားထိုးကုသမှု ခံယူခဲ့ရသော ဦးနေဝင်းအောင်သည် ယခုအသက် ၅၈ နှစ်အရွယ်ရောက်သည်အထိ ကျန်းမာစွာဖြင့် မိသားစုနှင့်အတူ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိရာ သူ၏ ကျောက်ကပ်အစားထိုးကုသမှု အတွေ့အကြုံကို ယခုလို ပြန်လည်ပြောပြခဲ့ပါသည်။

“သင်္ဘောပေါ်မှာ ရုတ်တရက် ကျန်းမာရေးကမကောင်းဘူး။ လူကမထနိုင်တော့ဘူး။ ဒါနဲ့ ဟော်လန်မှာ ဆေးရုံတက်ရတယ်။ အဲဒီအချိန်ကျမှ ကျောက်ကပ်မကောင်းဘူး၊ ကျောက်ကပ်ပျက်နေတယ်၊ ခရစ်ယာတနင်း ၁၄၆၀ လောက်ရှိနေပြီ ကျောက်ကပ်ကျုံ့သွားတယ်ဆိုတာ သိခဲ့ရတယ်။ ကျောက်ကပ်လက္ခဏာ ပြတဲ့အချိန်နဲ့ သိတဲ့အချိန်မှာ တစ်ပတ်ပဲကြာတယ်။ ကုလို့မရတော့ဘူးဆိုတာနဲ့ သူတို့ပညာနဲ့ ထူထူထောင်ထောင်ဖြစ်အောင် လုပ်ပေးပါတယ်။ ဦးလည်းအိမ်ပြန်လာတယ်”

ရန်ကုန်ရောက်လာချိန်တွင် ရန်ကုန်ဆေးရုံကြီး၊ ဆီးနှင့်ကျောက်ကပ် အထူးကုဌာနတွင် တက်ရောက်ကုသမှု ခံယူဖြစ်ခဲ့ကြောင်း သိရသည်။ “အဲဒီမှာ ဟော်လန်ကပေးလိုက်တဲ့ ဆေးမှတ်တမ်းကို ပြလိုက်ပါတယ်။ သူတို့ကလည်း ကျန်းမာရေးစစ်ဆေးမှု လုပ်ကြည့်လိုက်တော့ ကျောက်ကပ်က အလုပ်မလုပ်တော့ဘူးဆိုတာ တွေ့လိုက်ရတယ်။ ဆီးနှင့်ကျောက်ကပ်အထူးကု ပါမောက္ခဦးလှမွန်က “မြန်မြန်အစားထိုးကုသလိုက်ပါ၊ ရှေ့မှာအစားထိုး ကုသထားတာ လေးယောက်ရှိတယ်၊ သွားလေ့လာသင့်တယ်”လို့ အမေကိုပြောတယ်။ အဲဒီတုန်းက ကျောက်ကပ်ဆေးတာတောင် စစ်ဆေးရုံမှာပဲ လုပ်နိုင်သေးတယ်။ အမေကလည်း လူနာကော ကျောက်ကပ်အလှူရှင်ကော ကျန်းမာရေးကောင်းရဲ့လား သွားကြည့်တယ်။ ပြီးတော့မှ ဘာဆက်လုပ်မလဲ၊ ဘယ်လိုလုပ်မလဲဆိုပြီး မိသားစုတိုင်ပင်ကြတယ်”

မိသားစုခုနှစ်ဦးတွင် အငယ်ဆုံးသားဖြစ်သည့် ဦးနေဝင်းအောင်တွင် အစ်ကိုနှစ်ဦး၊ အစ်မနှစ်ဦးရှိရာ အစ်မနှစ်ဦးက ကျောက်ကပ်ပေးမည်ဆိုသဖြင့် တစ်သျှူးများစစ်ဆေးကြည့်ရာ မအောင်မြင်ခဲ့ပေ။ “အစ်ကိုနှစ်ယောက်လုံးက သင်္ဘောလိုက်နေတာ။ အစ်မတွေနဲ့ တစ်သျှူးကိုက်၊ မကိုက် လန်ဒန် Hammersmith Hospital ဆီပို့ပြီး စစ်တာမအောင်မြင်ဘူး။ အဲဒီအချိန်မှာ အစ်ကိုကသင်္ဘောကနေပြန်လာတယ်။ သူနဲ့ တစ်သျှူးကိုက်၊ မကိုက်ထပ်ပို့တော့ တူနေတယ်။ သူ့ကိုရွေးတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို လျှောက်ရတယ်။ အဲဒီအချိန်မှာ ဦးက ဆေးရုံမှာအစားထိုးဖို့ စောင့်နေရတယ်။ မိဘ၊ အစ်မတွေ၊ အစ်ကိုတွေက အစားထိုးဖို့ကိစ္စတွေအတွက် အကုန်စီစဉ်ပေးကြတယ်” ထိုအချိန်တွင် မြန်မာနိုင်ငံ၌ ကျောက်ကပ်အစားထိုး ကုသသူနည်းပြီး အစားထိုးကုသအောင်မြင်သူ ဦးရေရှားပါးလျက်ရှိရာ ဦးနေဝင်းအောင်အတွက် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုရရှိရန် ကြိုးစားပြင်ဆင်ခဲ့ရကြောင်း သိရသည်။

“ဟော်လန်မှာ ဆေးရုံတက်တော့ အထူးကြပ်မတ် ကုသဆောင်ကနေထွက်လာပြီး တစ်ပတ်လောက်အကြာမှာ သူနာပြုဆရာမနဲ့ စကားများတယ်။ အစားအသောက်မှာ ဟိုဟာမပါဘူးလား၊ ဒီဟာမပါဘူးလားလို့ ဦးကပြောတော့ “မင်းကျောက်ကပ်ပျက်နေပြီ၊ မင်းကိုအစားအသောက်နဲ့ထိန်းနေတာ၊ အစားအသောက်မှားရင် မင်းလဲတော့မယ်”လို့ သူကပြောတယ်။ အဲဒီတော့မှ ဦးတို့ ၉တန်း၊ ၁၀ တန်းတုန်းက သင်ခဲ့ရတဲ့ ယုန်တွေ၊ ဖားတွေအကြောင်း ပြန်စဉ်းစားမိတယ်။ ယုန်အစာခြေအဖွဲ့တွေ၊ ဖားရဲ့သွေးအဖွဲ့တွေ သင်ရတော့ “မရတော့ဘူးထင်တယ်”ဆိုပြီး ဆရာဝန်ကို သေချာမေးရတယ်။ ဆရာဝန်ကလည်း ကျောက်ကပ်မကောင်းတော့ကြောင်း ပြောပြတယ်။ ဦးက သင်္ဘောပြန်တက်ဖို့ပဲ စိတ်ရှိတော့ အဲဒီလိုကြားရချိန်မှာ ရှော့ခ်ဖြစ်သွားတယ်။ တစ်ယောက်တည်း စဉ်းစား၊ တစ်ယောက်တည်း တွေး၊ ချမ်းလာတယ်။ ချမ်းတော့စောင်တောင်းတယ်။ တစ်ထည်-နှစ်ထည် – သုံးထည်နဲ့ သွေးပျက်လာတယ်။ ဒါနဲ့ ကြောက်ပြီး ချမ်းနေမှန်းသိမှ မဟာစည်မှာ တရားထိုင်ဖူးတာ သတိရပြီး ဗိုက်ပေါ်လက်တင်၊ ပိန်ဖောင်းလုပ်တယ်။ အဲဒီတော့မှာချမ်းတာ၊ လည်ချောင်းအစ်တာ၊ ကတုန်ကယင်ဖြစ်တာ အကုန်လုံးပျောက်ပြီး ပုံမှန်ပြန်ဖြစ်သွားတယ်။ ပြောရရင် အဲဒီကာလ လေး-ငါးရက်က တော်တော်ဒုက္ခရောက်ခဲ့ရတယ်။ စကားပြောဖော်လည်း မရှိခဲ့ဘူးလေ”

၁၉၈၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အသက် ၃၇ နှစ်အရွယ် အစ်ကိုကြီး ဦးကျော်ကျော်အောင်ပေးသည့် ကျောက်ကပ်ကို လန်ဒန်ရှိ Hammersmith Hospital ၌ Dr. Gordon Williams ၏ ကုသမှုဖြင့် အစားထိုးခဲ့ပြီး Dr. G. William ၏ ပဉ္စမမြောက် မြန်မာလူနာဖြစ်ခဲ့ကြောင်း သိရသည်။ “ကျောက်ကပ်အစားထိုးပြီး ငါးနှစ်လောက်ကြာမှ အောင်မြင်တယ်လို့ ပြောနိုင်တယ်ဆိုပြီး ၁၉၈၅ ဝန်းကျင်ထုတ် နိုင်ငံတကာရေးရာဂျာနယ် ဆေးသိပ္ပံကဏ္ဍမှာ ရေးထားတာတွေ့ရတယ်။ အဲဒီတုန်းက ရေးထားချက်အရ အစားထိုးပြီး လူနာတွေမှာ ပြန်လည်တိုက်ထုတ်မှုနဲ့ ပိုးဝင်မှုအန္တရာယ်ရှိတယ်လို့ သိရတယ်။ အဲဒါနဲ့ ကိုယ်ခံအားချတဲ့ ဆေးသောက်ရတယ်။ အဲဒီဆေးသောက်တော့ ပိုးဝင်နိုင်ခြေက များတယ်။ ပြောရရင် ဓားသွားပေါ် လမ်းလျှောက်နေတဲ့ ကိုယ့်အဖြစ်ကို သိသွားတဲ့အတွက် အဲဒီဆောင်းပါးလေးကို ကျေးဇူးတင်မိတယ်။

ဦးက အဲဒီအချိန်မှာ ဘယ်လောက်အသက်ရှင်မလဲလို့ မေးကြည့်ပေမယ့် ဘယ်သူမှ သေချာမဖြေနိုင်ဘူး။ ကံကောင်းတာက ခွဲစိတ်ပြီး လျှောက်သွားချိန်မှာ ကျောက်ကပ်အစားထိုးထားတဲ့ လူနာ ၁၀ နှစ်အထက် အသက်ရှင်သူတွေ ဆုံတွေ့တာကို တွေ့ရတယ်။ အဲဒီမှာ ၂၅ နှစ်-၂၆ နှစ်အထိ အသက်ရှင်တဲ့သူကို တွေ့ရတယ်။ အဲဒါကိုကြည့်ပြီး “ငါကံကောင်းရင် သူ့လို

“တစ်ယောက်တည်း စဉ်းစား၊ တစ်ယောက်တည်း တွေး၊ ချမ်းလာတယ်။ ချမ်းတော့ စောင်တောင်းတယ်။ တစ်ထည်-နှစ်ထည်-သုံးထည်နဲ့ သွေးပျက်လာတယ်။ ဒါနဲ့ ကြောက်ပြီး ချမ်းနေမှန်းသိမှ မဟာစည်မှာ တရားထိုင်ဖူးတာ သတိရပြီး ဗိုက်ပေါ်လက်တင်၊ ပိန်-ဖောင်းလုပ်တယ်။ အဲဒီတော့မှာ ချမ်းတာ၊ လည်ချောင်းအစ်တာ၊ ကတုန်ကယင်ဖြစ်တာ အကုန်လုံးပျောက်ပြီး ပုံမှန်ပြန်ဖြစ်သွားတယ်” . . .

နောက်ထပ် ၂၅ နှစ်-၂၆ နှစ်အထိတော့ နေရမှာပဲ”ဆိုပြီး အားတက်သွားတယ်”ဟု ဦးနေဝင်းအောင်က ဆိုသည်။ မြန်မာနိုင်ငံရောက်ချိန်တွင် မိတ်ဆွေသူငယ်ချင်းများနှင့် လျှောက်လည်ရာမှ ကူးစက်ပိုးဝင်ခဲ့ရာ ဆေးရုံတက်ခဲ့ရကြောင်း၊ ဆူဒိုမိုးနပ်စ်ပိုးဝင်ခဲ့သဖြင့် ဆေးကုသမှုခံယူခဲ့ရကြောင်း ဦးနေဝင်းအောင်က ပြောသည်။ “အစကတော့ ပျင်းတာနဲ့ အလုပ်တွေလည်း လုပ်ကြည့်သေးတယ်။ တဖြည်းဖြည်းနဲ့ မခံနိုင်မှန်း သိလာတော့မှ ပြန်ဆင်ခြင်နေရတယ်။ တီဘီလည်းဖြစ်သေးတယ်။ အဲဒါကိုလည်းကုခဲ့ပြီး ပြန်ကောင်းလာခဲ့တယ်။ ဒါကြောင့် အစားထိုးကုသပြီးချိန်မှာ နေထိုင်စားသောက်မှုပုံစံတွေကို ဂရုစိုက်ဖို့ တခြားသူတွေကို ပြောချင်ပါတယ်”

ဦးနေဝင်းအောင်ကို ကျောက်ကပ်လှူပေးသည့် အစ်ကိုဖြစ်သူ ဦးကျော်ကျော်အောင်သည် နောက်ပိုင်းတွင် ဒေါ်နီလာနှင့် လက်ထပ်ပြီး သားနှစ်ဦးမွေးဖွားခဲ့ကြောင်း၊ ဦးနေဝင်းအောင်လည်း ကျောက်ကပ်အစားထိုးပြီး ၅နှစ်အကြာ ၁၉၉၂တွင် အိမ်ထောင်ကျပြီး ချစ်ဇနီးမြင့်က ၁၉၉၇ တွင် သားဖြစ်သူ မောင်ဉာဏ်ပိုင်စိုးအောင်ကို မွေးဖွားပေးခဲ့ကြောင်း သိရသည်။ “နောက်ပိုင်း ရန်ကုန်ဆေးရုံကြီးက ပါမောက္ခဦးပိုင်စိုးနဲ့ ပြန်ပြတယ်။ သူက “မင်းကျောက်ကပ်ကို အလုပ်တွေအများကြီး မပေးရအောင် တချို့အစာတွေရှောင်ပါလို့ ပြောတယ်။ အသည်းနဲ့ ကျောက်ကပ်က အဆိပ်အတောက်ဖြေရှင်းတဲ့ စည်ပင်သာယာသန့်ရှင်းရေးသမားဖြစ်တော့ အဆိပ်အတောက် ပိုးဝင်မှုများတဲ့ဆေး၊ ထိုးဆေး၊ လေအောင်းတဲ့အစာ၊ ဆိုးဆေးပါတဲ့အစာ၊ စည်သွပ်ဘူး၊ ဓာတုပစ္စည်းပါတဲ့ အစားအသောက်တွေ ရှောင်ဖို့နဲ့ အနီရောင်အသား၊ မှို၊ မျှစ်စတာတွေ လျှော့စားဖို့ပြောတယ်”။ ပိုတက်ဆီယမ်က ဒုက္ခအပေးဆုံးဆိုတော့ ပိုလို့လည်းမရဘူး၊ လိုလို့လည်းမရဘူး။ အဲဒါကို ချိန်ညှိပြီး စားသောက်ရပါတယ်” ဦးနေဝင်းအောင်မှာ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတို့မရှိဘဲ ဘာကြောင့် ကျောက်ကပ်ကျုံ့ရသလဲ မသိကြောင်းနှင့် ကျောက်ကပ်နှစ်ဖက်လုံး ကျုံ့ဝင်ပြီး နောက်ဆုံးအချိန်ရောက်မှသိရ၍ အပြေးအလွှား အစားထိုး ကုသခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

ယခုအခါ ဦးနေဝင်းအောင်၏ ကျောက်ကပ်အစားထိုးသက်တမ်းမှာ ၂၀၁၉ ဖေဖော်ဝါရီလတွင် ၃၂ နှစ် ရှိပြီဖြစ်ရာ ညီအစ်ကိုမောင်နှမများ၏ စောင့်ရှောက်မှုဖြင့် အိမ်ထဲမှာပင် လေးနှစ်လောက် နေထိုင်ခဲ့ခြင်းကလည်း တစ်ချက်အပါအဝင်ဖြစ်ကြောင်း၊ အနေအထိုင် အစားအသောက်ဆင်ခြင်ခြင်းကလည်း တစ်ချက်အပါအဝင်ဖြစ်ကြောင်း ဦးနေဝင်းအောင်က သူ့အတွေ့အကြုံကို ပြောပြခဲ့သည်။ “ဦးကံကောင်းတာက ဆွေမျိုးမိဘမောင်နှမတွေ စောင့်ရှောက်တာရယ်၊ ဆရာဝန်တွေရဲ့ လမ်းညွှန်မှုကို ကိုယ်ကစာဖတ်ထားတော့ လိုက်နာရမယ်ဆိုတာ သိနေတာရယ်ကြောင့်ပါ။ ကျောက်ကပ်အစားထိုးပြီး ၂နှစ်-၃နှစ်နဲ့ ဆုံးသွားတယ်ဆိုတာက သူတို့မှာ အဲဒီပတ်ဝန်းကျင်လိုလို့လား၊ ဆေးပညာအသိမရှိလို့လား ဆိုပြီးစဉ်းစားမိတယ်။ ဒါကြောင့် ကျောက်ကပ်အစားထိုးကုသပြီး လူနာတွေကို အဓိကပြောချင်တာက ပြန်လည်တိုက်ထုတ်တဲ့ဒဏ်၊ ပိုးဝင်တဲ့ဒဏ် ခံရနိုင်တယ်။ အဲဒါကို နားလည်သဘောပေါက်ပြီး သတိထားဆင်ခြင်သင့်တယ်။ လူထူထပ်တဲ့ နေရာကို မသွားသင့်ပါဘူး။ မျက်နှာပေါ်က အမည်းစက်တွေက Imran ဆေးသောက်ပြီး ၁၀နှစ်လောက်မှာ ပေါ်လာတယ်။ ဒီဆေးသုံးရင် နေပူရှောင်၊ နေကာခရင်မ်လိမ်းဖို့ ဆရာဝန်တွေက ကြိုတင်မှာပါတယ်။

စားသမျှဆေးတွေက အသည်းနဲ့ကျောက်ကပ်ကို သွားတဲ့အတွက် စားဆေး၊ ထိုးဆေးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးသင့်ပါတယ်။ ဓာတုဆိုးဆေးပါတဲ့အစာ၊ တက်စာ၊ တောက်စာ၊ ကြာရှည်ခံအောင်လုပ်ထားတဲ့ အစာတွေကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။ မြေအောင်းစာတွေ(ပီလောပီနံ၊ မှို၊ မျှစ်)နည်းနည်းပဲစား သတိထားပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်မှန်သမျှ စားသောက်သင့်ပါတယ်။ နောက်တစ်ချက်က ကိုယ်ဘာစားသလဲဆိုတာကိုလည်း မှတ်ထားပါ။ ကျန်းမာရေး စစ်ဆေးမှုတွေကို နောက်ပိုင်းမှာလည်း ဆက်လက်ခံယူပါ”ဟု အခြားကျောက်ကပ်အစားထိုး ကုသထားသူများကိုလည်း ဦးနေဝင်းအောင်က အကြံပေးပြောကြားခဲ့ပါသည်။

(မှတ်ချက်။ ။ ဓာတ်ပုံများကို ဦးနေဝင်းအောင်၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ အယ်ဒီတာ)

Most Popular

Healthy Life Ad
To Top