Healthy Life Ad
Health Tips

မိဘတို့သတိပြုရမည့် ဆယ်ကျော်သက်များအတွက် ပုန်းလျှိုးကွယ်လျှိုး အန္တရာယ်များ

စူး (ဆေးဝါးတက္ကသိုလ်)

ဆယ်ကျော်သက်တွေနဲ့ ပတ်သက်ပြီး မိဘတွေက အပျော်အပါးလိင်ကိစ္စ၊ မူးယစ်ဆေးစတာတွေကို စိုးရိမ်နေတတ်ပေမယ့် ဆယ်ကျော်သက်တွေမှာရှိနေတဲ့ အန္တရာယ်တွေက အင်တာနက်သုံးတာ၊ လေးလံလွန်းတဲ့ ကျောပိုးအိတ်လွယ်ရတာနဲ့ ကားမောင်းတာတို့လိုကိစ္စတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်လူငယ်တွေ အန္တရာယ်မကျရောက်စေဖို့ ရိုးစင်းတဲ့နည်းလမ်းတွေနဲ့ အုပ်ထိန်းပေးသင့်ပါတယ်။

(၁) အင်တာနက်သုံးခြင်း

ဆယ်ကျော်သက်အများစုဟာ Instragram, Facebook တို့လို ကွန်ရက်တွေကို သုံးရတာသဘောကျပြီး ဓာတ်ပုံတွေ၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့ YouTube ဗီဒီယိုဖိုင်တွေကို တင်လေ့ရှိပါတယ်။

အန္တရာယ်ကင်းစေရန် – ဆယ်ကျော်သက်အရွယ်ကို လူမှုရေးကွန်ယက်တွေကို သုံးတဲ့အခါ ဆောင်သင့်၊ ရှောင်သင့်တာတွေ သင်ပေးပါ။ အတန်းထဲက သူငယ်ချင်းတွေနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ မျှဝေတာက အဆင်ပြေပေမယ့် ဖုန်းနံပါတ်၊ အိမ်လိပ်စာနဲ့ ဓာတ်ပုံတွေကို တခြားသူတွေ မကြည့်နိုင်အောင် ပိတ်ထားဖို့သင်ပေးပါ။

(၂) လေးလံလွန်းသော ကျောပိုးအိတ်

ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းထက် လေးတဲ့အိတ်တွေကို သယ်ဆောင်တာက ကိုယ်နေဟန်ထားမမှန်တာ၊ ပခုံးတွေနာတာနဲ့ လည်ပင်းနာတာတွေလိုပဲ နာကျင်မှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အန္တရာယ်ကင်းစေရန် – လေးလံတဲ့ကျောပိုးအိတ်ကို လွယ်ရမယ်ဆိုရင် ခါးမှာကြိုးပါတဲ့ အိတ်ကိုလွယ်သင့်ပြီး ခါးနေရာမှာပါ ကြိုးချည်ထားပါ။ ပခုံးတစ်ဖက်တည်းမှာ လွယ်တာမျိုးမလုပ်ဘဲ ပခုံးနှစ်ဖက်ကို မျှပြီးလွယ်ပါ။

(၃) ပြင်းထန်သော ဓာတ်မတည့်မှုကို လျစ်လျူရှုခြင်း

ဓာတ်မတည့်တဲ့ လက္ခဏာတွေဟာ ပြင်းထန်တဲ့အဆင့်မှာ အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဓာတ်မတည့်မှုရဲ့ လက္ခဏာတွေနဲ့ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အခြေအနေတွေကို သိနားလည်ထားဖို့ လိုပါတယ်။

အန္တရာယ်ကင်းစေရန် – ဓာတ်မတည့်မှုဖြစ်ရင် အသက်ရှူမဝတာ၊ အရေပြားယားယံတာ၊ အနီကွက်ပေါ်တာ၊ ပျို့အန်တာ၊ ဝမ်းပျက်တာ၊ ဖျော့တော့တာ၊ သတိလစ်တာ၊ လျှာ/လည်ချောင်းစတဲ့ အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာ၊ နှလုံးခုန်နှုန်းမမှန်တာ စတာတွေကို ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ အလေးထားရမယ့် အခြေအနေဖြစ်တာကြောင့် အထူးဂရုစိုက်ဖို့ လိုပါတယ်။

(၄) မောင်နှမများနှင့် ကားမောင်းခြင်း

လေ့လာမှုတွေအရ ဆယ်ကျော်သက်အရွယ်တွေမှာ တစ်ဦးတည်းကားမောင်းတာနဲ့ယှဉ်ရင် ကားပေါ်မှာ လိုက်ပါစီးတဲ့သူပါတဲ့အခါမှာ မတော်တဆ ယာဉ်တိုက်မှုဖြစ်နိုင်ခြေ နှစ်ဆပိုများကြောင်း သိရပါတယ်။ အတွေ့အကြုံမရှိတာ၊ မရင့်ကျက်သေးတာနဲ့ စိတ်အနှောက်အယှက်ဖြစ်လွယ်တာ စတဲ့အခြေအနေတွေဟာ ယာဉ်တိုက်မှုဖြစ်နိုင်ခြေ များစေပါတယ်။

အန္တရာယ်ကင်းစေရန် – နေဝင်ပြီးချိန်နဲ့ အားလပ်ရက်တွေမှာ ကားမောင်းတာက ယာဉ်မတော်တဆ တိုက်မိနိုင်ခြေ မြင့်မားတတ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်တွေကို ကားမောင်းတဲ့အခါ ညဘက်မမောင်းဖို့နဲ့ လူကြီးမပါဘဲမမောင်းဖို့ စည်းကမ်းသတ်မှတ်ထားပါ။

(၅) ရောဂါပိုးများသောကျောင်း

အန္တရာယ်ပေးနိုင်တဲ့ ကူးစက်ပိုးတွေဟာ ကျောင်းအများစုမှာ ရှိနေတတ်ပါတယ်။

အန္တရာယ်ကင်းစေရန် – လေ့လာမှုတွေအရ အားကစားလုပ်တဲ့ ကျောင်းသားတွေက သန့်ရှင်းမှု ကောင်းကောင်းမလုပ်ရင် ကျောင်းမှရောဂါပိုး ကူးစက်ခံရနိုင်ခြေ ပိုများနေပါတယ်။ အကြောင်းကတော့ ဘက်တီးရီးယားပိုးတွေဟာ စိုစွတ်နွေးထွေးတဲ့ နေရာတွေမှာ အများဆုံးရှိနေတတ်တာကြောင့်ပါ။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီး၊ ကစားပြီးတာနဲ့ လက်တွေကိုသေချာဆေးဖို့ သတိပေးပါ။ အထူးသဖြင့် အလေးမတဲ့ သူတွေနဲ့ ကိရိယာသုံးပြီး လေ့ကျင့်ခန်းလုပ်တဲ့သူတွေဟာ လက်ကိုသေချာဆေးကြောပေးရပါမယ်။

သတိပြုရန်

ဆယ်ကျော်သက်အရွယ်တွေမှာ ကိုယ်ဝန်ဆောင်တဲ့နှုန်းဟာ ၁၄နှစ်အတွင်းမှာ တစ်ဝက်နီးပါး မြင့်တက်လာနေပါတယ်။ CDC ရဲ့ မှတ်တမ်းအရ အသက် ၁၅နှစ်မှ ၁၉နှစ်အရွယ်အတွင်း ကလေးမွေးဖွားနှုန်းဟာ သုံးဆအထိ မြင့်တက်လာနေကြောင်း သိရပါတယ်။

Most Popular

Healthy Life Ad
To Top