Healthy Life Ad
Life Style

ရုပ်ဝတ္ထုသာမက စိတ်ကိုပါပြင်မှ ဒေသတိုးတက်မယ်ဆိုတဲ့ ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ဖေဖော်ဝါရီလအတွင်း၌ မြောင်းမြ ကုတင် ၂၀ဝ ဆံ့ ဆေးရုံအုပ်ကြီးအဖြစ်မှ ပုသိမ် ကုတင် ၅၀ဝ ဆံ့ တိုင်းဆေးရုံအုပ်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်ကျခဲ့ရာ ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်အား ပုသိမ်မြို့မှ ရပ်မိရပ်ဖ မိဘပြည်သူအပေါင်းက ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။ ပုသိမ်မြို့လူထုတစ်ရပ်လုံး ဝမ်းမြောက်ဝမ်းသာဖြစ်မည်ဆိုလည်း ဖြစ်စရာပင်။ ခြေချရာနေရာတိုင်းကို အောင်မြေသဖွယ် စွမ်းဆောင်နိုင်ခဲ့သည့် ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်၏ စွမ်းဆောင်ရည်များကလည်း လေးစားဂုဏ်ယူဖွယ်ရာ ကောင်းလွန်းလှပေသည်။

“ဆရာ ပုသိမ်ကိုရောက်တာ နှစ်ပတ်ပဲရှိသေးတော့ ပုသိမ်ဆေးရုံရဲ့ အနေအထားကို လေ့လာနေတုန်းပဲ ရှိသေးတယ်။ အသေးစိတ်တော့ မသိသေးပေမယ့် ဒီနှစ်ပတ်အတွင်းမှာ ဆရာဘာတွေလုပ်ခဲ့သလဲဆိုတော့ ဆေးရုံဝန်ထမ်းတွေနဲ့တွေ့ပြီး ဆရာသွားချင်တဲ့ လမ်းကြောင်းကို ချပြတယ်။ သူတို့နဲ့ဆရာနဲ့ သဘောတူညီမှုယူတယ်။ နောက်တစ်ခုက ဒီနှစ်ပတ်အတွင်းမှာ အမှိုက်မီးရှို့တဲ့ စက်တစ်ခုဆောက်ဖို့ လုပ်နေပါတယ်။ နောက်တစ်ခါ အရေးပေါ်ဆောင်မှာ ကြွေပြားတွေကြွနေလို့ ပိတ်ထားရတာတွေ့တယ်။ အဲဒီတော့ အရေးပေါ်ဆောင်အတွက် ကြွေပြားတွေပြန်ပြင်ဖို့ ၆၅ သိန်း အလှူခံတာ ရထားပြီးပါပြီ။ မကြာခင်ပြန်ပြန်တော့မယ်။

ဆေးရုံမှာ အိမ်သာတွေက အလုံး ၁၀ဝ လောက်ရှိပေမယ့် အိမ်သာတွေက အခြေအနေဆိုးတဲ့အတွက် အိမ်သာတွေကို ပြန်ပြင်မယ်။ ပြီးတော့ လူနာစောင့်တွေအတွက် တည်းစရာယာယီဆောင်လေးတော့ ရှိတယ်။ ဒါပေမဲ့ လူနာစောင့်တွေအတွက် ရေချိုးခန်းနဲ့ အိမ်သာက အဆင်မပြေတော့ စဆောက်ပါမယ်။

“ဆရာဟောပြောပွဲလေးတွေ လိုက်လုပ်နေပါတယ်။ ဆရာတို့က ရုပ်ဝတ္ထုပြောင်းဖို့ထက် စိတ်ကိုလည်းပြောင်းဖို့ လိုတာကိုး။ စိတ်ကိုလည်းပြောင်းနိုင်မှ ဆရာတို့လုပ်ငန်းက အောင်မြင်မှာလေ။”

ဒီရက်ပိုင်းထဲမှာ ဆေးရုံရဲ့ ခြံစည်းရိုးကိုလည်း ဆေးပြန်သုတ်ဖို့ ရှိပါတယ်။ ရေသန့်ပေးတဲ့စနစ်တွေ အဆင်မပြေတာလည်း တွေ့ထားတော့ အဲဒီစနစ်ကိုလည်း ပြန်ပြင်ပါမယ်။ ဆေးရုံမှာ အိပ်ရာခင်းမရှိတာ အခု ၃၀ဝ လောက်ရှိတော့ အလှူခံပြီး ဆက်လုပ်ရမှာပေါ့”ဟု ဒေါက်တာသန်းမင်းထွဋ်က ပုသိမ်ဆေးရုံကြီးတွင် စတင်တာဝန်ထမ်းဆောင်သည့် နေ့ရက်များအတွင်း လှုပ်ရှားမှုများအကြောင်း ပြောသည်။

ဒေါက်တာသန်းမင်းထွဋ်သည် တာဝန်ကျရာ အရပ်ဒေသတိုင်းတွင် ဆေးရုံတာဝန်တစ်ခုတည်းကိုသာ ထမ်းဆောင်သည်မဟုတ်ဘဲ အနီးအနား ရပ်ရွာများသို့ ကွင်းဆင်းဆေးကုသခြင်း၊ ကျန်းမာရေးပညာပေး ဟောပြောခြင်း၊ ရေတွင်းရေကန်တူးဖော်ခြင်း၊ ဆေးခန်းများဆောက်လုပ်ခြင်း အစရှိသဖြင့် လိုအပ်ချက်များကို တတ်အားသရွေ့ ဖြည့်ဆည်းပေးတတ်သူ ဖြစ်သည်။ “ပုသိမ်က လိုအပ်တဲ့ရွာတွေမှာ ဆေးခန်းဆောက်ဖို့ လေ့လာနေပါပြီ။ ပုသိမ်မြို့နယ်ထဲမှာရှိတဲ့ ဆေးခန်း ၁၁ ခန်းက ပြန်ဆောက်ဖို့ စာရင်းပေါ်နေပြီ။ ခွက်ကြီးအင်းဆိုတဲ့ ရွာလေးအတွက် အလှူရှင်ရှိပြီဖြစ်တော့ ဆေးခန်းတစ်ခန်း စဆောက်တော့မယ်။ အခုရက်ပိုင်းအတွင်း အဲဒီရွာကို စဆင်းပြီး မြေပြင်အခြေအနေကြည့်မယ်၊ ရွာသားတွေနဲ့ တိုင်ပင်ဆွေးနွေးပါမယ်။

ပြီးတော့ ဆရာဟောပြောပွဲလေးတွေ လိုက်လုပ်နေပါတယ်။ ဆရာတို့က ရုပ်ဝတ္ထုပြောင်းဖို့ထက် စိတ်ကိုလည်း ပြောင်းဖို့လိုတာကိုး။ စိတ်ကိုလည်း ပြောင်းနိုင်မှ ဆရာတို့လုပ်ငန်းက အောင်မြင်မှာလေ။ ဒါကြောင့် ပြီးခဲ့တဲ့ ၃ ရက်လောက်ကပဲ အထက(၈) ပုသိမ်မှာ ဟောပြောပွဲတစ်ခု လုပ်ခဲ့တယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ကွန်ပျူတာတက္ကသိုလ်မှာ ဟောပြောပွဲတစ်ခုလုပ်တယ်။ ပြီးတော့ ရာမညရပ်ကွက်မှာ ဟောပြောပွဲတစ်ခုလုပ်တယ်။ ဆရာတို့လုပ်ငန်း အောင်မြင်ဖို့ဆိုတာ ပြည်သူကလည်း စိတ်ထားပြောင်းဖို့ လိုတယ်၊ ဆရာတို့ဘက်ကလည်း စိတ်ထားပြောင်းဖို့ လိုတယ်။ အဲဒီလိုမြင်လို့ ဆရာက ဟောပြောပွဲတွေ လိုက်လုပ်နေတာပါ”ဟု ဒေါက်တာသန်းမင်းထွဋ်က ဆိုသည်။

မြောင်းမြမြို့တွင် ဆေးရုံအုပ်ကြီးအဖြစ် တစ်နှစ်နှင့်တစ်လတာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ဒေါက်တာသန်းမင်းထွဋ်သည် အလှူရှင်တို့ လှူဒါန်းထားသောငွေများဖြင့် ဆေးခန်းပေါင်း ၃၆ ခန်း၊ စာသင်ကျောင်း ၇ ကျောင်း၊ အဝီစိတွင်းများ၊ ရွာပေါင်း ၄၀ ကျော်အတွက် ရေသန့်စက်များ၊ ရွာပေါင်း ၃၂ ရွာသို့ ဆေးကုသမှု ခရီးစဉ်များ၊ ဆေးရုံတွင်လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းကိရိယာများ၊ အသုံးအဆောင်များ စသည့်စုစုပေါင်း သိန်းတစ်သောင်းတစ်ထောင်ကျော် အကုန်အကျခံကာ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ “မြောင်းမြဆေးရုံအတွက် ဆရာနဲ့ အလွှဲအပြောင်းလုပ်ခဲ့တာ ဆရာ့သူငယ်ချင်းပါ။ သူနဲ့က တစ်ယောက်အကြောင်း တစ်ယောက်သိပြီးသားဆိုတော့ သူကလည်း ကူညီဖို့ အဆင်သင့်ပဲ။ ဆရာက အလှူငွေရတာကို ပြန်သုံးခဲ့တာရှိသလို ပိုတဲ့အလှူငွေက ဆေးရုံအတွက် သိန်း ၄၆၀ လောက်ရှိတယ်။ အဲဒါကို ဘဏ်စာအုပ်ဖွင့်ပြီး မြောင်းမြဆေးရုံအတွက် ဆက်လက်စီစဉ်လို့ရအောင် ထားခဲ့ပါတယ်”ဟု ဆရာကဆိုသည်။

ပင်းတယမီးအိမ်ရှင်အဖြစ် လူသိများခဲ့သည့် ဒေါက်တာသန်းမင်းထွဋ်သည် သူတာဝန်ထမ်းဆောင်ခဲ့ရသည့် ပင်းတယမြို့တွင် ဘိုးဘွားရိပ်သာ၊ စာကြည့်တိုက် စသဖြင့် တည်ဆောက်ထားခဲ့သဖြင့် ပင်းတယမြို့တိုးတက်ဖွံ့ဖြိုးရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်နေဆဲဖြစ်သည်။ “ပင်းတယကို အခုထိ ဆရာသံယောဇဉ်မပြတ်တော့ ပင်းတယနဲ့ပတ်သက်ပြီးလည်း ဆက်လက်ဆောင်ရွက်နေတုန်းပဲ။ ပင်းတယမှာ ဆရာဆောက်ခဲ့တဲ့ ဘိုးဘွားရိပ်သာရှိတော့ ၂လ-၃လကြာရင် တစ်ခါသွားပြီး အဘိုးအဘွားတွေနဲ့ သွားတွေ့ရပါတယ်။ ဘိုးဘွားရိပ်သာအတွက် အလှူခံတာတွေ ကူညီတာတွေ ဆက်လုပ်ပေးနေပါတယ်။ ပင်းတယမှာ ရေတူးတဲ့အလုပ်တွေလည်း လုပ်နေတာကြောင့်

“ခူးမစားပါနဲ့ဆိုတာ ကိုယ်ကကူညီစရာရှိရင် ကူညီ၊ လုပ်စရာရှိရင် လုပ်ပေးလိုက်ပါ။ အဲဒါကို ကူညီခ၊ လုပ်ပေးခတောင်းနေရင် ခူးစားတာပဲ။ ကိုယ်က သူတစ်ပါးကိုကူညီပါ။ သူတို့ဆီက ကျေးဇူးတင်စကားတစ်ခွန်းတောင် မမျှော်လင့်ပါနဲ့။ မျှော်လင့်ပြီး ကူညီတာက ခူးစားတာပဲ။ ဘယ်တော့မှ ခူးမစားရဘူး။”

ဆရာပြောင်းပြီးတဲ့နောက်မှာ ၇ ရွာ-၈ ရွာလောက်ကို ရေရအောင်လုပ်ပေးနိုင်ခဲ့ပါပြီ။ ပင်းတယမှာ ဆရာထောင်ခဲ့တဲ့ မီးအိမ်ရှင်စာကြည့်တိုက်ဟာလည်း စာအုပ်ပေါင်း ၁၆၇၀၂ အုပ်နဲ့ ဆက်လက်လည်ပတ်နေပါတယ်”ဟု ဒေါက်တာသန်းမင်းထွဋ်ကဆိုသည်။

တာဝန်ထမ်းဆောင်ရာနေရာတိုင်းတွင် ပရဟိတစိတ်ထားအပြည့်ဖြင့် ဒေသအကျိုး ဖွံ့ဖြိုးတိုးတက်စေရန် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်လေ့ရှိသည့် ဒေါက်တာသန်းမင်းထွဋ်သည် မိဘမျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသော စကားသုံးခွန်းအတိုင်း ဘဝကိုရိုးသားကြိုးစားစွာ ဖြတ်သန်းနေကြောင်း သိရသည်။ “ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ပြင်ရွာမှာမွေးတဲ့အဖေရဲ့ အမေဒေါ်ကြင်ငွေက ဆရာ့အဖေဦးယုံရှိန် တိုင်းပညာရေးမှူးဖြစ်တော့ စကားသုံးခွန်းကို မှာခဲ့တယ်။ ဖေဖေဦးယုံရှိန်က ဆရာ့ကို ဆရာဝန်ဖြစ်တော့ ဒီစကားသုံးခွန်းထပ်မှာပြန်တယ်။ ဆရာက မျိုးရိုးစဉ်ဆက် မှာကြားခဲ့တဲ့ စကားသုံးခွန်းအတိုင်း ကျင့်သုံးလိုက်နာနေပါတယ်။

အဲဒီစကားသုံးခွန်းကတော့ –

(၁) ဘဝတစ်လျှောက်လုံးမှာ ထမင်းပူကို မစားပါနဲ့။ ထမင်းအေးကိုပဲ စားပါ။

ထမင်းပူဆိုတာ သူတစ်ပါးမျက်ရည်ပေါက်ကြီးငယ်ကျမှ စားရတဲ့ထမင်းကို ခေါ်တာပါ။ ဘယ်တော့မှ မစားမိပါစေနဲ့။ အခုအချိန် စားကောင်းချင်ကောင်းမယ်၊ သံသရာမှာ အလွန်ပူလောင်တတ်တယ်။ ထမင်းအေးဆိုတာကတော့ ကိုယ့်ကိုချစ်လို့၊ ခင်လို့၊ တန်ဖိုးထားလို့၊ ကြည်ညိုလို့ ကျွေးလာတဲ့ထမင်းပဲ။ ငပိရည်နဲ့ပဲစားရစားရ သံသရာမှာ အေးမြပါတယ်။

(၂) အသီးကိုစားမယ်ဆိုရင် ကြွေသီးကိုပဲစားပါ။ ဘယ်တော့မှ ခူးမစားပါနဲ့။

ကြွေသီးစားပါဆိုတာ ကိုယ့်ကိုချစ်လို့၊ ခင်လို့၊ ကြည်ညိုလို့ ကျွေးလာတဲ့အသီးကို စားပါလို့ဆိုလိုတာပါ။ ဒါပေမဲ့ ကြွေသီးတိုင်းလည်း မစားရဘူး။ ကြွေသီးပေမယ့် မစင်ပုံပေါ်ကျရင် မစားတော့ဘူးမဟုတ်လား။ ဒီလိုပဲ ကြွေသီးတော့ ကြွေသီး။ ကိုယ့်ကိုချစ်လို့၊ ခင်လို့၊ ကြည်ညိုလို့ လာပေးတယ်။ ဒါပေမဲ့ နောက်ကွယ်မှာ မျှော်လင့်ချက်တွေ ရလိုမှုတွေပါနေရင် မစားရဘူး။ မစားကောင်းပါဘူး။ ခူးမစားပါနဲ့ဆိုတာ ကိုယ်ကကူညီစရာရှိရင်ကူညီ၊ လုပ်စရာရှိရင် လုပ်ပေးလိုက်ပါ။ အဲဒါကို ကူညီခ၊ လုပ်ပေးခ တောင်းနေရင် ခူးစားတာပဲ။ ကိုယ်က သူတစ်ပါးကို ကူညီပါ။ သူတို့ဆီက ကျေးဇူးတင်စကားတစ်ခွန်းတောင် မမျှော်လင့်ပါနဲ့။ မျှော်လင့်ပြီးကူညီတာ ခူးစားတာပဲ။ ဘယ်တော့မှ ခူးမစားရဘူး။

(၃)တတိယစကားကတော့ – ချိုးငှက်လေးတွေ ခါငှက်လေးတွေဟာ မြေမှာနားပြီးပြန်သွားရင် ခြေရာထားခဲ့ကြတယ်။

ဒီလိုပါပဲ၊ ကိုယ်လည်း ဘယ်နေရာဘယ်ဒေသရောက်ရောက် ကိုယ်ပြန်ရင် ကိုယ့်ခြေရာကျန်ခဲ့ပါစေ။ ဒီလိုပါပဲ လူ့လောကကြီးကို လာခဲ့ကြတဲ့ ဆရာတို့ပြန်ရင် ဆရာ့ခြေရာတွေ ကျန်မှဖြစ်မယ်။

ဆရာတို့မိသားစုရဲ့ စကားကြီးသုံးခွန်းအတိုင်း ဆရာကပြည်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်၊ ပေါက်ခေါင်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်၊ ပင်းတယမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်၊ မြောင်းမြမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်၊ အခုပုသိမ်မှာ စသဖြင့် ဆရာတာဝန်ထမ်းဆောင်ရတဲ့ နေရာတွေမှာ ဆရာ့ခြေရာတွေ၊ ဆရာလုပ်ခဲ့တဲ့ အရာလေးတွေ ကျန်နေအောင် ဆရာအစွမ်းကုန် ကြိုးစားနေပါတယ်”

Most Popular

Healthy Life Ad
To Top