Healthy Life Ad
Health Tips

ခြေအိတ်မပါဘဲ ရှူးဖိနပ်စီးပြီးနောက် အသက်အန္တရာယ် ထိခိုက်စေသော ကူးစက်ပိုးဝင်ရှာသည့် မိန်းကလေး

ကိုထက်

ယူကေရှိ မိခင်တစ်ယောက်က သူရဲ့ လေးနှစ်အရွယ်သမီးလေးကို ခြေအိတ်မပါဘဲ ရှူးဖိနပ်စီးပေးခဲ့တဲ့အတွက် အသက်အန္တရာယ်ထိခိုက်စေတဲ့ ကူးစက်ပိုးဝင်ခဲ့ရကြောင်း တခြားသူတွေကို သတိပေးထားပါတယ်။ သမီးဖြစ်သူ ဆဲလ်နာက ခြေအိတ်စွပ်လေ့ရှိပေမယ့် ခြေအိတ်မစွပ်ဘဲ သွားလာလိုက်ချိန်မှာ ကူးစက်ပိုးဝင်ခဲ့ရတယ်လို့ မိ်ခင်ဖြစ်သူ ဂျိုဒီသောမတ်စ်က ဆိုပါတယ်။ ဈေးဝယ်ပတ်ပြီးနောက်တစ်နေ့မှာ သမီးဖြစ်သူက ငိုကြွေးနေတဲ့အတွက် စစ်ဆေးကြည့်တဲ့အခါ ခြေထောက်ကို ပျံ့သွားတဲ့ကူးစက်ပိုးကြောင့် ကိုယ်အပူချိန်မြင့်တက်နေခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

“သမီးက အဖျားတက်ပြီး တုန်နေတာနဲ့ ဆေးရုံကို ချက်ချင်းခေါ်သွားခဲ့ပါတယ်။ ဆရာဝန်တွေက သမီးကိုစမ်းသပ်ပြီး ပိုးဆိပ်သင့်ခြင်းဖြစ်တယ်၊ ခွဲစိတ်ဖို့လိုနိုင်တယ်လို့ ဆိုခဲ့ကြပါတယ်” လို့ ဂျိုဒီကဆိုပါတယ်။ ချားလ်စ်မင်းသားဆေးရုံမှာ ကုသမှုခံယူခဲ့တဲ့ သမီးလေးဆဲလ်နာက ကူးစက်ပိုးဝင်တဲ့ ခြေထောက်ကို ကုသမှုခံယူဖို့ နောက်ထပ်ငါးရက်လောက် ကြာဦးမှာဖြစ်ပြီး ခွဲစိတ်ကုသမှုကို ရှောင်နိုင်ခဲ့ပါတယ်။ မိခင်ဖြစ်သူဂျိုဒီကတော့ သမီးလေးရဲ့ ကူးစက်ပိုးဝင်တဲ့ ခြေထောက်ပုံတွေကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာတင်ပြီး တခြားမိဘတွေကို အခုလိုသတိပေးထားပါတယ်။

“မိဘတွေအနေနဲ့ ကလေးတွေကို ရှူးဖိနပ်အသစ်ကို မစီးပေးခင်မှာ ခြေအိတ်ကို စီးပေးသင့်ပါတယ်။ အခုတော့ ကျွန်မအနေနဲ့ ခြေအိတ်မစွပ်ဘဲ စီးပေးခဲ့မိတဲ့အတွက် ခြေဖဝါးအနာကတစ်ဆင့် ကူးစက်ပိုးဝင်သွားတာ ဖြစ်ပါတယ်” ယူကေ၊ ပိုးဝင်ခြင်းကုသမှုဆိုင်ရာစင်တာမှ ဒေါက်တာရွန်က “ဒီလိုပိုးဆိပ်သင့်တာက ဘယ်သူမဆို အချိန်မရွေး ဖြစ်နိုင်ပါတယ်။ ပိုးဝင်တဲ့ လက္ခဏာတွေကို သတိထားမိရင် ချက်ချင်း ဆေးရုံ၊ ဆေးခန်းကို လာပြသင့်ပါတယ်” လို့ ပြောထားပါတယ်။
အခုအခါမှာတော့ သမီးလေးဆယ်လ်နာဟာ ကူးစက်ပိုးဝင်မှုကနေ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ပါတယ်။

Ref;freedytv

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top