Healthy Life Ad
International

မိခင်ဖြစ်သူ ကင်ဆာဖြင့် သေဆုံးခဲ့ပြီး သားဖြစ်သူလည်း ကင်ဆာကြောင့် ခြေထောက်ဖြတ်ရ

ကိုထက်

အသက် ၁၃ နှစ်အရွယ် အိုလေးဟာ အမေရိကန်ဘောလုံးအားကစားဝါသနာရှင်လေး တစ်ဦးဖြစ်ပေမဲ့ သူ့ဝါသနာကို တားဆီးတဲ့အရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ အိုလေးဟာ ဖြစ်ခဲလှတဲ့ အရိုးကင်ဆာ ဖြစ်ပွားခဲ့ပြီးနောက် ခြေထောက်တစ်ဖက်ကို ဖြတ်လိုက်ရပါတယ်။ အိုလေးရဲ့မိခင်ဟာ ၂၀၁၂ ခုနှစ် အသက် ၄၂ နှစ်အရွယ်မှာ ရင်သားကင်ဆာနဲ့ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။ အိုလေးမှာ ကင်ဆာဖြစ်နေကြောင်းကို သိလိုက်ရချိန်မှာ အဖေဖြစ်သူစတီဗန်အတွက် ဒုတိယအကြိမ် ခက်ခဲတဲ့အချိန်တွေကို ထပ်မံကြုံတွေ့လိုက်ရတာ ဖြစ်ပါတယ်။

“ကျွန်တော်ဘဝတစ်လျှောက်လုံးမှာ အခက်ခဲဆုံးကတော့ ကျွန်တော့်သားနှစ်ယောက်ကို သူတို့အမေမရှိတော့ဘူးဆိုတာနဲ့ အိုလေးမှာ ကင်ဆာဖြစ်နေပြီဆိုတာကို ပြောပြဖို့ပါပဲ၊ ကျွန်တော်ကိုယ်တိုင်လည်း သူ့အမေတုန်းက ဖြစ်ပျက်ခဲ့သမျှတွေ အကုန်လုံးကို နောက်တစ်ခါ ပြန်ကြုံရဦးမှာလားဆိုပြီး စိတ်ဓာတ်အလွန်ကျခဲ့ပါတယ်” လို့ စတီဗန်က ပြောခဲ့ပါတယ်။

အိုလေးဟာ အစပိုင်းမှာ သူ့ရဲ့ညာခြေဟာ တဖြည်းဖြည်းနာကျင်လာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူဟာ ဘောလုံးအားကစားနည်းနဲ့ တခြားပြေးခုန်ပစ်အားကစားတွေကို ဆက်လက် ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နာကျင်မှု အရမ်းကိုဆိုးလာတဲ့အတွက် စစ်ဆေးမှုတွေပြုလုပ်ခဲ့ရပါတယ်။ အဲ့ဒီအခါမှာ အိုလေးဟာ အရိုးကင်ဆာဖြစ်ပွားနေကြောင်း သိခဲ့ရပါတယ်။ ဒီကင်ဆာအမျိုးအစားဟာ အင်္ဂလန်နိုင်ငံအတွင်းမှာ နှစ်စဉ် လူ ၅၅၀ခန့်ဖြစ်ပွားလျက်ရှိပြီး အမေရိကန်နိုင်ငံမှာ နှစ်စဉ် လူ ၉၀ဝ ခန့်ဖြစ်ပွားလျက် ရှိတယ်လို့ သိရပါတယ်။

ဆရာဝန်တွေက အိုလေးရဲ့ ခြေထောက်အရိုးတွေကိုထုတ်ပစ်ပြီး သတ္တုအရိုးတုတွေ ပြန်ထည့်လို့ရကြောင်း ပြောပြခဲ့ပြီး ခြေထောက်ဖြတ်ပစ်ဖို့ မလိုအပ်ကြောင်း အကြံပြုခဲ့ပါတယ်။ ဒီလိုလုပ်မယ်ဆိုရင်တော့ အိုလေးဟာ တချို့သောလှုပ်ရှားမှုတွေကို ပြုလုပ်လို့ ရမှာမဟုတ်ဘဲ အကန့်အသတ်တွေ ရှိလာမှာဖြစ်တဲ့အတွက် အိုလေးဟာ သူ့ခြေထောက်ကို ဖြတ်ပစ်ဖို့သာ တောင်းဆိုခဲ့ပါတယ်။

“ကျွန်တော့်တသက်လုံး အမေရိကန်ဘောလုံးကစားတာတော့ ပြန်ကစားနိုင်မှာ မဟုတ်တော့တဲ့အတွက် ခေါင်းထဲက ထုတ်လိုက်ပြီးပါပြီ၊ ကျွန်တော် အခုခေါင်းထဲမှာ ရှိနေတာက ကိုယ်လက်အင်္ဂါ မပြည့်စုံတဲ့သူတွေပြိုင်တဲ့ မသန်စွမ်းအားကစားပွဲတွေကို ဘယ်လိုဝင်ပြိုင်ရမလဲဆိုတာပဲ” လို့ အလွန်စိတ်ဓာတ်ကြံ့ခိုင်ပြီး အားကစားဝါသနာပါတဲ့ အိုလေးက ပြောပြခဲ့ပါတယ်။ အိုလေးနဲ့ ဖခင်ဖြစ်သူထံမှ အတည်ပြုချက်ရရှိပြီးနောက် အိုလေးကို ခြေထောက်ဖြတ်ခဲ့ပါတယ်။ ဒီလိုဖြတ်လိုက်တဲ့အတွက် ကင်ဆာအကျိတ်ကတော့ လုံးဝကို အရှင်းပါသွားတဲ့အတွက် ကုသရေးမှာပိုမိုထိရောက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

“အိုလေးက တကယ့်သူရဲကောင်းလေးပါပဲ၊ သူ့ဆုံးဖြတ်ချက်တွေနဲ့ ရည်ရွယ်ချက်တွေက အရမ်းကို ပြတ်သားပါတယ်၊ ကင်ဆာဆေးသွင်း ကုသမှုတွေပြုလုပ်တော့လည်း ဆံပင်တွေကျွတ်ကုန်တာကလွဲရင် နည်းနည်းလေးတောင် ပင်ပန်းတာတွေ ဝေဒနာတွေ မဖြစ်ပွားခဲ့ပါဘူး” လို့ ကုသမှုပြုလုပ်ပေးခဲ့တဲ့ ဆရာဝန်တွေက ပြောပြခဲ့ပါတယ်။

အိုလေးရဲ့ ကုသမှုတွေအတွက် ငွေကြေးလိုအပ်ချက်တွေ ရှိတဲ့အတွက် အိုလေးရဲ့အဖေဖြစ်သူ စတီဗန်က အပျော်တန်းလက်ဝှေ့စိန်ခေါ်ပွဲတစ်ပွဲ သွားရောက်ယှဉ်ပြိုင် ထိုးသတ်ခဲ့ပါသေးတယ်။ ပြိုင်ပွဲမှာ သရေရလဒ် ဖြစ်ခဲ့ပေမယ့် အင်္ဂလန်နိုင်ငံ ကင်ဆာလေ့လာရေးအဖွဲ့မှာ ထောက်ပံငွေတွေ ပေးခဲ့ပါတယ်။ အိုလေးရဲ့ ဘောလုံးအသင်းဟောင်းမှ သူငယ်ချင်းတွေကလည်း ဆံပင်မရှိတဲ့အိုလေးကို အားပေးတဲ့အနေနဲ့ ကတုံးလိုက်တုံးကာ အကူငွေတွေ ကူညီကောက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

Ref;DM6

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top