Healthy Life Ad
Q & A

၀မ်းမည်းမည်းသွားစေနိုင်သည့် ရောဂါများ (Melena)

Q. ဘယ်လိုလူတွေမှာ ဝမ်းမည်းမည်းသွားတာ ဖြစ်တတ်ပါသလဲ ဆရာ။

ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

A. ဝမ်းမည်းမည်းသွားတာက အသက် ၂၄-၂၅ နှစ်ကနေ ၆၀-၇၀ အထိဖြစ်နိုင်ပါတယ်။ ဒီလူနာတွေကို နေ့စဉ်နီးပါးတွေ့ရပါတယ်။ အထူးသဖြင့် ရန်ကုန်ဆေးရုံကြီးမှာ တစ်နေ့တစ်နေ့ လူနာ၁၀ယောက်လောက် ရှိပါတယ်။ အဓိက အသည်း၊ အစာအိမ်ရောဂါ (PU)နဲ့ သွေးကြောပေါက်တာတွေကြောင့် လာတာများပါတယ်။ နယ်မှာ သိပ်အဖြစ်မများပေမယ့် ရန်ကုန်မှာ အတွေ့ရများတာက ကျောက်ကပ်မကောင်းလို့ ကျောက်ကပ်ဆေးနေရတဲ့ လူနာတွေကလည်း ဝမ်းမည်းမည်းပါတာနဲ့အတူ သွေးအန်တတ်ပါတယ်။ ဒီလိုလူနာရှိတဲ့ Ward ထဲကိုသွားလိုက်ရင် ဆရာဝန်တွေ သိပါတယ်။ ဝမ်းမည်းမည်းသွားတာနဲ့ ဆက်စပ်နေတဲ့ ရောဂါဝေဒနာတွေက အစာရေမျိုပြွန်အောက်ပိုင်း (Lower Oesophagus)နဲ့ အစာအိမ်၊ အူသိမ်ဦးတွေမှာ ဖြစ်တဲ့ရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။ ဝမ်းမည်းမည်းသွားတဲ့ အခြေအနေကို မပေါ့ဆပါနဲ့လို့ ပြောချင်ပါတယ်။

Q. ဝမ်းမည်းမည်းသွားတာနဲ့ ဆက်စပ်ပြီး အဖြစ်များဆုံးရောဂါတွေကို သိပါရစေ ဆရာ။

A. (၁) ဝမ်းမည်းမည်းသွားတာနဲ့ ဆက်စပ်ပြီး အဖြစ်အများဆုံးရောဂါက အစာအိမ်အနာ(Peptic Ulcer) ပဲ ဖြစ်ပါတယ်။ အစာအိမ်မှာဖြစ်တဲ့ Gastric Ulcer ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အူသိမ်ဦးမှာ ဖြစ်တဲ့ Duodenal Ulcer ကြောင့်လည်း ဖြစ်တတ်ပါတယ်။ အဲဒီမှာအနာဖြစ်ပြီး သွေးစိမ့်ထွက်ရင် ဝမ်းမည်းမည်း သွားတတ်ပါတယ်။

(၂) နံပါတ်နှစ်အဖြစ်များဆုံးက Oesophageal Varices ဆိုတာပဲ ဖြစ်ပါတယ်။

(၃) နောက်ထပ်အဖြစ်များတာကတော့ သွေးကြောပေါက်တာ(Erosion) ကြောင့် ဖြစ်တတ်ပါတယ်။ Erosionက အကိုက်အခဲပျောက်ဆေး (NSAIDs) တွေအများကြီးသောက်တာ၊ စတီးရွိုက်တွေ များများသောက်တာ တွေကြောင့် ဖြစ်တတ်ပါတယ်။ တချို့လူတွေဆိုရင် ဘာမှန်းမသိဘဲ အကိုက်အခဲပျောက်ဆေးတွေ ပါနေတဲ့ မြန်မာဆေးတွေကို အများကြီး သောက်လိုက်မိတာကြောင့် သွေးကြောပေါက်ထွက် တတ်ပါတယ်။ တစ်ခါတလေ အရက်ကို အများကြီးသောက်လိုက်ရင်လည်း အစာအိမ်နဲ့ အူသိမ်ဦးမှာ သွေးကြောပေါက်တတ်ပါတယ်။

(၄) နောက်ဆုံး ဖြစ်တတ်တာက အစာအိမ်ကင်ဆာပါ။ အစာအိမ်ကင်ဆာဖြစ်ရင် သွေးစိမ့်ထွက်ပြီး ဝမ်းမည်းမည်းသွားတတ်ပါတယ်။

Q. သံဓာတ်ပါတဲ့ ဆေးသောက်ရင်လည်း ဝမ်းမည်းတယ်လို့ ဆိုကြပါတယ်။ မှန်ပါသလား ဆရာ။

A. သံဓာတ်(Iron)ပါတဲ့ ဆေးသောက်တာက ဝမ်းအရောင်ကိုမည်းစေပါတယ်။ ကလီစာတွေ၊ အသည်းအမြစ်တွေ ဝမ်းမည်းတတ်ပါတယ်။ တချို့ဟင်းရွက်တွေကို များများစားရင်လည်း ဝမ်းအရောင်မည်းတတ်ပါတယ်။ ဒါပေမဲ့ ဒါက

“စအိုကနေ သွေးတွေ တောက်တောက်တောက်တောက်နဲ့ ကျတာကတော့ လိပ်ခေါင်းဖြစ်တာပါ။ ဝမ်းမည်းမည်းသွားတာက အစာအိမ်ကနေ သွေးယိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်က ဝမ်းမည်းမည်းသွားနေပြီ၊ ကတ္တရာစေးလိုလည်း စေးကပ်နေတယ်၊ အနံ့လည်း အရမ်းနံတယ်ဆိုရင် ဝမ်းမည်းမည်းသွားတဲ့ အခြေအနေကို မပေါ့ဆပါနဲ့” . . .

ဝမ်းအရောင်ပဲမည်းတာပါ။

Melena ရဲ့ သဘောသဘာဝကျတော့ ဝမ်းမည်းရုံတင်မကဘူး၊ ဝမ်းက ကတ္တရာစေးလို စေးကပ်နေတတ်ပါတယ်။ ရေလောင်းလိုက်ရင်တောင် စေးကပ်နေတတ်ပါတယ်။ ပြီးတော့ အရမ်းနံပါတယ်။ သွေးညှီနံ့လို အနံ့မျိုး ရတတ်ပါတယ်။ အရင်ဆုံး လူနာကို ရာဇဝင်စမေးရပါတယ်။ လူနာကို ဘာရောဂါရှိဖူးသလဲလို့မေးလိုက်လို့ အစာအိမ်ရောဂါရှိဖူးတယ်။ နဂိုကတည်းက Peptic Ulcer ရှိဖူးတယ်၊ အခု အစားအသောက်မမှန်ဘူးဆိုရင် ဒီရောဂါကြောင့် ဝမ်းမည်းမည်းသွားတာဖြစ်နိုင်တယ်။နောက်တစ်ချက်က အသည်းရောင်အသားဝါ ဘီပိုးရှိတယ်၊ စီပိုးရှိတယ်၊ အသည်းခြောက်တယ်ဆိုရင် Oesophageal Varices ကြောင့် ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက ခါးကိုက်တယ်၊ ဒူးနာတယ်၊ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေကို သောက်နေတာကြာပြီ၊ ဒါမှမဟုတ် မြန်မာဆေးတွေကို လေးငါးခြောက်ပတ်လောက်စွဲသောက်နေတယ်၊ အခု ဝမ်းမည်းမည်း သွားတယ်ဆိုရင် သွေးကြောပေါက်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း အစားအသောက် ပျက်နေတာကြာပြီ၊ ပိန်တာကြာပြီ၊ လည်ပင်းအကျိတ်လည်း ထွက်လာတယ်ဆိုရင် အစာအိမ်ကင်ဆာကို သံသယ ရှိပါတယ်။ ပြီးတော့ သံဓာတ်ပါတဲ့ ဆေးတွေသောက်ထားသလားလို့လည်း မေးပါတယ်။ သံဓာတ်ပါတဲ့ ဆေးတွေသောက်ရင်တော့ ဒီလိုမျိုးဝမ်းက စေးကပ်တာ၊ အနံ့နံတာမျိုး မရှိပါဘူး။

စအိုကနေ သွေးတွေ တောက်တောက်တောက်တောက်နဲ့ ကျတာကတော့ လိပ်ခေါင်းဖြစ်တာပါ။ ဝမ်းမည်းမည်းသွားတာက အစာအိမ်ကနေ သွေးယိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်က ဝမ်းမည်းမည်းသွားနေပြီ၊ ကတ္တရာစေးလိုလည်း စေးကပ်နေတယ်၊ အနံ့လည်း အရမ်းနံတယ်ဆိုရင် ဝမ်းမည်းမည်းသွားတဲ့ အခြေအနေကို မပေါ့ဆပါနဲ့၊ ဆရာဝန်နဲ့ သွားပြပါလို့ ပြောချင်ပါတယ်။

Q. ဝမ်းမည်းမည်းသွားတာနဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံပညာပေးလိုတာရှိရင် ပြောပြပေးပါ ဆရာ။

A. လူတွေက သွေးအန်တယ်ဆိုရင် ကြောက်ပေမယ့် ဝမ်းမည်းမည်းသွားတယ်ဆိုရင် ပေါ့ဆတတ်ပါတယ်။ ဝမ်းမည်းမည်းသွားတာက ကတ္တရာစေးလို စေးကပ်ပြီး အနံ့လည်း အရမ်းနံတယ်၊ ဝမ်းမည်းမည်းသွားတာ သေချာတယ်ဆိုရင်တော့ ဆေးရုံကိုအမြန်ဆုံး သွားပြဖို့ အကြံပြုလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top