Healthy Life Ad
Life Style

ပခုံးအဆစ်ပြုတ်သွားခြင်း (Dislocation Shoulder)

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. အဆစ်ပြုတ်သွားတဲ့အကြောင်း သိပါရစေ ဆရာ။

ဖြေ. အဆစ်ပြုတ်တယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ ရှိသမျှ အဆစ်တွေ အကုန်လုံးက ပြုတ်နိုင်တဲ့ အဆစ်တွေပါပဲ။ သိပ်ခိုင်ပါတယ်ဆိုတဲ့ တင်ပါးဆုံအဆစ်တွေလည်း ပြုတ်နိုင်ပါတယ်။ လည်ပင်းရိုးနဲ့ ခါးရိုးအဆစ်တွေလည်း ပြုတ်နိုင်တာတွေ၊ ကျိုးနိုင်တာတွေရှိပါတယ်။ ဆိုလိုတာကတော့ ခန္ဓာကိုယ်မှာရှိတဲ့ အဆစ်မှန်သမျှဟာပြုတ်နိုင်ပါတယ်။ အဲဒီအထဲကမှ အများဆုံးကတော့ ပခုံးအဆစ်ပြုတ်တာပဲ ဖြစ်ပါတယ်။

ပခုံးအဆစ်က ခန္ဓာကိုယ်ထဲမှာ ရှိသမျှအဆစ်တွေထဲမှာ လွတ်လွတ်လပ်လပ်နဲ့ လှုပ်ရှားမှုအလုပ်နိုင်ဆုံး အဆစ်ဖြစ်ပါတယ်။ အရှေ့ကိုလည်း လွှဲလို့ရတယ်၊ အနောက်ကိုလည်း လွှဲလို့ရတယ်၊ ပတ်ပတ်လည်လည်း လွှဲလို့ရတယ်၊ လွတ်လွတ်လပ်လပ် လှုပ်ရှားမှုအများဆုံး လုပ်လို့ရတဲ့ အဆစ်ပါ။ ဒါက ကောင်းကျိုးဖြစ်ပေမယ့် ကောင်းကျိုးနဲ့ ဆိုးကျိုးတွဲနေတယ်လို့ပြောရမှာပါ။ ဒီအဆစ်က အများဆုံးလှုပ်ရှားလို့ရအောင် ဘာကိုပေးဆပ်ရသလဲဆိုတော့ ခိုင်ခံ့တည်မြဲမှု (Stability)ကို ပေးဆပ်လိုက်ရပါတယ်။ လက်ပြင်ရိုးအဆစ်သေးသေးပါးပါးလေးနဲ့ ကြီးမားတဲ့ လက်မောင်းရိုးထိပ်က လာဆက်နေပါတယ်။ ဒါက ဘာနဲ့အလားတူသလဲဆိုရင် လက်ဖက်ရည်ပန်းကန်လုံးအောက်မှာခံထားတဲ့ ပန်းကန်ပြားလေးထဲကို လူကြီးတွေကန်တဲ့ ဘောလုံးကြီးလာထည့် ထားသလိုဖြစ်နေပါတယ်။

ဒီလိုအခြေအနေ ဖြစ်နေတဲ့အတွက်ကြောင့် သူ့ရဲ့လှုပ်ရှားမှုက အများကြီး လှုပ်ရှားမှုပြုလုပ်လို့ရပေမယ့်လည်း သူ့ရဲ့ခိုင်ခံ့မှုကတော့ နည်းပါးတဲ့ သဘာဝရှိနေပါတယ်။ ပုံမှန်အားဖြင့် ဒီအခြေအနေမျိုး ရှိနေပေမယ့်လည်း အဆစ်လှုပ်ရှားမှုပြုတိုင်းမှာ အဆစ်ပြုတ်မသွားအောင် အရွတ်တွေက ထိန်းထားပေးရပါတယ်။ နောက်ပြီး ပခုံးကြွက်သားတွေကလည်း အတိုင်းအတာတစ်ခုအထိ ခိုင်ခန့်မှုရရှိအောင် ထိန်းထားပေးပါတယ်။ ဒီလိုထိန်းထားတာတွေရှိပေမယ့် သဘာဝရဲ့ဖန်တီးမှုအရ သူ့ရဲ့ခိုင်ခံ့မှုက နည်းပါးပြီး အပြုတ်အများဆုံးအဆစ် ဖြစ်လာပါတယ်။

မေး. ဘယ်လိုအရွယ်တွေမှာ ပခုံးအဆစ်ပြုတ်ထွက်မှု အဖြစ်များပါသလဲ ဆရာ။

ဖြေ. အများအားဖြင့်တော့ အဆစ်ပြုတ်တယ်ဆိုတာ လူကြီးတွေမှာ ဖြစ်တတ်တဲ့ ပြဿနာဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲဆိုရင် လက်ထောက်လဲတာ၊ ပခုံးအနောက်မှာ ထောက်နေတာ၊ တစ်ခါတလေမှာ လက်ကိုမြှောက်ပြီး နောက်ကိုလှန်လိုက်တာမျိုးတွေမှာ ပခုံးအဆစ်က ပြုတ်သွားတတ်ပါတယ်။ ပခုံးအဆစ်ပြုတ်သွားရင် ပခုံးအဆစ်ဘေးပတ်ပတ်လည်မှာ ထိန်းထားတဲ့ အရွတ်တွေပြဲသွားတာတွေ၊ ကြွက်သားပြဲသွားတာတွေ ဖြစ်တတ်ပါတယ်။

ပခုံးအဆစ်ပြုတ်ရင် အတော်လေးနာပါတယ်။ လူနာက ရောက်လာရင် အတော်လေးနာနေပြီး ပခုံးအဆစ်ကို လုံးဝအထိမခံနိုင်ပါဘူး။ အဆစ်ပြုတ်တာက အတော်လေးနာတဲ့အတွက် လူနာတွေက ဆေးရုံကို ချက်ချင်းပဲ ရောက်လာတတ်ကြပါတယ်။ ပခုံးရဲ့ပုံစံက ပုံမှန်ဆိုရင် ဝိုင်းပါတယ်။ လုံးလုံးလေးဖြစ်နေပါတယ်။ အဆစ်ပြုတ် သွားပြီဆိုရင် . . .

မေး. ပခုံးအဆစ်ပြုတ်ရင် ဘယ်လိုလက္ခဏာတွေကို ပြတတ်ပါသလဲ ဆရာ။

ဖြေ. ပခုံးအဆစ်ပြုတ်ရင် အတော်လေးနာပါတယ်။ လူနာက ရောက်လာရင် အတော်လေးနာနေပြီး ပခုံးအဆစ်ကို လုံးဝအထိမခံနိုင်ပါဘူး။ အဆစ်ပြုတ်တာက အတော်လေးနာတဲ့အတွက် လူနာတွေက ဆေးရုံကို ချက်ချင်းပဲရောက်လာတတ်ကြပါတယ်။ ပခုံးရဲ့ပုံစံက ပုံမှန်ဆိုရင် ဝိုင်းပါတယ်။ လုံးလုံးလေးဖြစ်နေပါတယ်။ အဆစ်ပြုတ်သွားပြီဆိုရင် အဆစ်က အရှေ့ကိုလည်း ရောက်လာတယ်။ အောက်ကိုလည်း ကျသွားတာကို တွေ့ရပါတယ်။ ပခုံးနေရာမှာ လုံးလုံးလေး မရှိတော့ဘဲ ပြားသွားပါတယ်။ Squaring of Shoulder လို့ခေါ်ပါတယ်။ နောက်တစ်ခုက အဆစ်တစ်ခုက အောက်ကိုကျသွားတဲ့အတွက် လက်နှစ်ဖက်ကို ယှဉ်ကြည့်လိုက်ရင် အဆစ်ပြုတ်နေတဲ့ဘက်က တံတောင်ဆစ်ကအောက်ကိုလည်း နည်းနည်းကျနေပြီး လက်က ပိုရှည်နေတတ်ပါတယ်။ နောက်လက္ခဏာတစ်ခုက တံတောင်ဆစ်က ခန္ဓာကိုယ်နဲ့ ကပ်လို့မရတော့ပါဘူး။ ဘေးကို ထွက်နေပါတယ်။

မေး. ပခုံးအဆစ်ပြုတ်ရင် ဘယ်လိုစမ်းသပ်မှုတွေလုပ်ရပါသလဲ ဆရာ။

ဖြေ. ဓာတ်မှန်ရိုက်ကြည့်လိုက်ရင် တွေ့ရပါတယ်။ ဓာတ်မှန်ရိုက်ကြည့်လိုက်ရင် အဆစ်ပြုတ်တာတင် မကပါဘူး။ တစ်ခါတလေ ပခုံးအရိုးတွေပါ ကျိုးနေတာရှိတတ်ပါတယ်၊ အဲဒီလို Associated Fracture တွေကို တွေ့နိုင်ပါတယ်။ တခြားတွဲဖြစ်တတ်တဲ့ အခြေအနေတွေကိုလည်း သိနိုင်ပါတယ်။ အဆစ်ပြုတ်ပြီဆိုရင် အာရုံကြောလေးတစ်ခုကို ထိသွားတတ်ပါတယ်။ အဲဒါကတော့ ဂရုစိုက်ရပါတယ်။ အဲဒီအာရုံကြောကို ထိခိုက်သွားရင် ပခုံးကြွက်သား (Dentoid)တွေ အားလျော့သွားတတ်ပါတယ်။ အဆစ်ပြုတ်ပြီဆိုရင် အဲဒီအာရုံကြောလေး ထိခိုက်မှု ရှိ၊ မရှိဆိုတာတော့ နည်းနည်းလေး စစ်ဆေးပေးရပါတယ်။

မေး. ပခုံးအဆစ်ပြုတ်တဲ့ပုံစံတွေကို သိပါရစေဆရာ။

ဖြေ. ပခုံးအဆစ်က ပြုတ်တယ်ဆိုရင် ပုံစံအမျိုးမျိုးနဲ့ ပြုတ်နိုင်ပါတယ်။ ခုနကပြောခဲ့တာတွေကတော့ အရှေ့ကိုပြုတ်တာ (Anterior Dislocation) ဖြစ်ပါတယ်။ ဒါက အဖြစ်အများဆုံးဖြစ်ပါတယ်။ တခြားပြုတ်တတ်တဲ့ ပုံစံတွေလည်းရှိပါတယ်။ အဆစ်ကအောက်ကိုလည်း ပြုတ်သွားတတ်တယ် (Inferior Dislocation) လို့ခေါ်ပါတယ်။ နောက်တစ်ခုကတော့ အနောက်ကိုပြုတ်သွားတတ်တယ် (Post erior Dislocation) လို့ခေါ်ပါတယ်။ အပေါ်ကို ပြုတ်သွားတာကို (Superior Dislocation) ဆိုပြီး အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

မေး. ပခုံးအဆစ်ပြုတ်တာကို ဘယ်လိုကုသရမလဲ ဆရာ။

ဖြေ. ကုသမှုအပိုင်းကို ပြောမယ်ဆိုရင်တော့ အဆစ်တွေမှာ ဘယ်လိုအဆစ်ပဲ ပြုတ်ပြုတ်၊ ဘယ်လိုအပိုင်း ပဲပြုတ်ပြုတ် မြန်မြန်ပြန်သွင်းဖို့ လိုပါတယ်။ မြန်မြန်သွင်းတဲ့အတွက်သွင်းရတာလည်း လွယ်ကူတယ်၊ တခြား ပြဿနာတွေဖြစ်နိုင်ခြေကလည်း လျော့နည်းသွားပါတယ်။ အဆစ်ပြုတ်တဲ့အခါမှာ လူနာက ချက်ချင်းရောက်လာတယ်ဆိုရင် အများအားဖြင့် မေ့ဆေးတွေ၊ ထုံဆေးတွေဘာမှမလိုဘဲ အဆစ်ကိုမှန်ကန်အောင် ပြန်သွင်းပေးလို့ရပါတယ်။ အခက်အခဲမရှိဘဲ လွယ်လွယ်ကူကူနဲ့ ကုသနိုင်ပါတယ်။ အဆစ်ပြုတ်တာက နည်းနည်းကြာနေပြီဆိုရင်တော့ မေ့ဆေးပေးပြီးမှ လုပ်ရတာမျိုးရှိလာပါတယ်။ အဆစ်တွေကို ပြန်ထည့်တဲ့ နည်းတွေကတော့ အများကြီးရှိပါတယ်။

ဘယ်နည်းကိုပဲသုံးသုံး အရိုးတွေ၊ အဆစ်တွေကို ကိုင်တွယ်တဲ့အခါမှာ ကြမ်းကြမ်းတမ်းတမ်းပြန်သွင်းတာမျိုး၊ ခွန်အားသုံးပြီး ပြန်သွင်းတာမျိုးတွေ မလုပ်ရပါဘူး။ အဆစ်မှာရှိတဲ့ အရိုးနုတွေကို ထိခိုက်နိုင်ပါတယ်။ ညင်ညင်သာသာနဲ့လည်းလုပ်တယ်၊ မေ့ဆေးတွေနဲ့ ပေးပြီးလုပ်တာကို အဆစ်ကပြန်မဝင်ဘူးဆိုရင် ခွဲစိပ်ကုသပြီးတော့ အဆစ်ကို ပြန်ထည့်ပေးရပါတယ်။ အတင်းကြီးဖိဆွဲတာ၊ ဖိတွန်းတာတွေ မလုပ်ရပါဘူး။ ဒီအဆစ်ကိုပြန်သွင်းလို့ဝင်သွားတာနဲ့ လူနာလည်း ချက်ချင်း အနာသက်သာသွားပါတယ်။ အဲဒီလို အဆစ်ပြန်ဝင်ပြီးသွားရင် ပခုံးကို အနားပေးရပါတယ်။ ပြဲသွားတဲ့အရွတ်တွေ ကြွက်သားတွေ ပုံမှန်ဖြစ်သွားအောင် အချိန်ပေးရပါတယ်။ ပခုံးကိုမလှုပ်အောင် သိုင်းကြိုး ဒါမှမဟုတ် ပတ်တီးစီးထားတာမျိုးနဲ့ အရွတ်တွေ၊ ကြွက်သားတွေ ပြန်ခိုင်သွားအောင်၊ မြဲသွားအောင် အနားပေးထားရပါတယ်။

မေး. အဆစ်ပြုတ်တာက ပြန်ဖြစ်နိုင်ခြေရှိပါသလား ဆရာ။

ဖြေ. ပထမအကြိမ် အဆစ်လွဲတာက အသက်ငယ်ငယ်၂၅ နှစ်အောက်လောက်မှာဖြစ်တယ်ဆိုရင် အဆစ်ပြန်ပြန်ပြုတ်နိုင်တဲ့ နှုန်းဟာ ၅၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အသက်ကြီးသွားတာနဲ့အမျှ ပြန်ဖြစ်နိုင်တဲ့နှုန်းက လျော့သွားပါတယ်။ တစ်ခါအဆစ် ပြုတ်ထားတဲ့သူဟာ နောက်ထပ်ပြန်ပြုတ်နိုင်တဲ့အတွက် သတိထားရပါတယ်။ နှစ်ပတ်၊ သုံးပတ်လောက်ကြာမှ လေ့ကျင့်ခန်းတွေ ပြန်လုပ်ခိုင်းပြီး လှုပ်ရှားမှုတွေ ပြန်လုပ်ပေးရပါတယ်။ လူနာကိုတော့ ပခုံးကိုမြှောက်ပြီး နောက်ကိုလှန်တဲ့ အပြုအမူမျိုးတွေ မလုပ်ဖြစ်အောင်၊ ခဲတွေနဲ့ပေါက်တဲ့ပုံစံမျိုးတွေ၊ မော်တော်ကားရှေ့မှာ စီးနေတုန်း နောက်ခန်းမှာရှိတဲ့ ပစ္စည်းကို လက်လှမ်းယူတဲ့ပုံစံမျိုးတွေ မလုပ်ဖြစ်ဖို့ သတိပေးရပါတယ်။

မေး. ပခုံးအဆစ်ပြုတ်တာနဲ့ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် ပြောပြပေးပါ ဆရာ။

ဖြေ. လူနာတွေကို ပြောချင်တာကတော့ အဆစ်ပြုတ်တယ်ဆိုရင် ဆေးရုံကိုချက်ချင်းလာပြတာ အကောင်းဆုံးပါ။ ကြာလေလေ၊ ခက်လေလေ၊ ပိုပြီးပြဿနာ တက်လေလေဆိုတာလေးကို ပြောပြချင်ပါတယ်။ အဆစ်ပြန်ပြုတ်တဲ့ အခြေအနေက အရမ်းဆိုးလာတယ်၊ အလုပ်မလုပ်နိုင်လောက်အောင်ကို ခဏခဏပြုတ်လာပြီဆိုရင် ခွဲစိတ်ပြီး ပြန်မဖြစ်အောင် လုပ်ပေးရတာတော့ ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top