Healthy Life Ad
Life Style

ကားမှန်အပြင်ဘက်သို့ လက်ထုတ်စီးခြင်းကြောင့် ဖြစ်ရသော ထိခိုက်ဒဏ်ရာများ

Q. ကားစီးတဲ့အခါ လက်တွေ၊ ခြေထောက်တွေ အပြင်ထုတ်စီးတာကြောင့်ဖြစ်တတ်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို ပြောပြပေးပါ ဆရာ။

ပါမောက္ခဦးနေဝင်း အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

A. ကားစီးရင် ကားမှန်တွေကို ပိတ်ထားသင့်ပါတယ်။ ကားမှန်ဖွင့်ထားရင်လည်း လက်ထုတ်တာ၊ ခေါင်းထွက်တာမျိုး မဖြစ်သင့်ပါဘူး။ တစ်ခါကြုံဖူးတာဆိုရင် လူကအိပ်ငိုက်ပြီး ခေါင်းကပြတင်းပေါက် အပြင်ဘက်ကို ထွက်နေတာ။ ကားနှစ်စီးလည်း ပွတ်မိရော မျက်နှာတစ်ခြမ်းပါသွားပြီး နေရာမှာတင် သေသွားတာဖြစ်ဖူးပါတယ်။

တချို့လူတွေက ကားစီးရင် လက်ကိုအပြင်ထုတ်စီးတာ၊ တချို့လည်းကားမောင်းရင် ပြတင်းပေါက်ဘောင်ပေါ် လက်တံတောင် တင်ပြီးစီးကြတယ်။ အဲဒီလိုနဲ့ ကားတိုက်မှုလည်းဖြစ်ရော တံတောင်ဆစ်ကြီး ကြေသွားရော၊ အရိုးရော၊ အဆစ်ရော ကြေသွားပါတယ် . . အဲဒါကို ဆရာတို့က Side Swipe လို့ ခေါ်ပါတယ်။ အဲဒီလိုဖြစ်ရင် တော်တော်ဆိုးဆိုးရွားရွားဖြစ်ပြီး ကုသရအတော်လေးခက်ခဲပါတယ်။

တစ်ခါ ဆရာစစ်တွေမှာ တာဝန်ကျတုန်းက ကောင်မလေးတစ်ယောက်က လက်ကိုအပြင်ထုတ်ကားစီးတာ ကားတိုက်မိတော့ လက်ကြေသွားပြီး ဆရာ့ဆီရောက်လာတယ်။ ရောက်လာတော့ အကောင်းအတိုင်း မရတော့ဘူး၊ ပခုံးနားကနေကပ်ပြီး ဖြတ်လိုက်ရပါတယ်။ တကယ်တော့ ကားစီးရင် ပြတင်းပေါက်ပါ ပိတ်ထားပြီး ခေါင်းတွေ၊ လက်တွေကို လုံးဝမထုတ်ထားသင့်ပါဘူး။ အလုံပိတ်ထားလေလေ၊ စိတ်ချရလေလေပါပဲ။

“လူ့အသက်ဆိုတာ တန်ဖိုးရှိပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ မထိခိုက်မိအောင်၊ ကိုယ့်အသက်ကို တန်ဖိုးထားတတ်တဲ့ အလေ့အထရှိအောင် နေသင့်ပါတယ်။ ကိုယ့်အသက်ကို တန်ဖိုးမထားတဲ့စိတ်၊ ကိုယ့်ဘဝကို တန်ဖိုးမထားတဲ့ စိတ်ဓာတ်ရှိရင် တိုင်းပြည်လည်း တိုးတက်မှာမဟုတ်ပါဘူး” . . .

နောက်တစ်ခုပြောလိုတာက ကလေးတွေနဲ့ ပတ်သက်ပါတယ်။ အခုခေတ်က ကလေးအများကြီး ယူတဲ့ခေတ်မဟုတ်တော့ပါဘူး။ အများဆုံး တစ်ယောက်၊ နှစ်ယောက်လောက်အထိပဲ ယူတဲ့သူတွေက များနေပါပြီ။ ကလေးတွေက ပိုပြီးတန်ဖိုးရှိတဲ့ ကလေးတွေဖြစ်လာပါတယ်။ ကားစီးတဲ့အခါ အန္တရာယ်ကို ကြိုမသိကြတဲ့အခါ ကလေးတွေက အနောက်ခန်းမှာ ဟိုဘက်သွားလိုက်၊ ဒီဘက်သွားလိုက် ဆော့နေလိုက်ကြသေးတယ်။ တစ်ခါတလေ ပြတင်းပေါက်ဖွင့်ပြီး ခေါင်းပြူကြည့်နေတာတွေပါ လုပ်နေကြပါတယ်။ မိဘတွေကလည်း အန္တရာယ်ဘယ် လောက်များတယ်ဆိုတာ မသိကြဘူး။

အရင်တုန်းက ဒီမှာစီးနေကြတဲ့ကားတွေက ဘေးတံခါးတွေမပါတာ အများကြီးပါ။ တကယ်လို့ ကားတိုက်မိခဲ့ရင် သေဖို့သေချာတဲ့ ကိန်းကတော့ လူကအပြင်ကို ထွက်သွားတာဖြစ်ပါတယ်။ ဘေးကတစ်ခုခုနဲ့ သွားရိုက်ရင်ရိုက်၊ မရိုက်ရင် လမ်းနဲ့စောင့်မိပြီး သေဖို့အရမ်းသေချာပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာ့တူမတစ်ယောက်က တံခါးမပါတဲ့ဂျစ်ကား ဘေးခုံမှာထိုင်၊ တစ်ဖက်မှာက ယာဉ်မောင်း၊ အလယ်မှာ သူ့အဖေကိုထားပြီး သူက အစွန်ဆုံးကနေ စီးလာတယ်။ ကားလည်းတိုက်မိရော သူက ကားပေါ်က လွင့်ကျသွားတယ်။ နေရာမှာတင် ပွဲချင်းပြီး သေသွားခဲ့တယ်။

လူ့အသက်ဆိုတာ တန်ဖိုးရှိပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ မထိခိုက်မိအောင်၊ ကိုယ့်အသက်ကို တန်ဖိုးထားတတ်တဲ့ အလေ့အထရှိအောင် နေသင့်ပါတယ်။ ကိုယ့်အသက်ကို တန်ဖိုးမထားတဲ့စိတ်၊ ကိုယ့်ဘဝကို တန်ဖိုးမထားတဲ့ စိတ်ဓာတ်ရှိရင် တိုင်းပြည်လည်း တိုးတက်မှာ မဟုတ်ပါဘူး။ လူဆိုတာ ကိုယ့်အနေရာနဲ့ ကိုယ်တန်ဖိုးရှိတယ်၊ အရေးပါတယ်ဆိုတာ သိထားသင့်ပါတယ်။ ငါကရာထူးကြီးလို့ ငါကမှအရေးကြီးတာ ဆိုပြီး မရှိပါဘူး။ လူဆိုတာ ဘယ်နေရာမှာပဲဖြစ်ဖြစ် သူ့ဟာနဲ့သူတော့ အရေးကြီးပါတယ်။ ဆေးရုံမှာ ဆရာဝန်တွေ အရေးကြီးသလို ဆရာမတွေလည်း အရေးကြီးပါတယ်။ သန့်ရှင်းရေးဝန်ထမ်းတွေကလည်း အရေးပါတာပေါ့။ သူတို့မရှိရင် ဆရာတို့ ခွဲစိတ်လို့ မရပါဘူး။

လူတိုင်းက ဘယ်အပိုင်းမှာပဲလုပ်နေ၊ လုပ်နေ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်ရပါမယ်။ တချို့လူတွေက အခြေအနေသိပ်ဆိုးလာရင် စိတ်ဓာတ်ကျလာတတ်ပါတယ်။ ဆရာတစ်ခါ ကြုံဖူးပါတယ်။ မန္တလေးကနေ ရန်ကုန်ပြန်လာတော့ ဆရာမြို့တစ်မြို့ ရောက်လာတယ်။ ဆရာ့ကားရှေ့ကနေ လူတစ်ယောက်က ကို့ရို့ကားယားလုပ်ပြီး ဒယီးဒယိုင်သွားနေတာ ဟွန်းတီးလည်း မဖယ်ပေးဘူး။ ဆရာလည်း စိတ်ဆိုးပြီး ‘ခင်ဗျားသေသွားလိမ့်မယ်နော်’ လို့ ပြောတော့ ‘သေချင်လည်း သေပါစေဗျာ’ လို့ ပြန်ဖြေတယ်။ အရက်လည်းမူး၊ စိတ်ဓာတ်လည်း ကျနေပုံရပါတယ်။ ဒီလိုလူတွေကို စောင့်ရှောက်ဖို့နဲ့ အသိပညာပေးဖို့လည်း လိုအပ်နေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top