Healthy Life Ad
Health Tips

ဆေးမြီးတိုသောက်ခြင်းဖြင့် မျက်မှန်ပါဝါမကျနိုင်

ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မျက်မှန်ပါဝါရှိသူတို့အနေဖြင့် မြန်မာဆေးမြီးတို၊ တရုတ်ဆေး၊ အင်္ဂလိပ်ဆေးတို့ကို သောက်သုံးခြင်းဖြင့် မျက်မှန်ပါဝါကိုမကျစေနိုင်ကြောင်း ရန်ကုန်မျက်စိဆေးရုံကြီး၏ ပါမောက္ခ၊ ဌာနမှူးဖြစ်သူ မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဦးတင်ဝင်းက ပြောသည်။

“မျက်မှန်ပါဝါက မျက်ကြည်လွှာအခုံး၊ အခွက်၊ Axial Lenght (လှိုင်းအလျား) ဒီနှစ်ခုအပေါ်မှာ မူတည်တဲ့အတွက်ကြောင့် ဆေးနဲ့ပြုပြင်ပြောင်းလဲလို့ မရတဲ့အတွက် ဘယ်ဆေးမှ အာနိသင်မရှိပါဘူး။ ဒါပေမဲ့ ဗီတာမင်အီး၊ ဗီတာမင်အေနဲ့ ဗီတာမင်ဘီပါတဲ့အားဆေးက မျက်လုံးတစ်ခုရဲ့ Metabolism အတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် မျက်လုံးကို အထိုက်အလျောက် အားပေးတာကြောင့် သောက်သုံးသင့်တယ်လို့ ပြောလို့ရပါတယ်။ ဒီလိုအားပေးတဲ့အတွက် မျက်စိပါဝါကျတာမျိုးတော့ မဟုတ်ပါဘူး” ဟု ပါမောက္ခဦးတင်ဝင်းက ဆိုသည်။

ယခင်က မျက်စိကျန်းမာရေးအတွက် ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ ဗီတာမင်အီးဆိုသော ဗီတာမင်ဓာတ်များ၊ ဇင့်(သွပ်)၊ ဆီလီနီယမ် သတ္တုဓာတ်များပါသည့် ဆေးသောက်သုံးသင့်ကြောင်း သိရှိပြီးဖြစ်ရာ ယခုနောက်ပိုင်းတွင် ကွန်ပျူတာအသုံးများခြင်းကြောင့် ဇက်ကြောတက်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ သက်သာစေရန် ဗီတာမင်ဘီကို ထည့်သွင်းသောက်သုံးရန် ဆရာဝန်တို့ကညွှန်လာကြကြောင်း သိရသည်။

“တချို့လူတွေ မျက်စိအားဆေးအဖြစ် သောက်နေတဲ့ တရုတ်ဆေး၊ မြန်မာဆေးတွေမှာတော့ ဘာဓာတ်တွေ ပါဝင်မှုရှိသလဲဆိုတာ ဆရာတို့ မသိပါဘူး။ အဲဒီအထဲမှာ ဗီတာမင်အေပါသလား၊ ပါတဲ့ဗီတာမင်အေက မျက်စိအတွက် လုံလောက်သလား . . ဒီအချက်တွေကို မသိနိုင်ပါဘူး။ ဥပမာ- ရွှေဖရုံသီး မျက်စိအားဆေးဆိုရင် ရွှေဖရုံသီးမှာ ဗီတာမင်အေ အများကြီးပါတော့ ကောင်းတယ်လို့ အကြမ်းဖျင်း ပြောလို့ရတယ်။ တခြား ဆေးမြီးတိုမှာ ပါတဲ့ အရွက်တွေကျတော့ ဘယ်လောက်ပမာဏပါသလဲဆိုတာလည်း သေချာမဖော်ပြထားတော့ မသိပါဘူး။ သေချာတာကတော့ တရုတ်တိုင်းရင်းဆေးပဲသောက်သောက်၊ မြန်မာတိုင်းရင်းဆေးပဲသောက်သောက် ပါဝါကတော့ ဘယ်လိုမှမကျနိုင်ပါဘူး။ ဒီဆေးတွေ Safe ဖြစ်ရဲ့လား၊ မဖြစ်ဘူးလားဆိုတာကလည်း အဲဒီဆေးတွေထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေကို မသိတဲ့အတွက် ဝေဖန်လို့ မရပါဘူး” ဟု ပါမောက္ခဦးတင်ဝင်းကဆိုသည်။

မျက်စိကျန်းမာရေးအတွက် အရေးကြီးဆုံးဖြစ်သည့် ဗီတာမင်အေရရှိစေရန် အစိမ်းရောင်နှင့် အဝါရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ အသီးအနှံတွေများကို စားပေးသင့်ကြောင်း၊ ဥပမာပြောရလျှင် မုန်လာဥ၊ သင်္ဘောသီး၊ ဟင်းနုနယ်ရွက်၊ ငှက်ပျောသီးစသည်တို့ကို စားသင့်ကြောင်းသိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top