Healthy Life Ad
Life Style

ကြွားတတ်တဲ့ ခရီးသည်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အမျိုးသားတစ်ဦးက ခရီးစဉ်တစ်ခုမှပြန်လာပြီး သူရဲ့စွန့်စားရတဲ့ ခရီးအကြောင်း ပိုပိုသာသာလေး ကြွားဝါပြောဆိုနေခဲ့တယ်။ သူတွေ့ခဲ့တဲ့ မတူကွဲပြား လူမျိုးတွေအကြောင်းပြောပြီး ဘယ်နေရာရောက်ရောက် သူရဲ့ စွန့်စားရဲတဲ့သတ္တိကို လူတိုင်းအံ့သြကြတယ်၊ ချီးကျူးကြတယ်လို့ ကြွားလုံးထုတ်တယ်။ သူဟာ ဘယ်လောက်အထိ စွန့်စားရဲသလဲဆိုရင် ဂရိက Rhodes ကျွန်းမှာ သူဘယ်လောက်ဝေးဝေး ခုန်လွှားသွားနိုင်ခဲ့တယ်၊ ဘယ်သူမှ သူရဲ့သတ္တိကို မယှဉ်ရဲဘူးလို့ ပြောခဲ့တယ်။

သူက ဘယ်လောက်သတ္တိရှိကြောင်း၊ စွန့်စားရဲကြောင်း အမျိုးသားကြွားလုံးထုတ်နေတာကိုကြားပြီး ဘေးက စမတ်ကျကျအဘိုးတစ်ဦးက ပြောတယ်။

“ကောင်းပြီ . . ငါ့လူ . . မင်းပြောတာကို သက်သေပြဖို့ စကားလုံးတွေ ဒီလောက်မလိုပါဘူးကွာ၊ ဒီနေရာကို Rhodes ကျွန်းလို့ သဘောထားပြီး ခုန်ပြစမ်းပါကွာ”

အဲဒီစကားလည်း ကြားရော ကြွားဝါတတ်တဲ့ ခရီးသည်က ဘယ်လိုလုပ်ရမလဲမသိဘဲ အမြန်ဆုံးထွက်ပြေးသွားပါတော့တယ်။

ဒီစာစုက ပေးချင်တဲ့ ပညာပေးကတော့ ကိုယ်လုပ်တဲ့အလုပ်ကို ပိုင်နိုင်သိနားလည်တတ်မြောက်တဲ့သူဆိုတာ ဘယ်တော့မှ ကြွားဝါနေစရာမလိုပါဘူး၊ အလားတူပဲ ကြွားဝါပြီး ကိုယ့်ကိုယ်ကိုယ် မြှင့်ပြောနေရင်လည်း တကယ်အရည်အချင်းမရှိလို့ပြောတာ များပါတယ်ဆိုတာပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top