Healthy Life Ad
Life Style

ရိုးတွင်းခြင်ဆီအရိုးကင်ဆာ

ပါမောက္ခဦးနေဝင်း (အရိုးအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ရိုးတွင်းခြင်ဆီ ကင်ဆာရောဂါအကြောင်း သိပါရစေဆရာ။

ဖြေ ။ ကင်ဆာရောဂါတွေမှာ အမြဲတမ်းနှစ်မျိုး ရှိပါတယ်။ Primary Malignant Tumor နဲ့ Secondary Malignant Tumor ဆိုပြီး နှစ်မျိုးရှိပါတယ်။

အရိုးမှာ စဖြစ်တဲ့ ကင်ဆာမှာတော့ ဒီ Multiple Myeloma က အဖြစ်အများဆုံးပါပဲ။ ဒါက Primary Malignant Tumor ပဲဖြစ်ပါတယ်။ မြန်မာလိုဆိုရင်တော့ အရိုးခြင်ဆီမှာဖြစ်တဲ့ အရိုးကင်ဆာပါ။ အရိုးခြင်ဆီထဲမှာရှိတဲ့ Plasma Cells တွေမှာဖြစ်တဲ့ Plasma Cytoma လို့လည်း ခေါ်ပါတယ်။ Multiple Myeloma လို့လည်း ခေါ်ပါ တယ်။ ဒီရောဂါဖြစ်ရင် တခြားရောဂါတွေလို ခန္ဓာကိုယ်တစ်နေရာတည်းမှာဖြစ်တတ်တာ မဟုတ်ဘဲ အရိုးရှိတဲ့နေရာ တော်တော်များများမှာ ပြန့်ပြီးတော့ ဖြစ်တတ်တဲ့အတွက်ကြောင့် သူ့ကို Multiple Myeloma လို့ခေါ်ပါတယ်။Solitory Myeloma ဆိုတဲ့ တစ်နေရာတည်းမှာ ကွက်ပြီးတော့ ကင်ဆာဖြစ်တာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီကင်ဆာက အတော်လေးကို ရှားပါတယ်။

မေး ။ ရိုးတွင်းခြင်ဆီအရိုးကင်ဆာရောဂါက အဖြစ်များပါသလား ဆရာ။

ဖြေ ။ ရိုးတွင်ခြင်ဆီအရိုးကင်ဆာက အဖြစ်အများဆုံး ကင်ဆာတွေထဲက တစ်ခုပါပဲ။ လူကြီးတွေမှာ အဖြစ်အများဆုံး Primary Malignant Tumor အမျိုးအစားလည်း ဖြစ်ပါတယ်။ တခြားနေရာမှာ ကင်ဆာဖြစ်ပြီး ပြန့်တာ မဟုတ်ဘဲ ကိုယ်တိုင် ကင်ဆာစဖြစ်တဲ့ နေရာမှာ ဒီကင်ဆာက အများဆုံးဖြစ်တာပါ။

မေး ။ ရိုးတွင်းခြင်ဆီကင်ဆာရောဂါက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။

ဖြေ ။ ကင်ဆာရောဂါဖြစ်တဲ့အတွက် ဘာကြောင့် ဖြစ်တယ်လို့တော့ ဆရာတို့ မပြောနိုင်ပါဘူး။ ကင်ဆာ ရောဂါ အများစုက ဘာကြောင့်ဖြစ်တယ်ဆိုတာကို ပြောပြလို့မရပါဘူး။ ဘယ်က စဖြစ်လာတယ်ဆိုတာကိုပဲ ဆရာတို့ လေ့လာလို့ ရပါတယ်။

မေး ။ ရိုးတွင်းခြင်ဆီကင်ဆာရောဂါက ဘယ်အသက်အရွယ်လောက်မှာ အဖြစ်များပါသလဲ ဆရာ။

ဖြေ ။ အသက်အရွယ်အားဖြင့် ၅၀ နှစ်ကျော် ၆၀ နှစ်လောက်မှာ အဖြစ်များပါတယ်။ အမျိုးသားတွေမှာ အဖြစ်ပိုများပါတယ်။

မေး ။ ရိုးတွင်းခြင်ဆီကင်ဆာရောဂါက မျိုးရိုးလိုက်တတ်ပါသလား ဆရာ။

ဖြေ ။ ဒါက ကင်ဆာရောဂါတစ်ခုဖြစ်တဲ့အတွက် မျိုးရိုးလိုက်နိုင်စွမ်းက တခြား ကင်ဆာ ရောဂါတွေလိုပါပဲ။ ရှိတော့ရှိတတ်ပါတယ်။ ဒါပေမဲ့ အမြဲတမ်းတော့ မဟုတ်ပါဘူး။

မေး ။ ရိုးတွင်းခြင်ဆီကင်ဆာရောဂါဖြစ်ရင် ဘယ်လို လက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။

ဖြေ ။ ရိုးတွင်းခြင်ဆီကင်ဆာရောဂါ ဖြစ်ပြီဆိုရင် အရိုးတွေ နာလာပါတယ်။ အထူးသဖြင့် ကျောရိုးတွေနဲ့ နံရိုးတွေမှာအဖြစ်များပါတယ်။ တစ်ခါတလေ ကျောရိုးတွေမှာဖြစ်ရင် ကျောရိုးထဲက အာရုံကြောမတွေ ကိုထိပြီး ခန္ဓာကိုယ်အောက်ပိုင်းမသန်စွမ်းတာတွေ ဖြစ်တတ်ပါတယ်။ အစားအသောက် ပျက်လာပါတယ်။ အားမရှိတော့ဘဲ အားနည်းလာပါတယ်။ ကိုယ်အလေးချိန်က သိသိသာသာကျလာပါတယ်။ ကင်ဆာရောဂါက အရိုးတွေကိုစားပြီး အရိုးကျိုးလို့ ရောက်လာတဲ့ လူနာတွေလည်း ရှိပါတယ်။

မေး ။ ရိုးတွင်းခြင်ဆီကင်ဆာရောဂါကို ဘယ်လိုစစ်ဆေးမှုပြုလုပ်ရပါသလဲဆရာ။

ဖြေ ။ ရောဂါစစ်ဆေးမှုအနေနဲ့ကတော့ သွေးတွေ စစ်လိုက်ရင် ဟေမိုဂလိုဗင် သွေးနီအားက သိပ်ကို ကျနေတတ်ပါတယ်။ ESR ကတော့ များပြီး ၁၀ဝကျော်အောင် တက်နေတာကို တွေ့ရတတ်ပါတယ်။ သွေးထဲမှာ ပရိုတင်းဓာတ်တွေ အတော်တက်နေတာကိုလည်း တွေ့ရပါတယ်။ Albumin နဲ့ Globulin အချိုးတွေက ပြောင်းပြန်ဖြစ်သွားပါတယ်။ Electrophoreis ဆိုတာ လုပ်လို့ရပါတယ်။ ဒီရောဂါရှိနေရင် သွေးထဲမှာ ပုံမှန်မဟုတ်တဲ့ ပရိုတင်းတွေ တွေ့ရတတ်ပါတယ်။

X-ray ရိုက်ကြည့်ရင်လည်း အရိုးတွေက အကွက်လိုက် အကွက်လိုက်စားနေတာတွေ တွေ့ရပါတယ်။ ခါးရိုးနဲ့ တင်ပါးဆုံရိုးတွေမှာ ပြောင်းလဲချက်တွေကို တွေ့နိုင်ပါတယ်။ ဆီးကိုစစ်ကြည့်ရင်လည်း Bence Jones Protein ဆိုတာတွေကို တွေ့နေတတ်ပါတယ်။ တစ်ခါတလေမှာ အရိုးစယူပြီး စစ်ဆေးလို့ ရပါတယ်။ တစ်ခါတလေ အရိုးကျိုးလို့ ရောက်လာတယ်ဆိုရင် ကျိုးတဲ့အရိုးကို ခွဲစိတ်ပေးရင်းနဲ့ အဲဒီကနေယူပြီး စစ်ဆေးကြည့်လို့ရပါတယ်။

မေး ။ ရိုးတွင်းခြင်ဆီကင်ဆာကို ဘယ်လို ကုသမှုပေးရပါသလဲ ဆရာ။

ဖြေ ။ ကုသမှုအပိုင်းအနေနဲ့ကတော့ ကင်ဆာဆေးသွင်းကုသမှု (Chpotherapy) ပေးရပါတယ်။ အဲဒါတွေကတော့ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ညှိနှိုင်းပြီးတော့ ကုသပါတယ်။ ဆရာတို့အပိုင်းအနေနဲ့ကတော့ ကင်ဆာကြောင့် အရိုးတွေကျိုးတာတွေကို ကုပေးရတာဖြစ်ပါတယ်။ တစ်ခါတလေကျရင်တော့ မခွဲမစိတ်ဘဲ ကုသပေးပါတယ်။ တစ်ခါတလေမှာတော့ ခွဲစိတ်ပြီး ကုသပေးရတာရှိပါတယ်။

မေး ။ ရိုးတွင်းခြင်ဆီကင်ဆာနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် ပြောပြပေးပါဆရာ။

ဖြေ ။ အရိုးကင်ဆာဖြစ်ပြီဆိုရင် စောစီးစွာသိမယ်၊ သိသိချင်း ကင်ဆာကုထုံးတွေကို စနစ်တကျ ခံယူမယ် ဆိုရင်တော့ ပိုအသက်ရှည်ရှည်နေနိုင်မှာပါ။ ရောဂါဖြစ်မှန်း အသိနောက်ကျရင်တော့ အသက်အန္တရာယ် အများကြီး ရှိပါတယ်။

ခြေလက်အရိုးတွေရော၊ တင်ပါးဆုံရိုးတွေရော၊ ခါးရိုးရော၊ ဦးခေါင်းရိုးတွေမှာရော တစ်ပြိုင်တည်းဖြစ်တတ်ပါတယ်။ ရိုးတွင်းခြင်ဆီ အရိုးကင်ဆာ ဖြစ်ပြီး အရိုးတွေနာတယ်၊ ကျိုးတယ်ဆိုရင် အခြေအနေမဆိုးခင် ဆရာဝန်နဲ့ အမြန်ဆုံးပြဖြစ်ဖို့ တိုက်တွန်းချင်ပါတယ်။ စောစီးစွာပြနိုင်လေ၊ စိတ်ဖိစီးမှုတွေနဲ့ နာကျင်မှုတွေပိုသက်သာအောင် သက်ဆိုင်ရာဆရာဝန်တွေက အမြန်ဆုံး ထိထိရောက်ရောက် ကုသပေးနိုင်လေလေဖြစ်မှာဖြစ်ပါတယ်။ ကုသမှုရလဒ်အကောင်းဆုံးဖြစ်စေဖို့ ဆရာဝန်ထံ အမြန်ဆုံးသွားပြဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top