Healthy Life Ad
International

မျက်ကပ်မှန်မချွတ်ဘဲ ရေကူးမိသောကြောင့် မျက်စိကွယ်လုနီးပါးဖြစ်သွားသူ

ကိုထက်

စကော့တလန်နိုင်ငံမှာ နေထိုင်တဲ့ ၃၉ နှစ်အရွယ်ရှိ အမ်မာဂျန်ကန်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အားလပ်ရက်တစ်ရက်မှာ ဟိုတယ်တစ်ခုရှိ ရေကူးကန်မှာ ရေသွားကူးခဲ့ပါတယ်။ သူဟာ မျက်ကပ်မှန် တပ်ဆင် ထားသူ ဖြစ်ပြီး ရေကူးကန်ထဲ ရေကူးချိန်မှာ မျက်ကပ်မှန်ကို မချွတ်ဘဲရေကူးခဲ့ပါတယ်။ ဒီလိုရေကူးပြီး နောက်ပိုင်းမှာတော့ သူရဲ့ ဘယ်ဘက်မျက်လုံးဟာ အလွန်အမင်း နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေ ဖြစ်လာခဲ့ပါတယ်။

သူဟာ မျက်လုံးနာကျင်တာ အလိုလိုလျော့သွား မလားဆိုတဲ့အတွေးနဲ့ ဆရာဝန်ကို ချက်ချင်းမပြခဲ့ပါဘူး။ ဒါပေမဲ့ မနေနိုင်တော့တဲ့ အချိန်မှာ ဆရာဝန် ကိုပြတော့ စစ်ဆေးချက်တွေအရ သူရဲ့ မျက်လုံးထဲမှာ ဘက်တီးရီးယားပိုးတစ်မျိုးကူးစက်ခံနေရပြီး မျက်ကြည်လွှာဟာ လုံးဝပျက်စီးနေခဲ့ပြီဆိုတာ သိလိုက်ရပါတယ်။

အမ်မာဂျန်ကန်ဟာ မျက်ကပ်မှန်မချွတ်ဘဲ ရေကူးခဲ့တဲ့အတွက် ဒီဘက်တီးရီးယားတွေဟာ မျက်ကပ်မှန်နဲ့ မျက်ကြည်လွှာကြားထဲမှာ ခိုအောင်းနေခဲ့ပြီး မျက်လုံးကို အလျင်အမြန် ပျက်စီးစေခဲ့တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ သူဟာ ခေါင်းကိုက်ဝေ နာတွေ၊ မျက်လုံးနာကျင်မှုတွေနဲ့အတူ အမြင်အာရုံတွေ ဝေ၀ါးလာပြီး မျက်လုံး လုံးဝမဖွင့်နိုင်တော့တဲ့ထိ ဖြစ်လာခဲ့ပါတယ်။

ဘက်တီးရီးယားပိုးကြောင့် မျက်ကြည်လွှာနဲ့ မျက်လုံးတစ်သျှူးတချို့မှာ ပြည်တွေစုလာခဲ့ပါတယ်။ ဆရာဝန်တွေပေးတဲ့ ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ မျက်စဉ်းတွေကို သုံးနေပေမယ့် နောက်ထပ် ၃ ရက်ခန့် အကြာမှာ အမြင်အာရုံလုံးဝ ကွယ်သွားတဲ့အတွက် ဆေးရုံကို အလျင်အမြန် ပြေးသွားခဲ့ရပါတယ်။

“ဆရာဝန်တွေက ပိုးတွေသေသွားရင်တောင် အမြင်အာရုံက ပြန်မရနိုင်တော့တဲ့အခြေအနေ ဖြစ်သွားပြီလို့ ပြောတာတောင် ကျွန်မ မလန့်တော့ပါဘူး။ မျက်လုံးက နာကျင်လွန်းလို့ မျက်လုံးကန်းသွားတာကို မစိုးရိမ်တော့ဘဲ နာကျင်တာကို ပျောက်ချင်စိတ်ပဲ ရှိပါတယ်”လို့ သူက ပြောပြခဲ့ပါသေးတယ်။

မျက်လုံးဝေဒနာ ပျောက်ကင်းသွားပြီး နောက်မှာတော့ သူဟာ မျက်လုံးတစ်ဖက်ထဲသာ မြင်ရပါတော့တယ်။ သူ့ဘယ်ဘက်မျက်လုံး ပြန်ကောင်းဖို့ ကတော့ မျက်ကြည်လွှာအစားထိုးဖို့ တစ်နည်းသာ ရှိတယ်လို့ ဆရာဝန်တွေက ပြောပြခဲ့တဲ့အတွက် အစားထိုးဖို့ ရွေးချယ်ခဲ့ပါတယ်။ မျက်ကြည်လွှာ အစားထိုးဖို့ စာရင်းပေးခဲ့ပြီး နှစ်လကြာစောင့်ဆိုင်းခဲ့ရပါတယ်။ အခုအချိန်မှာတော့ သူဟာ မျက်ကြည်လွှာအစားထိုးပြီး အမြင်အာရုံပြန်ရနေပြီဖြစ်ပေမယ့် မျက်လုံးခြောက်တဲ့ ဝေဒနာကျန်ခဲ့တာကြောင့် အမြဲတန်းမျက် စဉ်းခတ်နေရပြီး မျက်လုံးမှာလည်း အမာရွတ်ထင်နေ ခဲ့တယ်လို့ သိရပါတယ်။

“ မျက်ကြည်လွှာ အစားထိုးဖို့က တခြားကိုယ်အစိတ်အပိုင်းတွေလို ထပ်တူကျဖို့လိုအပ်တဲ ့အချက်တွေ သိပ်မရှိတဲ့အတွက် အရမ်းအကြာကြီးတော့ မစောင့်လိုက်ရပါဘူး၊ ကျွန်မ သတိမမူလိုက်တဲ့ မိနစ် ၂၀ လောက်အတွက် ပြန်ပေးလိုက်ရတာက မျက်လုံး တစ်ဖက် အမြင်အာရုံပါပဲ.. ဒါကြောင့် တခြား မျက်ကပ်မှန်တပ်တဲ့သူတွေအားလုံးကို ကျွန်မအကြောင်း ပြောပြပြီး အသိတွေမျှဝေပေးပါတယ်၊ မျက်ကြည်လွှာ လှူဒါန်းပေးကြတဲ့သူတွေကိုလည်း အရမ်းကို ကျေး ဇူးတင်မိပါတယ်”လို့ သူက ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top