Healthy Life Ad
Life Style

လွယ်မထားသင့်သောအန္တရာယ်

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)
(အတွင်းရေးမှူး၊ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ဆီးသွားချင်နေတဲ့အခါမှာ ဆီးအောင့်ထားလို့ ရပါသလားဆရာ။

ဖြေ. အရွယ်ရောက်ပြီး လူတစ်ဦးရဲ့ ဆီးအိမ်ဟာ ၃၅၀ စီစီမှ ၅၀ဝ စီစီကျော်ခန့်အထိ ဆီးကို ထိန်းသိမ်းနိုင်ပါတယ်။ ဆီးအိမ်ထဲကို ဆီး ၂၀ဝ စီစီခန့် ရောက်ရှိလာချိန်မှာ ဆီးသွားချင်တဲ့ဆန္ဒ စတင်ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီလို ဆီးသွားချင်ခါစအချိန်မှာ ဆီးအောင့်ထားလို့ ရပါတယ်။ အဲဒီလို ဆီးမသွားဘဲ အောင့်ထားလိုက်ရင် ဆီးသွားချင်စိတ်လည်း ပြန်ပျောက်သွားတတ်ပါတယ်။ ဆီးအိမ်ထဲကို ဆီး ၃၀ဝ စီစီကျော်ရောက်ရှိလာပြီဆိုရင်တော့ ဆီးသွားချင် စိတ်ဆက်တိုက်ဖြစ်ပေါ်နေတတ်တယ်၊ အဲဒီထက် ပိုအောင့်ထားရင်တော့ ဆီး ၄၀ဝ မှ ၅၀ဝ စီစီကျော် ဖြစ်လာရင်တော့ အရေးပေါ် ဆီးသွားချင်စိတ်ဖြစ်ပေါ်ပြီး မသွားဖြစ်ရင် ဆက်မအောင့်ထားနိုင်တော့ဘဲ ဖြစ်တတ်ပါတယ်။ ဆီးအိမ်ထဲကိုရောက်ရှိမှုမှာ ကိုယ်သောက်တဲ့ရေပမာဏနဲ့ ရာသီဥတု၊ ကိုယ်လက်လှုပ်ရှားမှုတွေအပေါ် မူတည်ပါတယ်။

ဆီးသွားချင်တဲ့အချိန်မှာမသွားဘဲ အကြာကြီးအောင့်ထားတဲ့ အမျိုးသမီးတချို့မှာတော့ ဆီးအိမ်အတွင်းရှိ ပိုးအနည်းငယ်က ပိုးပွားများချိန်ပိုရပြီး ဆီးပိုးဝင်ရောင်ရမ်းတဲ့လက္ခဏာများ ခံစားရနိုင်ပါတယ်။ အဲဒါတွေကတော့ ဆီးပူ၊ ဆီးကျဉ်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ဆီးသွားစဉ်အောင့်ခြင်းတို့ ဖြစ်ပါတယ်။ ကြာလာရင်တော့ . . .

မေး. ဆီးသွားချင်ပါလျက်နဲ့ ဆီးမသွားဘဲ အောင့်ထားရင် ဘာဖြစ်တတ်ပါသလဲဆရာ။

ဖြေ. ဆီးသွားချင်ခါစမှာ ဆီးအောင့်ထားလို့ ဘာမှမ ဖြစ်ပါဘူး။ ခဏကြာရင် ဆီးသွားချင်စိတ် ပျောက်သွားပါလိမ့်မယ်။ အဲဒီနောက်ပိုင်း ဆီးသွားဖို့အခွင့်အလမ်းပေါ်လာရင် ဆီးသွားပေးရပါမယ်။ ဆီးသွားချင်စိတ် တောက်လျှောက်ပေါ်လာပြီဆိုရင်တော့ ဆီးသွားဖို့ပြင်ဆင်ရပါမယ်။ မသွားဖြစ်လို့ ဆီးအရမ်း သွားချင်လာရင်တော့ ဆီးစပ်နာကျင်ကိုက်ခဲတတ်ပါတယ်။ ဆီးပမာဏများလာပြီး မအောင့်နိုင်တော့ရင် ဆီးထွက်ကျတတ်ပါတယ်။

ဆီးသွားချင်တဲ့အချိန်မှာမသွားဘဲ အကြာကြီးအောင့်ထားတဲ့ အမျိုးသမီးတချို့မှာတော့ ဆီးအိမ်အတွင်းရှိ ပိုးအနည်းငယ်က ပိုးပွားများချိန်ပိုရပြီး ဆီးပိုးဝင်ရောင်ရမ်းတဲ့လက္ခဏာများ ခံစားရနိုင်ပါတယ်။ အဲဒါတွေကတော့ ဆီးပူ၊ ဆီးကျဉ်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ဆီးသွားစဉ်အောင့်ခြင်းတို့ ဖြစ်ပါတယ်။ ကြာလာရင်တော့ ဆီးသွားတဲ့အခါ သွေးပါခြင်းပါဖြစ်လာနိုင်ပါတယ်။

မေး. မကြာခဏ ဆီးအောင့်ခြင်းကြောင့် နောက်ဆက်တွဲအနေနဲ့ ကျောက်ကပ်မှာ ဘယ်လိုရောဂါတွေ ဖြစ်စေတတ်ပါသလဲဆရာ။

ဖြေ. မကြာခဏဆီးသွားချင်တာကို အောင့်ထားသူအမျိုးသမီးတွေမှာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဖြစ်နိုင်ပြီး အဲဒီကတစ်ဆင့် နောက်ဆက်တွဲအနေနဲ့ ဆီးအိမ်အတွင်းကပိုးဟာ ကျောက်ကပ်အထိရောက်ရှိပြီး ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်ပြည်တည်ခြင်းတွေအထိဖြစ်ရာကနေ ကျောက်ကပ်လုံးဝ ပျက်စီးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေ၊ ကျောက်ကပ်အတွင်း ကျောက်တည်သူတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာ ဆီးအိမ်မှပိုးတွေ ကျောက်ကပ်အထိရောက်ရှိသွားနိုင်ပါတယ်။

မေး. ဆီးသွားချိန်မှာ ဆီးကျန်နေသလိုမျိုး ခံစားရတာကကော ဘာကြောင့်ပါလဲဆရာ။

ဖြေ. ဆီးကျန်နေသလိုမျိုး ခံစားရတဲ့အကြောင်းတွေကတော့ ပိုးကြောင့် ဆီးအိမ်ရောင်ရမ်းခြင်း၊ ဆီးအိမ်ကင်ဆာဖြစ်ခြင်း၊ အမျိုးသမီးတွေမှာ သားအိမ်ကျခြင်းနဲ့ အမျိုးသားတွေမှာ ဆီးကျိတ်ကြီးခြင်း၊ ဆီးကျိတ်ကင်ဆာဖြစ်ခြင်းတို့ကြောင့် ဆီးသွားအပြီး ဆီးကျန်နေသလိုမျိုး ခံစားရနိုင်ပါတယ်။

မေး. ဆီးသွားရင်း ပူစပ်ပူလောင်ခံစားရတာကကော ဘာကြောင့်ဖြစ်တတ်ပါသလဲဆရာ။

ဖြေ. ဆီးသွားရင် ပူစပ်ပူလောင်ဖြစ်တာတွေကတော့ အစားအသောက်ထဲမှာ အပူအစပ်ပါတဲ့အစာတွေစားခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ရောင်ရမ်းခြင်းတို့ အပြင် ရေသောက်နည်းပြီး ဆီးနည်းခြင်း၊ ရေခဲရေ အေးအေးသောက်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မေး. ဆီးသွားပြီးချိန်မှာ လိင်အင်္ဂါသန့်စင်ကျန်းမာရေးအတွက် ဘယ်လိုနည်းလမ်းတွေကို လိုက်နာသင့်ပါသလဲဆရာ။

ဖြေ. ဆီးသွားပြီးတဲ့အခါတိုင်း အမျိုးသမီးတွေအနေနဲ့ သန့်ရှင်းတဲ့ရေနဲ့ သန့်စင်သင့်ပါတယ်။ လိင်အင်္ဂါတစ်ဝိုက်ကပိုးတွေ ဆီးလမ်းကြောင်းထဲမဝင်နိုင်အောင် ရေများများသုံးပြီး ဆီးသွားပေးသင့်ပါတယ်။ အများအားဖြင့် ဆီးလမ်းကြောင်းထဲ ဝင်ရောက်တဲ့ပိုးတွေမှာ မစင်မှတစ်ဆင့် စအိုပတ်ဝန်းကျင်မှာ ကျန်နေခဲ့ရာက ဆီးလမ်းကြောင်းထဲ ဝင်ရောက်နိုင်တာ အဖြစ်များပါတယ်။ ဝမ်းသွားပြီးတိုင်း ဆပ်ပြာနဲ့ရေကို အသုံးပြုသန့်စင်ခြင်းဖြင့်လည်း စအိုတစ်ဝိုက် ပိုးများရောက်ရှိနေမှုကို ကာကွယ်နိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ သန့်စင်ဆေးရည်ကို လိင်အင်္ဂါအတွင်းပိုင်းအထိ မဆေးသင့်ကြောင်း အကြံပြုထားပါတယ်။ ဆီးကျင်ချောင်းထိပ်ဝပွန်းပဲ့ပြီး ပိုးဝင်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် လိင်အင်္ဂါ ပြင်ပပတ်ပတ်လည်ကိုသာ စနစ်တကျသန့်စင်သင့်ပါတယ်။

မေး. ဆီးသွားခြင်းနဲ့ ကျန်းမာရေး ဆက်စပ်မှုနဲ့ပတ်သက်ပြီး အများပြည်သူကို ဆရာအကြံပြုလိုတာရှိရင် ပြောပြပေးပါ။

ဖြေ. ဆီးစပြီး သွားချင်ခါစအချိန်မှာ ဆီးစသွားနိုင်တာ အကောင်းဆုံးပါပဲ။ မသွားနိုင်သေးရင် ခဏအောင့်ထားပြီး သတိရတာနဲ့ သွားပေးပါ။ ခရီးသွားခါနီး၊ အိမ်မှထွက်လာခါနီးနဲ့ ညအိပ်ရာဝင်ခါနီးတွေမှာ ဆီးသွားပေးရပါမယ်။ Convenient Voiding လို့ ခေါ်ပါတယ်။ အဲဒီလိုသွားပေးခြင်းဖြင့် ဆီးသွားဖို့ မလွယ်ကူတဲ့အခြေအနေတွေမှာ ဆီးအိမ်ထဲမှာ ဆီးနည်းနေတဲ့အတွက် ဆီးအောင့်ထားစရာ မလိုတော့ပါဘူး။ ဆီးသွားနေစဉ် ဆီးသွားချင်စိတ် တောက်လျှောက်ဖြစ်ပေါ်နေပြီဆိုရင်တော့ အားမနာသင့်ဘဲ ဆီးသွားနိုင်ဖို့ စီစဉ်ခိုင်းသင့်ကြောင်း အကြံပြုပြောကြားလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top