Healthy Life Ad
Life Style

ရေကြီးခြင်းနှင့် ဆက်စပ်နေသည့် အရေပြားရောဂါများ (၁)

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ရေကြီးချိန်နဲ့ ရေကြီးပြီးချိန်မှာ ဘာကြောင့် အရေပြားရောဂါတွေ ဖြစ်ရပါသလဲ ဆရာမ။

ဖြေ. သဘာဝဘေးအန္တရာယ်တွေက ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစတာတွေမှာ နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်စေပါတယ်။ ရေကြီးချိန်မှာ ဗွက်ရေ၊ အညစ်အကြေးတွေထိတွေ့ထားတဲ့ မသန့်ရှင်းတဲ့ရေ တွေထိတွေ့တာ၊ ရေစိုထိုင်းနေတဲ့၊ ရေမှာပါတဲ့မသန့် ရှင်းတဲ့ပစ္စည်း၊ အိမ်အသုံးအဆောင်တွေနဲ့ ထိတွေ့တာ၊ ရေနဲ့ထိတွေ့ချိန်ကြာမြင့်တာ၊ ရေကြီးချိန်မှာ သစ်သားနဲ့အသုံးအဆောင်ပစ္စည်းတွေကြောင့် ဒဏ်ရာရကာ အရေပြားရောဂါတွေ ဖြစ်တတ်ပါတယ်။

မေး. ရေကြီးချိန်မှာ ထိခိုက်ဒဏ်ရာရပြီး ဘယ်လိုအရေပြားရောဂါတွေ ဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ. ထိခိုက်ဒဏ်ရာရတာကြောင့် ဖြစ်တတ်တဲ့ အရေပြားရောဂါတွေကတော့-

– ပွန်းပဲ့တာ၊ အသားပြဲတာ၊ ဆူးစူးတာ၊ သွေးခြေဥတာ စတာတွေ ဖြစ်တတ်ပါတယ်။

– နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် အရေပြားမှာ ပိုးဝင်တာနဲ့ အမာရွတ်ဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။

– သွေးထွက်လာရင် သွေးတိတ်အောင် ဆယ်မိနစ်လောက် ဖိပိတ်ပေးရပါမယ်။ အနာကို ဆပ်ပြာ၊ ရေနဲ့ သေသေချာချာဆေးပေးရပါမယ်။ လိုအပ်လာရင် မသန့်ရှင်းတဲ့ အရေပြားကို ခွဲစိတ်ထုတ်ရပါမယ်။ ပဋိဇီဝပိုးသေဆေးလိမ်းပေးရပါမယ်။ အနာသက်သာ ဆေးသောက်ရပါမယ်။

– မသန့်ရှင်းတဲ့ ရေနဲ့မြေကြီးမှာ Leptospirosis ရောဂါဖြစ်စေတဲ့ ပိုးရှိပြီး အဲဒီပိုးက တိရစ္ဆာန်ကနေ လူကို ကူးစက်စေတတ်ပါတယ်။ အဲဒီပိုးကို ကြွက်ရဲ့ဆီးမှာ တွေ့ရတတ်ပါတယ်။ အဲဒီဘက်တီးရီးယားပိုးက အရေပြားကွဲရှရာတွေက တစ်ဆင့်ဝင်ရောက်နိုင်ပါတယ်။ အဲဒီပိုးကြောင့် အဖျားကြီးပြီး ခေါင်းကိုက်စေပါတယ်။ ကြွက်သားနာတာ၊ နှလုံးထိခိုက်တာ၊ ဦးနှောက်အမြှေးရောင်တာ၊ မျက်လုံးနီတာ၊ အရေပြားမှာ သွေးခြေဥလေးတွေဖြစ်ပြီး အနီပြင်တွေပေါ်တာ၊ မျက်လုံးဝါလာပြီး အသည်းရောင်တာတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကို သက်သာစေဖို့ ပဋိဇီဝပိုးသတ်ဆေးနဲ့ ကုသရပါမယ်။ ပိုးမဝင်အောင် ဖိနပ်စီးပြီး ကာကွယ်နိုင်ပါတယ်။

မေး. ရေကြီးတာကြောင့် အရေပြားပိုးဝင်တဲ့အခါ ဘယ်လိုရောဂါတွေဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ. ပိုးဝင်တဲ့ အရေပြားရောဂါတွေကတော့-

– ဘက်တီးရီးယားပိုးဝင်တဲ့အနာစိမ်း၊ မွေးကျွတ်နာ၊ ပြည်တည်နာ၊ မွေးညှင်းပေါက် ရောင်တဲ့အနာ၊ အနာ့ပဆုပ်၊ အနာဆက်၊ ပိုးဝင်နာတွေ ဖြစ်တတ်ပါတယ်။

– အဖြစ်များတဲ့ ဘက်တီးရီးယားပိုးတွေက Staph နဲ့ Strep ပိုးတို ့ဖြစ်ပါတယ်။

– နောက်ဆက်တွဲဆိုးကျိုးအဖြစ် အရေပြားသာမက ကြွက်သားနဲ့အတွင်း အင်္ဂါတွေ အားလုံးပြန့်တတ်ပါတယ်။ တစ်ကိုယ်လုံး ပိုးပြန့်ပြီး အသက်အန္တရာယ်ထိခိုက်စေနိုင်ပါတယ်။

– ပြည်တည်နာတွေက သန့်ရှင်းမှုမရှိရင် ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။ (ဆီးချိုရောဂါရှိသူတွေနဲ့ ကိုယ်ခံစွမ်းအားနည်းသူတွေက ပိုမိုသတိထားရပါမယ်။) မေးခိုင်ပိုးဝင်တတ်ပါတယ်။

– ဒဏ်ရာရပြီဆိုရင် ရေနဲ့သေသေချာချာဆေးကြောရပါမယ်။ မသန့်ရှင်းတဲ့ရေနဲ့ မဆေးကြောသင့်ပါဘူး။ အရက်ပြန်၊ ဘီတာဒိုင်းတွေကို သုံးရပါမယ်။ သန့်ရှင်းတဲ့ ဂွမ်း၊ ပတ်တီးတွေနဲ့ ပဋိဇီဝပိုးသတ်ဆေး လိမ်းဆေးတွေထည့်ရပါမယ်။ ယင်ကောင် မဥအောင် အနာတွေကို လုံလုံခြုံခြုံဖုံးထားရပါမယ်။ ပြည်ဖုကြီးရင်ခွဲစိတ်ရပါမယ်။ ဘက်တီးရီးယား ပိုးသေဆေး သောက်ရပါမယ်။ မေးခိုင်ကာကွယ်ဆေး ထိုးသင့်ပါတယ်။ အနာက နီရဲရောင်ရမ်းနေရင်၊ အဖျားဝင်ရင် ၊ ခြေဆစ်၊ လက်ဆစ်ရောင်လာရင် ဆေးမြီးတိုနဲ့ မကုသဘဲ နီးစပ်ရာကျန်းမာရေးဌာနမှာ ကုသသင့်ပါတယ်။

မေး. ဓာတ်မတည့်တာကြောင့် ဖြစ်တတ်တဲ့ အရေပြားရောဂါတွေကို သိပါရစေ ဆရာမ။

ဖြေ. ဓာတ်မတည့်တာကြောင့်ဖြစ်တဲ့ အရေပြား ရောဂါတွေကတော့-

– ရေကြီးပြီးချိန် ရေစိုနေတဲ့ အိမ်အသုံးအဆောင်တွေ၊ အမိုးတွေ၊ သစ်တုံးဆွေးတွေမှာ မှို(Mold) ကပ်ငြိလေ့ရှိပါတယ်။ Mold က ဓာတ်မတည့်ပစ္ဓည်းကိုထုတ်ပေးပြီး အရေပြားနဲ့ ထိမိတတ်ပါတယ်။ အဲဒီအခါ ဓာတ်မတည့်တဲ့ အလာဂျစ်အရေပြားရောဂါကို ဖြစ်စေနိုင်ပါတယ်။ ယားယံစေသလိုအရေပြားနီလာ၊ ရောင်စေပါတယ်။ အရေပြားသာမက၊ မျက်လုံး၊ နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းမှာပါ ဓာတ်မတည့်မှု ဖြစ်စေပါတယ်။

– လေထဲလွင့်လာတဲ့ မှိုကိုရှုမိပါက နှာချေ၊ ချောင်းဆိုး၊ ရင်ကျပ်ဖြစ်ပြီး နှာချေတတ်ပါတယ်။ အသက်ရှူ လမ်းကြောင်းပိုးဝင်တတ်ပါတယ်။ အဆုတ်ရောဂါရှင်၊ ပန်းနာရောဂါရှင်တွေနဲ့ ဓာတ်မတည့်ဖြစ်တတ်သူတွေမှာ ပိုဆိုးတတ်ပါတယ်။

– ရေမသန့်တာကြောင့် မျက်လုံးပိုးဝင်တဲ့အခါ မျက်ခွံနားအရေပြားမှာ ရောင်ရမ်းမှုဖြစ်တတ်သလို အနာတွေ ဖြစ်တတ်ပါတယ်။

– ရေကြီးပြီးချိန်မှာ နှင်းခူ အရေပြား ရောင်ရမ်းမှုဖြစ်တတ်ပါတယ်။ မသန့်ရှင်းတဲ့ရေ၊ မျက်နှာသုတ်ပုဝါ၊ အဝတ်အစားနဲ့ အိမ်အသုံးအဆောင်တွေကြောင့် ဓာတ်မတည့်မှုဖြစ်ကာ ကုတ်ရင်းအရေပြားနီရဲရောင်ရမ်းကာ သားနံရည်၊ ပြည်၊ သွေးတို့ ထွက်လာတတ်ပါတယ်။ အရေပြား အရောင်ပြောင်းတတ်ပါတယ်။ နာတာရှည်နှင်းခူဖြစ်တတ်ပြီး အရေပြားအရောင် ပြောင်းတတ်ပါတယ်။

– ရေမှာပါလာတဲ့ ဓာတုပစ္စည်းနဲ့ အညစ်အကြေးတွေကြောင့် ဓာတ်မတည့်နှင်းခူယားနာရောဂါလည်း ဖြစ်တတ်ပါတယ်။

– ဒါ့အပြင် ဓာတ်မတည့်မှုကြောင့် အင်ပြင်၊ အရေပြားယားနာတွေ ဖြစ်တတ်ပါတယ်။

– မှိုကပ်နေတဲ့ အိမ်အသုံးအဆောင်တွေကို ရေစိုအဝတ်နဲ့သုတ်ကာ သန့်ရှင်းရေး ပြုလုပ်ရပါမယ်။ အရက်ပြန် ဒါမှမဟုတ် ရှလကာရည် (Vinegar)ကိုလည်း သုံးနိုင်ပါတယ်။ မကောင်းတော့တဲ့ ရေစိုတိုင်း ပျက်စီးသွားတဲ့ အိမ်အသုံးအဆောင်တွေကို လွှင့်ပစ်ရပါမယ်။

– အရေပြားယားပါက ရေအေးအေးထဲကို မွေးပွတဘက်ကိုနှစ်ပြီး ရေဖတ်တင်ပေးရင် အယားသက်သာစေပါတယ်။ သနပ်ခါးလက်သွေးရေကျဲလိမ်းပေးရင်လည်း အယားသက်သာစေပါတယ်။ ဘာမီတွန်လို အယားပျောက်ဆေးတွေကို သောက်သင့်ပါတယ်။ ပြည်တည်ပိုးဝင်ရင် ပဋိဇီဝပိုးသတ်ဆေး လိမ်းသင့်၊ သောက်သင့်ပါတယ်။

ရေကြီးပြီးချိန်မှာ ရေခိုအောင်းနေတာကြောင့် ခြင်ပေါက်ပွားနိုင်တာကို သတိထားရပါမယ်။ ခြင်ကြောင့်ဖြစ်တတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါ စတာတွေနဲ့ ခြင်ကိုက်ရာက အရေပြားယားနာတွေ ဖြစ်တတ်ပါတယ်။ ခြင်သာမက ပိုးကောင်၊ မွှားကောင်၊ လှေးကောင်တွေကိုက်တာကို ကုတ်ရင်း အနာရင်းကာ ပြည်တည်၊ ပိုးဝင်တတ်ပါတယ်။

မေး. ရေကြီးပြီးချိန်မှာ ပိုးကောင်တွေကြောင့် ဘယ်လိုအရေပြားရောဂါတွေဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ. ပိုးကောင်တွေကြောင့် ဖြစ်တတ်တဲ့ အရေပြားရောဂါတွေကတော့-

– ရေကြီးပြီးချိန်တွင် ရေခိုအောင်းနေတာကြောင့် ခြင်ပေါက်ပွားနိုင်တာကို သတိထားရပါမယ်။ ခြင်ကြောင့် ဖြစ်တတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါစတာတွေနဲ့ ခြင်ကိုက်ရာက အရေပြားယားနာတွေ ဖြစ်တတ်ပါတယ်။ ခြင်သာမက ပိုးကောင်။ မွှားကောင်၊ လှေးကောင်တွေ ကိုက်တာကို ကုတ်ရင်း အနာရင်းကာ ပြည်တည်၊ ပိုးဝင်တတ်ပါတယ်။

– ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည် ဝတ်ရပါမယ်။ အရောင်ရင့်ရင့်ဝတ်ရင် ညဘက်မှာ ခြင်ပိုကိုက်တတ်တာကြောင့် အရောင်နုဝတ်သင့်ပါတယ်။ ခြင်သံဆန်ခါများ ပြန်ပြင်ရပါမယ်။ ခြင်ကာကွယ်ဆေးတွေ လိမ်းရပါမယ်။ အပြင်ထွက်ရင် လည်ရှည်ဘွတ်ဖိနပ် စီးသင့်ပါတယ်။ ခြင်ဆေးဖြန်းထားရပါမယ်။ ခြင်ကိုက်တာကို ကာကွယ်ဆေးတွေကို လိမ်းရပါမယ်။ ခြင်မခိုအောင်းဖို့ ရေဝင်နေတဲ့မြောင်းတွေကို သန့်ရှင်းရေးလုပ်ရပါမယ်။ ကားတာရာ၊ ပန်းကန်၊ ခွက်အစုတ်အဟောင်းတွေကို အိမ်မှာမရှိအောင် ဂရုစိုက်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top