Healthy Life Ad
Life Style

ရေငုပ်သမားများတွင် ဖြစ်တတ်သော ကျန်းမာရေးပြဿနာ

ပါမောက္ခဦးနေဝင်း (အရိုးအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး ။ ရေငုပ်တဲ့ အလုပ်ကို လုပ်ဆောင်တဲ့ ရေငုပ်သမားတွေမှာ ဘယ်လို ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ ။ ဟိုတစ်လောက ဆရာ့ဆီကို နယ်က လူနာ တစ်ယောက် ဆီးပိုက်တန်းလန်းနဲ့ အောက်ပိုင်း မသန်စွမ်းဖြစ်ပြီး ရောက်လာပါတယ်။ ဖြစ်ပုံက ရေငုပ်ပြီး ပြန်တက်လာတဲ့အချိန်မှာ ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်းဖြစ်သွားတာလို့ ပြောပါတယ်။ ရေငုပ်တဲ့ကြာချိန်ကို မေးကြည့်တော့ တစ်နာရီကျော်ကျော်လောက်လို့ ဖြေပါတယ်။ ရေရဲ့အနက်ကိုတော့ အတိအကျ မပြောနိုင်ပါဘူး။ သူတို့နယ်မှာ ဒါမျိုး ဖြစ်ဖူးတာ သုံးယောက်လောက် ရှိပြီလို့ ပြောပါတယ်။ သူ့နယ်လေးတစ်ခုမှာတောင် ရေငုပ်ပြီးဖြစ်တာ သုံးယောက်ရှိပြီဆိုတော့ မြန်မာတစ်ပြည်လုံးအတိုင်းအတာနဲ့ဆိုရင် အများကြီးရှိနိုင်မယ်လို့ ခန့်မှန်းမိပါတယ်။

ရေငုပ်သမားအများစုက ရေငုပ်ရင် ခန္ဓာကိုယ်အောက်ပိုင်းသေတတ်တယ်ဆိုတာကို နားလည်ပုံမရပါဘူး။ ရေငုပ်တဲ့သူတွေက အန္တရာယ်များတယ်ဆိုတာကို ရေငုပ်လုပ်သားတွေအားလုံး နားလည်သင့်ပါတယ်။ အန္တရာယ်မဖြစ်အောင် ကာကွယ်ရမယ့်နည်းတွေကိုလည်း သိထားသင့်ပါတယ်။ စနစ်တကျ ကာကွယ်သင့်ပါတယ်။ သက်ဆိုင်ရာ လုပ်ငန်းရှင်တွေ၊ ဋ္ဌာနတွေကလည်း ရေငုပ်သမားတွေ အန္တရာယ်မကျရောက်စေဖို့ ကာကွယ်ရမယ့်နည်းလမ်းတွေကို ပညာပေးသင့်ပါတယ်။

မေး ။ ရေငုပ်သမားတွေမှာ ဖြစ်တဲ့ ကျန်းမာရေး ပြဿနာကို ဘယ်လိုခေါ်ပါသလဲ ဆရာ။
ဖြေ ။ ရေငုပ်သမားတွေမှာဖြစ်တဲ့ ကျန်းမာရေးပြဿနာကို Diver’s Bend လို့ခေါ်ပါတယ်။ ရေငုပ်သမားတွေက အဆစ်အမျက်တွေကိုက်ပြီး ကွေးကွေးလေး ဖြစ်နေတတ်လို့ ခေါ်တာပါ။ နောက်တစ်မျိုးက တံတားဆောက်တဲ့အခါ ရေအောက်မှာမြေကြီးတူးပြီး ရေမဝင်အောင် ဖိအားပေးထားတဲ့ ကန်(Caisson) ဆောက်ပြီး အဲဒီအထဲမှာ အလုပ်လုပ်ရတဲ့သူတွေမှာ ဖြစ်တတ်တာကြောင့် Caisson Disease လို့လည်း ခေါ်ပါတယ်။ နောက်တစ်မျိုးအနေနဲ့ ရေဖိအား လျော့ကျသွားတဲ့ အချိန်မှာ ဓာတ်ငွေ့ထွက်တာကြောင့် ဖြစ်တဲ့ ရောဂါဖြစ်လို့ Decompression Sickness လို့လည်း ခေါ်ပါတယ်။

မေး ။ ရေငုပ်သမားတွေမှာ ဘာကြောင့် ကျန်းမာရေး ပြဿနာဖြစ်ရတာပါလဲ ဆရာ။
ဖြေ ။ ဖြစ်ရတဲ့ အကြောင်းရင်းက ရေငုပ်တဲ့အခါ လေပိုက်ကို ပါးစပ်မှာ တပ်ပြီး ငုပ်ရပါတယ်။ အပေါ်က လေကို တွန်းချပေးတဲ့ နည်းနဲ့ အသက်ရှူရပြီး ရေထဲ ရောက်လာတဲ့အခါမှာ ဖိအားများလာပါတယ်။ လေထဲမှာ အကြမ်းအားဖြင့် အောက်ဆီဂျင် ၂၀ရာခိုင်နှုန်း၊ နိုက်ထရိုဂျင် ၈၀ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ အောက်ဆီဂျင်က ပြဿနာမပေးပေမယ့် နိုက်ထရိုဂျင်ဟာ ဖိအားများလာတဲ့အခါမှာ ခန္ဓာကိုယ်ထဲက တစ်သျှူး၊ အထူးသဖြင့် အဆီတစ်သျှူးတွေထဲကိုဝင်ပါတယ်။ ငုပ်တဲ့ ရေနက်လေလေ၊ ရေထဲ ကြာကြာ နေလေလေ၊ အဆီတစ်သျှူးထဲ နိုက်ထရိုဂျင် ပိုဝင်လေလေပဲ ဖြစ်ပါတယ်။ ရေငုပ်တဲ့သူက ရေပေါ်ကို ပြန်တက်တဲ့အချိန်မှာ ခပ်မြန်မြန်တက်ရင် ပျော်ဝင်နေတဲ့ နိုက်ထရိုဂျင်တွေက ပူဖောင်းအနေနဲ့ တစ်သျှူးတွေထဲကနေ ရုတ်တရက် ပြန်ထွက်လာပါတယ်။ ထွက်လာတဲ့ နိုက်ထရိုဂျင်ဓာတ်ငွေ့တွေက ဦးနှောက်၊ အဆစ်အမျက်၊ ကြွက်သားနဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေထဲကို ရောက်သွားပါတယ်။ အဲဒီအခါ ရောဂါဝေဒနာတွေ အများကြီး ပေးနိုင်ပြီး အသက်ဆုံးရှုံးတဲ့အထိကို ဖြစ်စေနိုင်ပါတယ်။

မေး ။ ရေငုပ်သမားတွေမှာ ဘယ်လို ကျန်းမာရေး ပြဿနာတွေ ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ ။

ရေငုပ်သမားတွေမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ အဆစ်တွေ ထိခိုက်တာပါ။ အထူးသဖြင့် အဆစ်ကြီးတွေဖြစ်တဲ့ တံတောင်ဆစ်၊ ပခုံး၊ ပေါင်တွေ အောင့်သက်သက်ဖြစ်တာ၊ တအားနာတာတွေ ဖြစ်တတ်ပါတယ်။ ဒူးနဲ့ ခြေကျင်းဝတ်တွေလည်း နာတတ်ပါတယ်။ နာနေတုန်းလှုပ်ရှားရင် ပိုပြီး နာတတ်တာကြောင့် မလှုပ်ရှားရပါဘူး။

အရေပြား ယားယံတာ၊ မျက်နှာ၊ လည်ပင်းနဲ့ နားရွက်တွေ ယားယံတာ၊ အရေပြား ရောင်ရမ်းတာ၊ အစက်အပြောက်တွေဖြစ်တာ၊ အရေပြားပေါ် အကောင်လေးတွေ တက်နေသလို ခံစားရတာတွေ ဖြစ်တတ်ပါတယ်။ အာရုံကြောနဲ့ ဦးနှောက်ကိုလည်း ထိခိုက်စေနိုင်ပြီး အမူအရာပြောင်းတာ၊ မေ့တာ၊ အမြင်အာရုံက ပုံမှန်မဟုတ်တော့တာ၊ လေဖြတ်တဲ့ လက္ခဏာတွေပေါ်တာ၊ အာရုံကြောမကြီး (Spinal Cord) ထိတာတွေ ဖြစ်တတ်ပါတယ်။ ဆီးတွေ၊ ဝမ်းတွေ သွားလို့ မရတာ၊ ခြေလက်လှုပ်လို့မရတာ၊ နားထိတဲ့အခါ မူးတာ၊ အန်တာ၊ နားမကြားရတာတွေ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်ဟန်ချက်ပျက်တာ၊ ယိုင်တာ၊ အဆုတ်ထိရင် ချောင်းဆိုးတာ၊ ရင်ပူတာ၊ ရင်ညွှန့်အောက် ပူတာ၊ အသက်ရှူရင် ပိုဆိုးတာတွေ ဖြစ်တတ်ပါတယ်။ အဖြစ်အများဆုံးကတော့ အဆစ်၊ လက်နဲ့ခြေထောက်တွေနာတာပဲဖြစ်ပါတယ်။ ရေငုပ်ပြီးပြန်တက်တဲ့ တစ်နာရီအတွင်း ဒီလို လက္ခဏာတွေ ဖြစ်တဲ့သူဦးရေက ၄၂ရာခိုင်နှုန်း ရှိပါတယ်။ အချိန် ၄၈နာရီအထိ ဆက်ဖြစ်နေတတ်ပါတယ်။

မေး ။ ဒီလို ရောဂါလက္ခဏာတွေ ဖြစ်လာရင် ဘယ်လို ကုသမှုခံယူသင့်ပါသလဲ ဆရာ။
ဖြေ ။ ဒီရောဂါလက္ခဏာတွေပြရင် ကုသမှုကိုအစောဆုံး ခံယူသင့်ပါတယ်။ စောစောကုသမှုခံယူရင် ကောင်းနိုင်ပါတယ်။ အသက်ကြီးလေလေ ဖြစ်နိုင်ခြေ ပိုများလေလေပါပဲ။ အရင်က ခြေထောက်နဲ့ လက်အဆစ် တွေ ထိခိုက်မှုရှိတဲ့သူတွေကဖြစ်ဖို့ ပိုများပါတယ်။ ရေငုပ်တဲ့အခါ ရေက သိပ်အေးလွန်းရင်လည်း ဖြစ်နိုင်ခြေများပါတယ်။ ခန္ဓာကိုယ် အဆီများရင်၊ အမျိုး သမီးဆိုရင် ဖြစ်နိုင်ခြေများပါတယ်။ အရက်သောက်ထားတဲ့သူ၊ ရေဓာတ်ခမ်းခြောက်နေသူတွေမှာ ဖြစ်နိုင်ခြေများသလို နှလုံးရဲ့ Atrum မှာ အပေါက်ရှိနေရင်လည်း ဖြစ်နိုင်ခြေများပါတယ်။

မေး ။ ရေငုပ်သမားတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ ။ ကာကွယ်မှုအနေနဲ့ ရေငုပ်လုပ်သားတွေအပေါ် ပြန်တက်လာရင် မြန်မြန် မတက်ရပါဘူး။ တစ်မိနစ်ကို အလွန်ဆုံး ၂၂ ပေ (၁၀မီတာ)ထက် ပိုပြီး မတက်ရပါဘူး။ ကြားထဲမှာ ခြောက်မီတာ(ပေ၂၀) ရောက်ရင်တစ်ခါရပ်ပေးရပါတယ်။ ၁၅ပေရောက်ရင်လည်း တစ်ကြိမ်နားပေးဖို့လိုပြီး ၁၀ပေရောက်ရင်လည်း တစ်ခါ နားပေးရပါတယ်။

ရေငုပ်သမားတွေအနေနဲ့ လိုက်နာရမယ့် ကာကွယ်မှုတွေကတော့ တစ်နေ့ သုံးကြိမ်ထက်ပိုပြီး ရေမငုပ်ပါနဲ့။ ရေမငုပ်ခင် ပင်ပင်ပန်းပန်း မလုပ်သင့်သလို ရေငုပ်ပြီးရင်လည်း အလုပ်ခပ်ကြမ်းကြမ်း မလုပ်သင့်ပါဘူး။ ရေမငုပ်ခင်မှာ ရေဓာတ်မခမ်းခြောက်အောင် ရေခပ်များများသောက်ထားရပါမယ်။ အရက်သောက်မထားသင့်ပါဘူး။ ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်ရင် အန္တရာယ်ရှိပါတယ်။ ရာသီဥတုပူတဲ့ အချိန်မှာလည်း ရေမငုပ်သင့်ပါဘူး။ အအေးသိပ်မခံသင့်ပါဘူး။ ငြိမ်ငြိမ်နေရပါမယ်။ ဖြစ်သွားတဲ့အခါ ဆေးရုံကို မြန်မြန်သွားပြသင့်ပါတယ်။

နိုင်ငံခြားမှာတော့ Dive Computer ဆိုတဲ့ ရေအနက်ဘယ်လောက်ရောက်နေတယ်၊ ရေငုပ်တာ ဘယ်လောက်ကြာနေပြီ၊ ဘယ်လောက်တက်သင့်တယ်၊ နားသင့်တယ် စသဖြင့် ညွှန်ပြပေးနေတဲ့လက်ပတ် ကိရိယာလေးတွေ ရှိပါတယ်။ ဒီကိရိယာမရှိတဲ့ ရေငုပ်လုပ်သားတွေကတော့ စိတ်ချရအောင် ရေငုပ်ပြီး အပေါ်ပြန်တက်တဲ့အခါ ငါးမီတာရောက်တိုင်း သုံးမိနစ်ခန့် ရပ်ပေးပါ။ တစ်မိနစ်ကို ၁၀ မီတာထက် ပိုမတက်သင့်ပါဘူး။ရေငုပ်သမားတွေတင်မက ဖိအားနဲ့ မဖိထားတဲ့ အခန်းမရှိတဲ့ လေယာဉ်ပျံစီးတဲ့သူတွေလည်း Decompression Sickness ဖြစ်နိုင်ပါတယ်။

မေး ။ ဒီရောဂါ ဖြစ်ဖြစ်ချင်း ဘယ်လို စောင့်ရှောက်မှု ပေးသင့်ပါသလဲ ဆရာ။
ဖြေ ။ ဒီရောဂါဖြစ်လာပြီဆိုရင် ဖြစ်ဖြစ်ချင်း ၁၀ဝ ရာခိုင်နှုန်းအောက်ဆီဂျင်ကို Mask နဲ့ ပေးရပါမယ်။ မေ့မျောသွားခဲ့ရင် ရှေးဦး ကုထုံးပေးရပါမယ်။ ဖြစ်နိုင်ရင် Recompression Chamber ထဲ ထည့်ကုရပါမယ်။ လိုအပ်ရင် အရေးပေါ်ကုသမှု (Pergency Service) ကို ခေါ်ရပါမယ်။ ဒီလို ရောဂါလက္ခဏာတွေရရင် လှုပ်ရှားမှုမလုပ်ရပါဘူး။ ငြိမ်ငြိမ်နေရပါမယ်။ လူနာကို အရည်များများ တိုက်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top