Healthy Life Ad
Life Style

သက်ကြီးရွယ်အိုတို့ မျက်စိအမြင်အာရုံ ဆုံးရှုံးရသည့် အဓိကအကြောင်းရင်းများ

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ အရွယ်ရောက်တဲ့ လူကြီးတွေမှာ ဘယ်လို အကြောင်းအချက်တွေကြောင့် မျက်စိအမြင်အာရုံထိခိုက်မှုဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ ။ လူကြီးတွေမှာ အသက်ကြီးလာတာကြောင့် ဖြစ်တတ်တဲ့(၁)အတွင်းတိမ်ရောဂါ၊ (၂) ရေတိမ်ရောဂါ၊ (၃)မျက်ကြည်လွှာရောဂါတွေနဲ့ (၄) မျက်စိအာရုံခံလွှာရောဂါတွေကြောင့် မျက်စိမမြင်တာ အဖြစ်များပါတယ်။

မေး ။ အတွင်းတိမ်ရောဂါကြောင့် မျက်စိအမြင်အာရုံဆုံးရှုံးရတဲ့ အကြောင်းရင်းကို သိပါရစေ ဆရာ။
ဖြေ ။ အတွင်းတိမ်ရောဂါ မဖြစ်အောင်ကတော့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့လိုပါတယ်။ အခုလို နွေရာသီမှာဆိုရင် နေကာမျက်မှန်ကိုတပ်ထားသင့်ပါတယ်။ အတွင်းတိမ်က အသက်ကြီးလို့လည်း ဖြစ်တတ်တဲ့အတွက် အသက်ကြီးလို့ဖြစ်တဲ့ အတွင်းတိမ်ရောဂါကိုတော့ ကာကွယ်လို့မရပါဘူး။ အတွင်းတိမ်ဖြစ်လာရင် စောစောခွဲစိတ်ကုသမှုခံယူလိုက်ရင် မျက်စိမမြင်တာကို မဖြစ်စေနိုင်ပါဘူး။

မေး ။ ရေတိမ်ကကော ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။
ဖြေ ။ ရေတိမ်ရောဂါကလည်း ဖြစ်ရတဲ့အကြောင်းရင်းကို တိတိကျကျမသိတာကြောင့် ကာကွယ်ဖို့ မလွယ်ပါဘူး။

မေး ။ မျက်ကြည်လွှာရောဂါတွေကရော ဘာကြောင့် ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ ။ မျက်ကြည်လွှာရောဂါတွေကို အဓိကဖြစ်စေနိုင်တာက ကူးစက်ပိုးဝင်တာကြောင့်ပါ။ ပတ်ဝန်းကျင် တစ်ခုလုံးက မျက်စိကိုထိခိုက်စေနိုင်တဲ့ အရာတွေချည်းပါပဲ။ လယ်သမားတွေဆိုရင် လယ်လုပ်ရင်း မျက်စိထဲကို ကောက်ရိုးမှိုထိုးမိတယ်။ ရွှံ့ဗွက်ရေတွေ ဝင်တယ်။ အလုပ်သမားတွေဆိုရင် မျက်စိထဲကို သံတိုသံစတွေ ဝင်တယ်။ ဒါတွေအားလုံးက ကာကွယ်လို့ရတဲ့ အရာတွေချည်းပါပဲ။ မျက်စိကို အကာအကွယ်ပေးနိုင်တဲ့ မျက်မှန် (Protective Goggle) ကိုတပ်ဆင်ထားဖို့လိုပါတယ်။ ဒီလိုအကာအကွယ်တွေယူထားဖို့ လုပ်ငန်းခွင် ဥပဒေတွေမှာလည်း အတိအကျ ပြဌာန်းထားပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ လိုက်နာဆောင်ရွက်မှုမှာတော့ အားနည်းနေပါသေးတယ်။

စက်ရုံ၊ အလုပ်ရုံတစ်ခုမှာအလုပ်သမား ဘယ်နှယောက်ခန့်ထားမှာလဲ၊ အလုပ်သမားတစ်ဦးအတွက် နေရာအကျယ်အဝန်းက ဘယ်လောက်ရှိသင့်တာလဲ၊ ရေချိုးခန်းနဲ့အိမ်သာက ဘယ်လိုထားရှိရမလဲ၊ ရေနုတ်မြောင်းတွေက ဘယ်လိုထားရှိသင့်သလဲ၊ အလုပ်သမားတွေ ဘေးကင်းရေးအတွက် ဘယ်လိုကာကွယ်တဲ့နည်းလမ်းတွေကို လိုက်နာသင့်သလဲ စတဲ့ စံချိန်စံညွှန်းတွေက သတ်မှတ်ထားပြီးသားပါ။ ဒါပေမဲ့ ဒီစံချိန်စံညွှန်းတွေကို အတိအကျလိုက်နာ ဆောင်ရွက်မှုပိုင်းမှာတော့ အားနည်းနေသေးတာကို တွေ့ရပါတယ်။

လက်သမားတွေက အကာအကွယ် မျက်မှန်ကိုတပ်ထားပြီး အလုပ်လုပ်ဖို့ကျတော့ ရှုပ်တယ်လို့ ထင်နေတယ်။ အကာအကွယ်မျက်မှန်က ဈေးသိပ်မကြီးပါဘူး။ ဒါပေမဲ့ ရှုပ်တယ်လို့ ထင်နေတယ်။ တပ်တဲ့ အကျင့်ကလည်း မရှိတော့ မတပ်ချင်ကြဘူး။ ဥပမာ ပြောရရင် တိုက်ပုံဝတ်နေကျမဟုတ်တဲ့သူတွေ တိုက်ပုံဝတ်ရတဲ့အခါ သက်သောင့်သက်သာမရှိသလိုမျိုးပဲ အကာအကွယ်မျက်မှန်ကို မတပ်ချင်ကြတာပါ။ တကယ်တော့ ဒီအကာအကွယ် မျက်မှန်တွေကို တပ်ထားရင် သံတိုသံစတွေ၊ အမှိုက်သရိုက်တွေ မဝင်ပါဘူး။ ဂဟေဆော်လည်း မျက်စိကို စူးတာမျိုး မဖြစ်တော့ပါဘူး။

လယ်သမားတွေကျတော့လယ်ထွန်ရင်း ဖုန်ဝင်တာ၊ ရွှံ့စင်တာ၊ ကောက်ရိုးစတွေ၊ သစ်ပင်တွေ ထိုးမိတာတွေ၊ နေရောင်ခြည်ဒဏ်ခံရတာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေကို ကာကွယ်ဖို့က ခက်ပါတယ်။ သူတို့အနေနဲ့ကျတော့ နေကာမျက်မှန် အကောင်းစားမဟုတ်တောင် ဈေးပေါတဲ့ နေကာမျက်မှန်တစ်လက် ကိုတပ်ထားရင်ရပါတယ်။ အနားကြီးတဲ့ ဝါးဦးထုပ်ကို ဆောင်းထားရင် မျက်စိထဲကို အမှိုက်တွေ တိုက်ရိုက်မဝင်နိုင်ပါဘူး။ နေရောင်ခြည်ဒဏ်လည်း မခံရနိုင်ပါဘူး။

မေး ။ မျက်စိအာရုံခံလွှာဆိုင်ရာရောဂါတွေ မဖြစ်အောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ ဆရာ။
ဖြေ ။ မျက်စိအာရုံခံလွှာရောဂါတွေ (Retinal Problem)ဖြစ်တာကလည်း ဘဝနေထိုင်စားသောက်မှုပုံစံကြောင့် ပြောင်းလဲလာပါတယ်။

လူတွေက အခုခေတ်မှာ အဆင်သင့်အစာ (Fast Food)တွေ စားလာကြတယ်။ အဲဒီအဆင်သင့်အစာတွေက ကိုလက်စထရောတွေ များစေတယ်၊ သကြားတွေလည်း ပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုရောဂါတွေ ဖြစ်လာကြပါတယ်။ ဒါတွေဟာ ဆီးချိုသွေချိုရောဂါနဲ့ ဆက်စပ်တဲ့ မျက်စိအာရုံခံလွှာ ရောဂါတွေ (Diabetic Retinopathy)ကိုဖြစ်လာစေတဲ့အကြောင်းရင်း ဖြစ်ပါတယ်။

မဖြစ်အောင်ဆိုရင် ဆီးချိုရောဂါ မဖြစ်အောင်ကာကွယ်ဖို့နဲ့ ရောဂါဖြစ်လာရင် သေချာကုသဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top