Healthy Life Ad
Life Style

သံဓာတ်ချို့တဲ့သည့်သွေးအားနည်းရောဂါ

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

သွေးထဲမှာ သွေးနီဥလေးတွေ လျော့နည်းနေတဲ့အခါ၊ ဟေမိုဂလိုဘင်ပမာဏ လျော့နည်းနေတဲ့အခါ သွေးအားနည်းတယ်လို့ သတ်မှတ်ပါတယ်။ သွေးအားနည်းရတာက သွေးထွက်များလို့ (ဥပမာ-ကားမတော်တဆထိခိုက်မှု)၊ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရောဂါရှိတာ၊ အာဟာရချို့တဲ့မှုကြောင့် ရိုးတွင်းခြင်ဆီက သွေးနီဥထုတ်လုပ်နိုင်စွမ်းနည်းတာ၊ ထုတ်လိုက်တဲ့ သွေးနီဥက အကြောင်းကြောင်းကြောင့် ပျက်စီးတာစတဲ့ အကြောင်းတွေကြောင့် ဖြစ်တတ်ပါတယ်။
သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါက မြန်မာနိုင်ငံမှာလည်း အဖြစ်များပါတယ်။ တချို့လူတွေမှာ မသိမသာ သွေးအားနည်းရောဂါဖြစ်ပြီး တချို့ကျတော့ ပြင်းပြင်းထန်ထန် ဖြစ်တာကို တွေ့ရပါတယ်။

ဘာကြောင့် သံဓာတ်ချို့တဲ့ရသလဲ
စားနေတဲ့ အစားအသောက်တွေမှာ သံဓာတ်လျော့နည်းနေတာ၊
အူလမ်းကြောင်း၊ အစာအိမ်လမ်းကြောင်းမှာ သံဓာတ်ဆုံးရှုံးနေတာ၊
ခန္ဓာကိုယ်ထဲကနေ သံဓာတ်စုပ်ယူမှု လျော့နည်းနေတာ၊
ကလေးတွေမှာ သန်ကောင်တွေများနေတာ၊
သွေးမကြာခဏ လှူဒါန်းနေတာ၊
ဘယ်သူတွေ ပိုဖြစ်သလဲ

ကလေးမီးဖွားထားတဲ့ အမျိုးသမီးတွေ၊

ကိုယ်ဝန်ဆောင်မိခင်တွေ၊

မိခင်နို့ချို တိုက်ကျွေးနေတဲ့ မိခင်တွေ၊

ပြည့်ဝစာကို မျှတအောင် မစားတဲ့သူတွေ၊ စားသောက်ပုံ မမှန်ကန်သူတွေ၊

သွေးလှူထားသူတွေ၊

သက်သတ်လွတ်စားသူတွေ၊

လမစေ့ကလေးလေးတွေ၊

သက်သတ်လွတ်စားသူတွေမှာ သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါ ဖြစ်တတ်ပါတယ်။

သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါ ဖြစ်ရင် ဘာတွေ ခံစားရသလဲ

မူးတာ၊ မလှုပ်ချင်မကိုင်ချင်တာ၊

ခေါင်းကိုက်တာ၊

အားမရှိသလို ခံစားရတာ၊

ခြေထောက်တွေ ထုံကျဉ်တာ၊ ခြေဖျားလက်ဖျားတွေ အေးတာ၊

နှလုံးခုန်နှုန်း မမှန်တာ၊

လက်သည်းချိုင့်ဝင်တာ၊ ခြေသလုံးကြွက်သားမှာ တစ်ခုခုသွားနေသလို ခံစားရတာ၊

ကလေးတွေမှာ စာကျက်လို့မရတာ၊ စူးစိုက်လို့မရတာ၊ သင်္ချာတွက်ခိုင်းရင် ဖန်တီးတွက် ချက်နိုင်စွမ်းနည်းတာ၊

အသားအရေ ဖြူဖပ်ဖြူရော်ဖြစ်တာ၊ လျှာနီရဲတာ၊ လျှာမှာ အဖုတွေ ထွက်တာ စတာတွေ ခံစားရတတ်ပါတယ်။

ဘယ်လိုကုသသင့်သလဲ

အစားအသောက်နဲ့ ကုတာ အကောင်းဆုံးပါ။

သံဓာတ်ကြွယ်တဲ့ အစားအသောက်တွေ စားသောက် ပေးရပါမယ်။ အဲဒါတွေကတော့ အနီရောင်အသား၊ အုတ်ဂျုံကွေကာ၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်၊ အခွံမာသီး စတာတွေဖြစ်ပါတယ်။ ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှုအားကောင်းဖို့ ဗီတာမင်စီများတဲ့အစား အသောက်တွေနဲ့တွဲစားရပါမယ်။

လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ လက်ဖက်ရည်ကြမ်း၊ ကော်ဖီ၊ လက်ဖက်ရည်တွေက သံဓာတ်စုပ်ယူမှုကို ဟန့်တားတတ်တဲ့အတွက် ရှောင်သင့်ပါတယ်။

သံဓာတ်ပါတဲ့ ဆေးကို ဘယ်အချိန်သောက်ရင် အကောင်းဆုံးလဲ

သံဓာတ်ပါတဲ့ ဆေးကို အစာစားပြီးပြီးချင်း သောက်တာ အကောင်းဆုံးပါ။

သံဓာတ်ပါတဲ့ ဆေးသောက်ပြီး ဝမ်းချုပ်တယ်ဆိုရင် ရေသောက်တာ၊ အသီးအရွက်စားတာတို့လုပ်ပြီး ဝမ်းမှန်အောင်လုပ်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top