Healthy Life Ad
Q & A

ဖျားတာ ရက်ကြာနေရင် . .

မေး ။ ဖျားတာ ရက်ကြာနေလို့ပါ။ ဖျားတာ ရက်ကြာနေရင် ဘာရောဂါများ ဖြစ်နိုင်မလဲ သိချင်ပါတယ်။

ပါမောက္ခဦးကိုကို(ဆီးချိုနှင့် အထွေထွေအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ ဖျားပြီဆိုရင် တစ်ပတ်အောက်လောက်ဆို ဆရာတို့ အများဆုံး စဉ်းစားတာက တုပ်ကွေးပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ အဖျားဆိုရင် ထူးခြားချက်က ခုနစ်ရက်လောက်ပဲ ဖျားတယ်။ အဖျားကြီးတယ်။ ပြီးတော့ ချမ်းတုန်ဖျား (Chilled Fever) တတ်တယ်။ ဗိုင်းရပ်စ်ကြောင့် ဖျားတာမှာ နှစ်မျိုးကွဲသွားတာက အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ကြောင့်ဖျားရင် လည်ချောင်းနာတယ်၊ နှာစေးတယ်၊ ချောင်းဆိုးတယ်။ ဒါက ပုံမှန် အအေးမိ၊ နှာစေး၊ ချောင်းဆိုးတာဖြစ်ပါတယ်။ ဒါက သိပ်ပြဿနာ မရှိပါဘူး။

နောက်တစ်ခုက အဖျားတစ်ခုတည်း တက်နေတယ်၊ ကျန်တာဘာမှမဖြစ်ဘူးဆိုရင် သွေးလွန်တုပ်ကွေးဖြစ်မှာစိုးရိမ်ရတယ်။ ဒါဆိုရင် ဖျားတာက ခုနှစ်ရက်လောက်၊ ငါးရက်မြောက်နေ့လောက်မှာ ဖျားရင်း အညိုရောင်အန်တာနဲ့ ရှော့ခ်ရတာတွေ ဖြစ်တတ်တယ်။ တကယ်လို့ရှော့ခ်မရဘူးဆိုရင် အနီစက်တွေ ပေါ်လာပြီး ပြန်ကောင်းသွားပါတယ်။

တစ်ပတ်အတွင်းမှာဆိုရင် တုပ်ကွေးဖြစ်နိုင်တယ်၊ သွေးလွန်တုပ်ကွေးလည်းဖြစ်နိုင်တယ်၊ နောက်တစ်ခုက ဆီးလမ်းကြောင်း ပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်တယ်။ အဲဒီအခါ ဆီးသွားရင် ပူလား၊ အောင့်လား ဆိုတာတွေ မေးမြန်းရတယ်။ ချောင်းဆိုးပြီး ရင်ကျပ်တယ်ဆိုရင် နမိုးနီးယားဖြစ်နိုင်သလို အဆုတ် လေပြွန်ရောင်တာလည်း ဖြစ်နိုင်တယ်။ ဗိုက်အောင့်တယ်၊ ညာဘက်နံရိုးအောက်မှာ အောင့်တယ်ဆိုရင် သည်းခြေအိတ် ရောင်တာလည်း ဖြစ်နိုင်တယ်၊ RIF ဆိုတဲ့ ဗိုက်အောက်ပိုင်း အောင့်တယ်ဆိုရင် အူအတက်ရောင်တာ ဖြစ်နိုင်တယ်။ ဒါတွေကတော့ ဖြစ်တဲ့ လက္ခဏာတွေပေါ် မူတည်ပြီး လိုက်စဉ်းစားရတာပါ။ ပြီးတော့ ခရီးက ပြန်လာရင် ငှက်ဖျားရောဂါကိုစဉ်းစားရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top