Healthy Life Ad
Life Style

ဂရင်ဂျီနာ ခွဲစိတ်ကုသမှု

ပါမောက္ခဦးအေးမွန်(ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ဂရင်ဂျီနာဖြစ်ရင် ခွဲစိတ်ကုသမှု ခံယူရပါသလား ဆရာ။
ဖြေ ။ ဂရင်ဂျီနာက ခွဲစိတ်ကုသမှပဲ ပျောက်ကင်းနိုင်ပါတယ်။

ဆီးချိုသွေးချိုရောဂါရှိတဲ့သူ၊ ကင်ဆာဆေးသွင်းကုသမှု ခံယူနေရတဲ့သူ၊ ကင်ဆာရောဂါကြောင့် ခန္ဓာကိုယ်အောက်ပိုင်းကို ဓာတ်ရောင်ခြည်ပေးပြီး ကုသမှုခံယူနေရတဲ့သူ၊ HIV ပိုးရှိတဲ့သူ၊ အစာဟောင်းအိမ်ကင်ဆာရှိတဲ့သူ၊ ခရုမ်းရောဂါ (Chron’s Disease)ရှိတဲ့သူတွေမှာ ဂရင်ဂျီနာက အဖြစ်များပါတယ်။

အဓိကကတော့ တစ်ကိုယ်ရေး သန့်ရှင်းရေးနဲ့ စအိုတစ်ဝိုက်သန့်ရှင်းရေး မကောင်းတဲ့သူတွေမှာ အဖြစ်များပါတယ်။ ဂရင်ဂျီနာဖြစ်တဲ့ လူနာက ဆီးချို သွေးချိုရောဂါနဲ့ အူလမ်းကြောင်း ရောင်ရမ်းတဲ့ ရောဂါစတာတွေနဲ့ တွဲဖြစ်နေရင် အဲဒီရောဂါတွေကိုတော့ ဆေးနဲ့ထိန်းပေးရပါတယ်။

မေး ။ ဂရင်ဂျီနာ ခွဲစိတ်ကုသတဲ့ နည်းလမ်းတွေကို သိပါရစေ ဆရာ။
ဖြေ ။ ဂရင်ဂျီနာကို ခွဲစိတ်ကုသတဲ့ နည်းတွေကတော့ ဂရင်ဂျီနာလမ်းကြောင်းကို ဖွင့်ချတာ (Fistulotomy)နဲ့ ဂရင်ဂျီနာလမ်းကြောင်းတစ်ခုလုံးကို ဖြတ်တောက်ဖယ်ထုတ်တာ (Fistulectomy) ဆိုပြီး အဓိက နည်းနှစ်နည်းရှိပါတယ်။

ပထမနည်းက မာတောင့်နေတဲ့ ဂရင်ဂျီနာလမ်းကြောင်းတစ်ခုလုံးကို အရေပြားပေါ်က တောက်လျှောက်ဖွင့်ချလိုက်တာဖြစ်ပါတယ်။ ပြီးမှ ပွင့်နေတဲ့ လမ်းကြောင်းအတွင်းပိုင်းကို ခြစ်ထုတ် (Curette) သန့်ရှင်းပါတယ်။

ဒုတိယနည်းကတော့ ဂရင်ဂျီနာလမ်းကြောင်း တစ်ခုလုံးကို ပတ်ချာလည်ဝိုက်ပြီး လှီးထုတ်တာ ဖြစ်ပါတယ်။ နည်းနှစ်နည်းလုံးက အနာကို ပြန်မချုပ်ဘဲ ဖွင့်ထားရပါတယ်။

ဒီလိုနည်းတွေနဲ့ ဂရင်ဂျီနာကို ခွဲစိတ်ပြီးနောက် ရက်တွေမှာ တစ်နေ့ကို နှစ်ကြိမ်- သုံးကြိမ်လောက် ဆားရည်ထိုင်ပေးတာ (Sitz Bath)၊ ပဋိဇီဝပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေ ပေးတာ . . ဒီလိုနည်းတွေနဲ့ ဆက်လက်ကုသမှုပေးရပါတယ်။ ရောဂါအကြီးအသေး၊ အတိမ်အနက်ပေါ်မူတည်ပြီး အနာကျက်ဖို့ သီတင်းပတ်၂ပတ်-၆ပတ်ကြာပါတယ်။ အနာကျက်တယ်ဆိုတာက အောက်ခြေကနေ အသားနုက တဖြည်းဖြည်းချင်း တက်လာပြီး ဘေးနှုတ်ခမ်းနားချင်း ထိသွားတာကို ဆိုလိုပါတယ်။

တကယ်လို့ ဂရင်ဂျီနာက High Type လို့ခေါ်တဲ့ လမ်းကြောင်းက စအိုထိန်းကြွက်သားတွေကို ဖြတ်ပြီး အစာဟောင်းအိမ်မှာ ပွင့်နေရင် Seton ဆိုတဲ့ ခွဲစိတ်နည်းကိုသုံးရပါတယ်။ ဒီနည်းက လမ်းကြောင်းတစ်ခုလုံးဖွင့်ချဖို့၊ ဝေးလွန်း၊ မြင့်လွန်းနေရင်အောက်ခြေလမ်းကြောင်း ရသလောက်ဖွင့်ပြီး လက်ကျန်လမ်းကြောင်းကနေ အတွင်းပေါက်အထိ ခိုင်ခံ့တဲ့ ချုပ်ကြိုးတစ်ချောင်း ဒါမှမဟုတ် ကော်လာဂျင်စ ဒါမှမဟုတ် တိပ်ကြိုးတစ်ခုခုနဲ့ ရစ်သိုင်းပြီး ချည်တဲ့နည်း ဖြစ်ပါတယ်။ အပေါ်ဆုံးအတွင်းပေါက် ရောက်တဲ့ အထိအကုန်လှီးထုတ်လိုက်ရင် စအိုကြွက်သားတွေ ပြတ်ထွက်သွားပြီး ဝမ်းမထိန်းနိုင်တာမျိုး ဖြစ်မှာစိုးလို့ပါ။ အခုတော့ သိုင်းချည်ထားတဲ့ ကြိုးကို ငါးရက်-တစ်ပတ်မှာ တစ်ကြိမ်လောက် တဖြည်းဖြည်း တင်းပေးလိုက်တော့ လက်ကျန်လမ်းကြောင်းကို ဖြည်းဖြည်းချင်း ဖြတ်ချသလို ဖြစ်သွားပါတယ်။ တစ်ပြိုင်တည်းမှာပဲ စအိုထိန်းကြွက်သားတွေက အနာရွတ်တက်လာတော့ ဝမ်းမထိန်းနိုင်တာမျိုး မဖြစ်တော့ပါဘူး။

မေး ။ ဂရင်ဂျီနာကို ခွဲစိတ်ကုသပြီးရင် ပြန်ဖြစ်နိုင်ခြေ ရှိပါသလားဆရာ။
ဖြေ ။ ဂရင်ဂျီနာကို စနစ်တကျခွဲစိတ်ကုသပြီး တွဲဖက်ဖြစ်ပေါ်နေတဲ့ ရောဂါတွေ (ဥပမာ-တီဘီရောဂါ၊ ဆီးချိုသွေးချိုရောဂါ)ကို စနစ်တကျထိန်းချုပ်ကုသကာ အနာကျက်တဲ့အထိ ခွဲစိတ်ဆရာဝန်ထံ မှန်မှန်ပြသမယ်ဆိုရင် ပြန်ဖြစ်နိုင်ခြေနည်းပါတယ်။ ဒါပေမဲ့ လေ့လာမှုတွေအရ ခွဲစိတ်ပြီး ဂရင်ဂျီနာပြန်ဖြစ်နိုင်ခြေက ၁၀ ရာခိုင်နှုန်းတော့ရှိတယ်လို့ သိရပါတယ်။ ဒီလိုပြန်ဖြစ်တာက တွဲဖက်ဖြစ်တဲ့ ရောဂါတွေကို ထိန်းချုပ်မှုအားနည်းတာ၊ နောက်ဆက်တွဲ အနာကျက်တဲ့အထိ စနစ်တကျကုသမှုမခံယူတာနဲ့ ကိုယ်ခံအားမပြည့်ဝတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top