Healthy Life Ad
Health Tips

၀က်ခြံမြေပုံကပြသနေသည့်ကျန်းမာရေးပြဿနာများ

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

ဝက်ခြံမြေပုံလို့ ပြောတာနဲ့ဘာပါလိမ့်လို့ ထင်စရာပါ။ သင့်မျက်နှာကို မြေပုံတစ်ခုလို သဘောထားပြီး ဝက်ခြံပေါက်တဲ့ နေရာကို ကြည့်လိုက်ပါ။ ဝက်ခြံပေါက်တဲ့ မြေပုံနေရာက သင့်ကိုယ်တွင်း ကျန်းမာရေးအခြေအနေတွေကို ပြသနေပါတယ်။ ဥပမာပြောရရင် ဟော်မုန်းပြဿနာတွေက မေးရိုးနဲ့ မေးစေ့မှာ ဝက်ခြံအဖုအပိမ့်ပေါက်စေနိုင်ပါတယ်။ လတ်တလော လေ့လာမှုအရ အူလမ်းကြောင်းကျန်းမာရေး မကောင်းတာက ဝက်ခြံပေါက်စေတဲ့ အကြောင်းရင်း တစ်ခုလို့ သိရပါတယ်။

ဇုန် (၁) နဖူးတွင် ဝက်ခြံပေါက်ခြင်း
နဖူးပေါ်က ဝက်ခြံတွေဟာ စိတ်ဖိစီးမှုများတာ ဒါမှမဟုတ် အိပ်ရေးပျက်တဲ့ ရက်ကြာရှည်တာနဲ့ ဆက်စပ်နေတတ်ပါတယ်။ အစာခြေဖျက်မှုဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ပြသနေပါတယ်။ တခြားဖြစ်နိုင်တာကတော့ အသည်းပြဿနာပါ။

ဇုန် (၂) မေးရိုးနှင့် မေးစေ့တွင် ဝက်ခြံပေါက်ခြင်း
မေးရိုးနဲ့ မေးစေ့နေရာတွေမှာပေါက်တဲ့ ဝက်ခြံက ဟော်မုန်းကြောင့် ဖြစ်တတ်ပါတယ်။ မကြာခဏ ပေါက်နေရင် ဟော်မုန်းအဆင့်ကို စစ်ဆေးရပါမယ်။ ကျားဟော်မုန်း အန်ဒရိုဂျင်အဆင့် လွန်ကဲမှုကြောင့် ဒီလိုနေရာတွေမှာ ဝက်ခြံပေါက်တတ်ပါတယ်။ အမျိုးသမီးတွေ ရာသီလာချိန်အတွင်းမှာလည်း ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံပေါက်နိုင်ပါတယ်။

ဇုန်(၃) မျက်နှာအစွန်ဘေးများတွင် ဝက်ခြံပေါက်ခြင်း
ဟော်မုန်းပြဿနာတွေကြောင့် နားရွက်နားနဲ့ ဆံစပ်တစ်လျှောက်မှာ ဝက်ခြံအဖုအပိမ့်တွေ ပေါက်နိုင်ပါတယ်။ ဒီဝက်ခြံပေါက်ရတဲ့ တခြားအကြောင်းရင်းက ချွေးပေါက်ပိတ်ဆို့တာကြောင့် ဖြစ်ပါတယ်။ ကိုယ်သုံးနေတဲ့ မိတ်ကပ်၊ အသားအရေထိန်းပစ္စည်း နဲ့ ရှမ်ပူတွေကို ပြန်ဆန်းစစ်ကြည့်ပါ။ သဘာဝသြဂဲနစ်ပစ္စည်းတွေကို တတ်နိုင်သမျှ သုံးကြည့်ပါ။

ဇုန် (၄) ပါးပြင်တွင် ဝက်ခြံပေါက်ခြင်း
ပါးပြင်နှစ်ဖက်ပေါ်မှာ ဝက်ခြံပေါက်တာက သကြားအလွန်အမင်း စားတာကြောင့် ဖြစ်နိုင်ပါတယ်။ ပြုပြင်ထားတဲ့ သကြားအပါအဝင် သကြားကို နေ့စဉ် စားသုံးမှု လျှော့ချရပါမယ်။ ကျန်းမာရေးနဲ့ ပိုမိုညီညွတ်တဲ့ အစားအသောက်တွေကို ပြောင်းလဲစားသောက်ပေးရပါမယ်။

ဒီနေရာက အဆုတ်နဲ့လည်း ဆက်စပ်မှုရှိတဲ့အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိတာကြောင့်လည်း ဝက်ခြံပေါက်နိုင်ပါတယ်။ ပါးပြင်နှစ်ဖက်မှာ ဝက်ခြံအဖုအပိမ့်ပေါက်ရတာက ဖုန်းသုံးလို့လည်း ဖြစ်တတ်ပါတယ်။ ဖုန်းစကရင် မှာ ဘက်တီးရီးယားပိုးများစွာရှိတဲ့အတွက် ဖုန်းပြောတဲ့အခါ မျက်နှာပြင်ကို ပိုးတွေ ပြန့်နှံ့ရောက်ရှိတတ်ပါတယ်။ ဖုန်းစကရင်ကို ပိုးသတ်အဝတ်နဲ့ သန့်စင်အောင်သုတ်ဖို့ မမေ့ပါနဲ့။

ဇုန် (၅) မျက်ခုံးနှစ်ခုကြား ဝက်ခြံ ပေါက်ခြင်း
မျက်ခုံးနှစ်ခုကြား ဝက်ခြံပေါက်တာက အသည်းကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အသည်းမှာ လုပ်ငန်းဆောင်တာ အများကြီး ရှိပါတယ်။ အစာခြေလမ်းကြောင်းစနစ်နဲ့ ဇီဝကမ္မဖြစ်စဉ်မှာ အဓိက ပါဝင်လုပ်ဆောင်ပေးတဲ့အတွက် အသည်းကျန်းမာရေးထိခိုက်ရင် မျက်ခုံးနှစ်ခုကြား ဝက်ခြံပေါက်နိုင်ပါတယ်။ ဒါ့အပြင် အဆီအအိမ့်များတဲ့ အစားအစာတွေကို စားတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဇုန် (၆) နှာခေါင်းဘေးဘက်နှင့် အပေါ်နှုတ်ခမ်းအထက်တို့တွင် ဝက်ခြံပေါက်ခြင်း
နှာခေါင်းပေါ်မှာဝက်ခြံပေါက်တာက အပူအစပ်လွန်ကဲတဲ့ အစာ၊ ဆားများတဲ့ အစာ၊ အဆီအအိမ့် စာတွေ စားလွန်းလို့ ဖြစ်တတ်ပါတယ်။ ဒီအစာတွေကို တတ်နိုင်သမျှ လျှော့စားပါ။ နှလုံးကျန်းမာရေးနဲ့ သွေးဖိအားကို အလေးထားပါ။

အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းမှာ ဝက်ခြံပေါက်တာက နှလုံး၊ သရက်ရွက်နဲ့ အဆုတ်ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top