Healthy Life Ad
International

မွေးရာပါ သက်ငယ်မှတ်ဉာဏ်ချို့ယွင်းရောဂါ ခံစားနေရသည့် ၂၂ နှစ်အရွယ် ကောင်မလေး

၊ ကိုထက် ၊

တက္ကဆက်ပြည်နယ်၊ ဟော်တန်မြို့ရှိ ကလေးမလေးအက်ဘီဟာ မွေးရာပါ ဦးနောက်မဖွံ့ဖြိုးတဲ့ ရောဂါတစ်မျိုးကို ခံစားနေရပါတယ်။ အက်ဘီဟာ မွေးရာပါ ဦးနှောက်ဖွံ့ဖြိုးမှု ပြဿနာတွေပါဝင်လာခဲ့ပြီး သတိမေ့ရောဂါတွေကို ခံစားနေရတာဖြစ်ပါတယ်။ အစပိုင်းမှာ မှတ်ဉာဏ်လျော့နည်းရတဲ့ အကြောင်းရင်းကို သေချာမတွေ့ရှိခဲ့ကြပါဘူး။ စစ်ဆေးမှုတွေပြုလုပ်ရင်းနဲ့ အက်ဘီဖြစ်နေတဲ့ရောဂါဟာ ဦးနှောက်နေရာမှာ အဆိပ်အတောက်တွေပါဝင်တဲ့ ဆဲလ်တွေဝင်ရောက်နေရာယူပြီး ဦးနောက်အစိတ်အပိုင်းတွေ မဖွံ့ဖြိုးတော့တဲ့ ရောဂါဆိုတာတွေ့ရှိခဲ့ကြပါတယ်။

ဒီရောဂါခံစားရတဲ့ကလေးတွေဟာ အသက် ၁၀ နှစ်မတိုင်ခင်သေဆုံးသွားတတ်ပေမယ့် အက်ဘီကတော့ အခုအခါ အသက် ၂၂ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ ဒီရောဂါကို သက်ငယ်မှတ်ဉာဏ်ချို့ယွင်းရောဂါလို့ခေါ်ပြီး ကလေး ၇၇၀ဝ မှာ တစ်ယောက်ဖြစ်နိုင်ခြေရှိပါတယ်။ ဒီရောဂါဖြစ်တဲ့ကလေး အများစုဟာ ၁၀ နှစ်မတိုင်ခင်သေဆုံးပြီး အများဆုံး ၁၂နှစ်ထိသာ အသက်ရှင်သူရှိခဲ့တယ်လို့ သိရပါတယ်။ ဒီရောဂါဖြစ်တဲ့ကလေးတွေဟာ စကားလည်း ကောင်းစွာမပြောနိုင်သလို လှုပ်ရှားမှုတွေလည်း ကောင်းကောင်းမပြုလုပ်နိုင်ပါဘူး။

အက်ဘီရဲ့ မိဘတွေဟာ ကလေးမွေးစမှာ အော်တစ်ဇင်လို့ထင်ခဲ့ကြပေမယ့် လေးနှစ်လောက် အရွယ်ရောက်တော့ စကားတွေကို ပလုံးပထွေးတွေ ပြောလာတဲ့အတွက် ဟိုက်ပါလို့ထင်ခဲ့ကြပြန်တယ်။ အာရုံကြောဆရာဝန် နှစ်ယောက်ခန့်နဲ့ ပြသပြီးနောက် အခြေအနေမထူးလာတဲ့အခါ အက်ဘီရဲ့ အဖေနဲ့အမေဟာ သူတို့ရဲ့ သမီးရဲ့ ဦးနှောက်အခြေနေကို သွားရောက်စစ်ဆေးတဲ့အခါမှာ ဦးနှောက်ဆဲလ်တွေဟာ ပျက်စီးနေတာကို တွေ့ရှိခဲ့ကြရပါတယ်။ ဘာအကြောင်းကြောင့်ဖြစ်ရတယ်ဆိုတာကိုတော့ မသိခဲ့ကြပါဘူး။ တစ်ရက်မှာ အက်ဘီရဲ့ အမေဟာ အသိကောင်လေးတစ်ယောက်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်အကောင့်တစ်ခုကို ဖွင့်ခိုင်းပြီး ဒီအခြေအနေကို သိတဲ့တစ်ယောက်ယောက်ဆီက အကူအညီရလို့ရငြား အက်ဘီရဲ့ အခြေအနေနဲ့ ဗီဒီယိုတွေ ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။

အက်ဘီရဲ့ဗီဒီယိုကိုတွေ့ရှိတဲ့ အာရုံကြောဆရာဝန်တစ်ယောက်က ဆရာဝန်ညီလာခံတစ်ခုမှာ ပြသခဲ့ပြီး အကြံဉာဏ်တောင်းခံခဲ့ပြီးနောက် ဆရာဝန်တွေက စစ်ဆေးမှုတချို့ ပြုလုပ်ဖို့ အကြံပေးခဲ့ကြပါတယ်။ ထိုစစ်ဆေးမှုတွေရလဒ်အရ အက်ဘီဟာကိုယ်တွင်းရှိ သကြားဓာတ်တစ်မျိုးကို ချေဖျက်ပေးတဲ့ အင်ဇိုင်းတွေ အလွန်အမင်းနည်းပါးတာကြောင့် အဆိပ်အတောက် ဆဲလ်တွေဖြစ်ပေါ်လာခဲ့ပြီး ဦးနောက်ဆဲလ်တွေကို ဖျက်စီးပစ်တဲ့ ရောဂါဖြစ်နေမှန်းအတည်ပြုပေးနိုင်ခဲ့ပါတယ်။ ဦးနောက် ၁၀ ရာခိုင်နှုန်းခန့်ကသာ ကောင်းကောင်းအလုပ်လုပ်နိုင်ပြီး ဒီရောဂါအကြောင်းကို အလယ်တန်းဆေးကျောင်းတွေမှာတောင် သင်ကြားမှုမပြုသေးဘူးလို့ သိရပါတယ်။

အက်ဘီရဲ့ မိသားစုက အခုလိုရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို သိရတာကိုက ကုသနိုင်မယ့်နည်းလမ်းကိုတွေ့ဖို့ ခြေတစ်လှမ်းပါပဲလို့ မျှော်လင့်ထားကြပါတယ်။ အက်ဘီဟာ သူကြိုက်တဲ့ ဒစ်စနေး ရုပ်ရှင်တချို့နဲ့ သီချင်းတွေကိုတော့ မှတ်မိနေပြီး တစ်ခါတစ်ရံသီချင်းနဲ့အတူ လိုက်ကတတ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ များသောအားဖြင့်တော့ အခန်းထဲက ပက်လက်ကုလားထိုင်ပေါ်ထိုင်နေပြီး တစ်ခန်းလုံးက ပစ္စည်းတွေကို တစ်ခါမှမတွေ့ဖူးတဲ့လူ တစ်ယောက်လို တစ်နေကုန်လိုက်ကြည့်နေတာနဲ့ပဲ အချိန်တွေကုန်ဆုံးစေပါတယ်။ အက်ဘီရဲ့ ကောင်းနေတဲ့ ဦးနှောက်အပိုင်းလေးတွေ မပျက်စီးပဲ အလုပ်လုပ်နေဖို့ မကြာခဏ ဘုရားကျောင်းကိုခေါ်သွားကာ အော်ဂင်တီးပြီးသီချင်းဆိုပြတာတွေ၊ ဒစ်စနေးဝေါ ကိုခေါ်သွားပြီး ရုပ်ရှင်ပြတာတွေ ပြုလုပ်ပေးနေတယ်လို့သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top