Healthy Life Ad
International

မြန်မာနိုင်ငံတွင် မျက်ကြည်လွှာအတု အစားထိုးကုသခြင်း

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ မျက်ကြည်လွှာအတု အစားထိုးလို့ ရနေပြီလို့ သိရပါတယ် ဆရာ။ အဲဒီအကြောင်း သိပါရစေ ဆရာ။
ဖြေ ။ မျက်ကြည်လွှာရောဂါအများစုမှာ မျက်ကြည်လွှာကို ဒီအတိုင်း အစားထိုးလိုက်ရင် မအောင်မြင်ပါဘူး။ ဥပမာအားဖြင့် ဆေးနဲ့ ဓာတ်မတည့်တာနဲ့ ထုံးဝင်တဲ့ အခါတွေမှာ မျက်ခွံနှစ်ခုက ကပ်သွားပါတယ်။ အရင်တုန်းက လုပ်နိုင်တာက ကပ်သွားတဲ့ မျက်ခွံနဲ့ မျက်လုံးအိမ်ကို ခွာပြီး သန္ဓေသားအချင်း (Amniotic Membrane) ထည့်လိုက်တယ်။ အဲဒီအခါ ပြန်ပွင့်သွားပေမယ့် အမြင်ပိုင်းဆိုင်ရာအရဆိုရင် ပိုလည်းမကောင်း လာဘူး။ ပိုလည်းဆိုးမသွားဘူး။ ဒီအခြေအနေမျိုးမှာ မျက်ကြည်လွှာအစားထိုးလည်း အောင်မြင်မှာမဟုတ် ပါဘူး။ ဒီအခြေအနေမှာ Keratoprothesis (မျက်ကြည်လွှာ အတု) ထည့်တယ်။ အရင်တုန်းက ဒီနည်းကို မသုံးနိုင်ခဲ့ပါဘူး။ ဒါကလည်း အကြောင်းရင်း နှစ်ချက်ကြောင့်ပါ။ တစ်ခုက နည်းပညာ မသိလို့၊ နောက်တစ်ခုက မျက်ကြည်လွှာအတု မရှိလို့ပါ။

၂၀၁၃ ဇန်နဝါရီလလောက်က ဆရာ အိန္ဒိယကို သွားတော့ မျက်ကြည်လွှာအတု တစ်ခု ဝယ်လို့ ရလာခဲ့ပါတယ်။ ဒါနဲ့ ဆရာတို့ ရန်ကုန်မျက်စိဆေးရုံက သူနာပြုဆရာမကြီးရဲ့ တူ၊ ကိုရင်တစ်ပါးက ဆေးနဲ့ ဓာတ်မတည့်မှုဖြစ်ပြီး မျက်စိနှစ်ဖက်စလုံးကပ်ပြီး ရောက်လာပါတယ်။ သူ့ကို အရင်ဆုံး သန္ဓေသားအချင်း အစားထိုးပေးလိုက်တယ်။ ဒါပေမဲ့ ဒီအခြေအနေမှာ မျက်ကြည်လွှာ အစားထိုးလည်း အောင်မြင်မှာ မဟုတ်ပါဘူး။ ဒါနဲ့ မျက်ကြည်လွှာအတု အစားထိုးကုသပေးလိုက်တာ အောင်မြင်သွားပါတယ်။ ဒါက မြန်မာပြည် မှာ ပထမဆုံးအကြိမ် စလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကိုရင်လေးကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက သန္ဓေသားအချင်း ထည့်တယ်၊ ပြီးတော့ မျက်ကြည်လွှာအစားထိုးတယ်။ အဲဒီ Cornea Graft လုပ်ပြီးမှ မျက်ကြည်လွှာအတုထည့်လိုက်ပါတယ်။ ပြီး တော့ အတွင်းတိမ်ခွဲပေးလိုက်ပြီး မျက်တွင်းမှန် (IOL) ထည့်တယ်။ ဒီလို ကုသမှုမျိုးကို စင်ကာပူမှာ သွားကုမယ်ဆိုရင် ငွေကုန်ကြေးကျများပါတယ်။

ဆရာတို့ မြန်မာနိုင်ငံမှာ ဒီလိုစရိတ်သက်သက်သာသာနဲ့လုပ်နိုင်တယ်ဆိုတော့ မြန်မာပြည်ကလူနာတွေအတွက် ဝမ်းသာပါတယ်။

ကိုရင်လေးက ဘာဆေးသောက်လို့ ဖြစ်မှန်းတော့ မသိဘူး။ မြေပုံရွာမှာ ဖျားလို့ ဆေးထိုးရင်း ဖြစ်လာတယ်ပြောပါတယ်။ မျက်စိနှစ်ဖက်စလုံးမှာ ဖြစ်ပေမယ့် ဆရာတို့က တစ်ဖက်ကိုပဲ ကုသမှုပေးပါတယ်။ ဒီကုသနည်းကို နောက်ဆုံးရွေးစရာလမ်းမရှိတဲ့သူတွေကိုပဲ ကုသပေးပါတယ်။ ပြီးတော့ မျက်စိ နှစ်ဖက်စလုံးကိုလည်း မလုပ်ပေးပါဘူး။ ဒါက နည်းပညာအရ ခက်ခဲတာကြောင့်ပါ။ ဒီလိုမျက်စိဝေဒနာမျိုးကို မျက်ကြည်လွှာအစားထိုး ကုသလိုက်တယ်။ ဒီလိုလုပ်လိုက်ရင် မအောင်မြင်တာမျိုး ဖြစ်မှာပါပဲ။ ဖြစ်ရင် ပြန် ပိတ်သွားမယ်။ ဒါကြောင့် မကောင်းတဲ့ မျက်ကြည်လွှာပေါ်မှာ ကောင်းတဲ့ မျက်ကြည်လွှာထည့်တယ်။ ဒါကလည်း မကြာခင် မအောင်မြင်တာဖြစ်မယ်။ ဒါကြောင့် မျက်ကြည်လွှာရဲ့ အလယ်မှာ သုံးမီလီမီတာလောက် အပေါက်ဖောက်လိုက်တယ်။ ပြီးတော့ အဲဒီနေရာမှာ မျက်ကြည်လွှာအတု(Keratoprothesis) ထည့်လိုက်တယ်။ ဒီပစ္စည်းက PMMA (Polymethyl Meta Acrylate)နဲ့ လုပ်ထားပါတယ်။ ဒါက အတွင်းမှန်ပုံစံမျိုးဆိုတော့ အချိန်မရွေး ကျွတ်ထွက်တာ၊ ဖိအားများတာကြောင့် ရေတိမ်ဝင်တာ၊ ရောင်ရမ်းတာတွေ ဖြစ်နိုင်ပါတယ်။ ပြောရရင် နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးတွေက အများကြီးပါပဲ။ ဒီလို လူနာမျိုးကို စောင့်ကြည့်ရတာကလည်း တစ်သက်လုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ရွေးချယ်မှု မလုပ်ပါဘူး။ နောက်ဆုံး လက်လှုပ်ပြတာတော့ မြင်ရပေမယ့် လက်ချောင်းတွေကို မမြင်ရဘူးဆိုရင် သူ့ဘဝရဲ့ အရည်အသွေးအတွက် လုပ်ပေးရပါတယ်။ တကယ်လို့ မအောင်မြင်ဘူးဆိုရင်လည်း နောက်ဆုံး နဂိုအခြေ အနေကို ပြန်ရောက်မှာ ဖြစ်ပါတယ်။ ဒီတော့ လူနာတွေကို ဒီကုသမှုရဲ့ အကျိုးနဲ့ အပြစ်ကို ပြောပြရပါတယ်။ ဒီကုသမှုမှာ အရေးကြီးဆုံးက အကြံဉာဏ်ပေး ဆွေးနွေးမှုပါပဲ။ ဒီလိုနည်းနဲ့တော့ ကုသလို့ရတယ်။ အောင်မြင်မှု ရာခိုင်နှုန်းက ဒီလောက်ပဲရှိတယ်။ ကုသပြီးရင်လည်း စိတ်ချလက်ချနေလို့ မရဘူး။ တစ်သက်လုံး ဆရာဝန်နဲ့ ပြသနေရမယ်။ အဲဒီလိုရှင်းပြပြီး လူနာက သဘောတူရင် ဆက်ကုပါတယ်။ သဘော မတူရင် မကုသပါဘူး။ ဒါက လူနာရဲ့အခွင့်အရေးပါပဲ။ ဒီပစ္စည်းက အမေရိကန်မှာဆိုရင် ဒေါ်လာသုံးထောင်လောက် ပေးရပါတယ်။ မြန်မာပြည်မှာတော့ အရမ်း ဈေးသက်သာအောင် လုပ်ပေးထားပါတယ်။ မြန်မာပြည်မှာ ဒီလိုလူနာတွေ အများကြီး ရှိနေတာကြောင့် ရေရှည်မှာတော့ ဆရာတို့အနေနဲ့ ဒီကုသမှုကို လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီလို ကုသမှုကို လုပ်ပေးတာကြောင့် လူနာတွေအတွက်လည်း အကျိုးရှိသလို ဆရာ့တပည့် MSC ကျောင်းသားတွေအတွက်လည်း ပညာရတယ်။ ဆရာ့အနေနဲ့ သူတို့ကို လက်ဆင့်ကမ်းပြီး ပညာပေးနိုင်မယ်။ ဒီလို မျက်ကြည်လွှာရောဂါတွေက ဖြစ်တာများတော့ ဆရာ့အနေနဲ့ မျက်ကြည်လွှာအတု (Keratoprothesis)တွေကို ထပ်မှာထားပါတယ်။

မေး ။ အရင်က မျက်ကြည်နာအမာရွတ်ထင်တာကို ဘယ်လို ကုသမှုပေးခဲ့ပါသလဲ ဆရာ။
ဖြေ ။ မျက်ကြည်နာဖြစ်လို့ ကုသမှု အောင်မြင်သွားပြီ၊ အမာရွတ်ထင်သွားပြီဆိုရင် ကောင်းသွားပြီလို့ သတ်မှတ်ရပါတယ်။ အဲဒီအဆင့် ရောက်ရင် အမာရွတ်ကို ကုသနိုင်ဖို့ မျက်ကြည်လွှာအစားထိုးမှု (Cornea Graft) လုပ်ရပါတယ်။ ဒီလို အစားထိုးလိုက်တဲ့အခါ မှာ မျက်ကြည်လွှာက ကိုယ့်ပစ္စည်းမဟုတ်ဘဲ တခြား သူရဲ့ပစ္စည်းဖြစ်တာကြောင့် ပြန်လည်တုံ့ပြန်တာ ဖြစ်နိုင်ပါတယ်။ ဒါက သေတဲ့အထိ ရှိနိုင်သလို တချို့လူတွေမှာ အစားထိုးပြီး လေး-ငါးနှစ်ခန့် ကောင်းပြီးမှ Rejection ဝင်လာပြီး မအောင်မြင်တာမျိုးလည်းဖြစ်တတ်ပါတယ်။ နောက်တစ်ချက်က ဒါက ခွဲစိတ်ကုသမှု ဖြစ်တဲ့အတွက် ခွဲစိတ်ကုသမှုရဲ့ ကုန်ကျစရိတ်တွေကလည်း အများကြီးရှိပါတယ်။ ရေတိမ်လည်း ဝင်လာနိုင်ပြီး ရေတိမ်ဖြစ်ရင် တစ်သက်လုံး ကုသမှုခံယူနေရ မှာဖြစ်ပါတယ်။ ဒီလို အခက်အခဲတွေ များတာကြောင့် မျက်ကြည်နာ မဖြစ်အောင် ကာကွယ်တာက အကောင်းဆုံးနည်းလမ်း ဖြစ်တယ်ဆိုတဲ့ အချက်ကို လူတွေ သိစေချင်ပါတယ်။

တကယ်လို့ မျက်ကြည်နာဖြစ်လာပြီဆိုရင်လည်း ကုသလို့ရပေမယ့် ကုသမှုက ရက်ပိုင်းလောက်နဲ့ ပြီးသွားတာမျိုး မဟုတ်ပါဘူး။ ဒီမှာ ဆရာတို့ အမြဲကြုံရတာက နယ်ပေါင်းစုံကလာပြတဲ့ လူနာတွေအနေနဲ့ မျက်ကြည်နာကို တစ်ကြိမ်ကုသမှုခံယူပြီး ချက်ချင်းနယ်ကိုပြန်ချင်ကြတယ်။ ဆရာတို့ကလည်း ပြန်လွှတ်လို့ မရဘူး။ ဘက်တီးရီးယားသတ်တဲ့ဆေး (Anti- bacteria Agent)၊ ဖန်းဂတ်စ်မှိုသတ်ဆေး (Anti-Fungal Agent) စတာတွေပေးထားပြီး တစ်ပတ်မှာ အနည်းဆုံးတစ်ကြိမ်တော့ခေါ်ကြည့်ရပါတယ်။ နိုင်ငံခြားမှာဆိုရင် ဒီလိုလူနာမျိုးကို နေ့တိုင်း ခေါ်ကြည့်ပါတယ်။ လူနာရဲ့ဆေးအပေါ် တုံ့ပြန်မှုကို စစ်ဆေး ပြီး ဆေးပမာဏကို လိုတိုးပိုလျှော့ အမြဲလုပ်ပေးရပါတယ်။ ဆရာတို့ကလည်း မျက်စိဆေးရုံကို နေ့တိုင်း ခေါ်ကြည့်ပေးနိုင်ပေမယ့် လူနာတွေက နေ့တိုင်း မလာနိုင်ပါဘူး။ ဥပမာအားဖြင့် တောင်ဥက္ကလာလို နေရာမျိုးမှာနေတဲ့ လူနာက နေ့တိုင်း လာပြမယ်ဆိုရင် လမ်းစရိတ်က များတာကြောင့် နေ့တိုင်းမလာနိုင်ပါဘူး။ ဒါကြောင့် တစ်ပတ်မှာ နှစ်ခါလောက် လာပြဖို့ ပြောရပါတယ်။ ဒါတောင် လူနာက သူ့ကို လိုက်ပို့ရမယ့် မိသားစုဝင်တွေရဲ့ အခက်အခဲကြောင့် မလာနိုင်တော့ အနည်းဆုံး တစ်ပတ်မှာ တစ်ခါတော့ လာပြပါလို့ ဆရာတို့ မှာရပါတယ်။ ဒီကြားထဲမှာ အသုံးပြုဖို့ ဆေးတွေကို မှန်းပြီး ပေးထားရပါတယ်။ ဒီတော့ စစ်မှန်တဲ့ ကုသမှုမျိုးတော့ မရနိုင်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top