Healthy Life Ad
Life Style

မျက်ဖြူလွှာရောင်ရမ်းခြင်း (Scleritis)

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)
ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. မျက်ဖြူလွှာရောင်ရမ်းမှုက အဖြစ်များပါသလား ဆရာ။

ဖြေ. မျက်ဖြူလွှာရောင်ရမ်းမှု (Scleritis)ဖြစ်တဲ့ လူနာတွေက သိပ်လည်း မပေါပါဘူး။ သိပ်လည်း မရှားပါဘူး။ မျက်ဖြူလွှာရောင်ရမ်းမှုဖြစ်တာက သူ့ဘာသာဖြစ်လာတဲ့ Primary အခြေအနေလည်းရှိသလို တခြားရောဂါတွေကြောင့် ဖြစ်လာတဲ့ Secondary အခြေအနေလည်း ရှိပါတယ်။ Primary ဆိုတာက ကိုယ်ခံအားစံလွဲတဲ့အခြေအနေ (Immune) ကြောင့် သူ့ဘာသာ အလိုလိုဖြစ်လာတာမျိုးပါ။

Secondary မှာဆိုရင် ပိုးဝင်တာ (Infection) နဲ့ Systemic Condition တွေ၊ အများအားဖြင့် ကော်လာဂျင်ရောဂါဝေဒနာ (Collagen Disorder) တွေကြောင့် ဖြစ်တာမျိုးပါ။ ကော်လာဂျင်ရောဂါဝေဒနာက Rheumatoid Arthritis (လက်ချောင်း၊ လက်ကောက်ဝတ်၊ ခြေထောက်၊ ခြေချောင်း၊ ခြေဆစ်တွေ ကိုက်ခဲနာကျင်မှု ဖြစ်စေတဲ့ရောဂါ) ဆိုတဲ့ ရောဂါတွေနဲ့တွဲပြီး ဖြစ်တာများပါတယ်။

မေး. မျက်ဖြူလွှာရောင်ရမ်းမှုဖြစ်ရင် လက္ခဏာအနေနဲ့ ဘယ်လိုတွေ့ရတတ်ပါသလဲ ဆရာ။

ဖြေ. မျက်ဖြူလွှာရောင်ရမ်းမှုဖြစ်ရင် လက္ခဏာအနေနဲ့ ပြတတ်တာက နီ၊ ကိုက်၊ မှုန်ဆိုတဲ့ စကားလုံးသုံးလုံးပါပဲ။ မျက်စိက နီမယ်၊ ကိုက်မယ်၊ မှုန်လာပါလိမ့်မယ်။

မေး. မျက်ဖြူလွှာရောင်မှုဖြစ်ရင် နောက်ဆက်တွဲအနေနဲ့ ဘယ်လိုပြဿနာတွေ ဖြစ်နိုင်ပါသလဲ ဆရာ။

ဖြေ. မျက်ဖြူလွှာ (Sclera)ဆိုတာက မျက်စိရဲ့ ပြင်ပအကာအလွှာ (Outer Coat of the eye) ဖြစ်ပါတယ်။ မျက်ဖြူလွှာက မျက်ကြည်လွှာ၊ မျက်စိအာရုံခံလွှာ၊ သူငယ်အိမ်တွေကို ကာရံထားတာဆိုတော့ မျက်ဖြူလွှာရောင်မှုဖြစ်ရင် ကျန်တဲ့ အစိတ်အပိုင်းတွေပါ ထိခိုက်ပြီး သူငယ်အိမ်ပါရောင်လာတတ်ပါတယ်။ အဲဒီအခါ ရေထွက်လမ်းကြောင်းကလည်း နေရာပြောင်းသွားတာကြောင့် ရေတိမ်ရောဂါ (Secondary Glaucoma)လည်း ဖြစ်လာတတ်ပါတယ်။ ရေတိမ်ကြောင့်ရော သူငယ်အိမ်ရောင်တာ (Secondary Uveitis)ကြောင့်ပါ မျက်စိကို ကွယ်စေနိုင်ပါတယ်။

မေး. ဒါဆိုရင် မျက်ဖြူလွှာရောင်ရမ်းမှုကို ကုသဖို့ အရေးကြီးတာပေါ့နော် ဆရာ။

ဖြေ. အရေးကြီးပါတယ်။ ကုသမှုကတော့ ပိုးဝင်တာကြောင့်ဖြစ်ရင် ပဋိဇီဝမျက်စဉ်းဆေး (Anti-microbial Agent) ကိုပေးရပါတယ်။ ဒါပေမဲ့ မျက်ဖြူလွှာရောင်ရမ်းရင် ပိုးဝင်တာကြောင့် ဖြစ်တာရှားပါတယ်။ လူ ၁၀ဝမှာ ၁၀ ယောက်လောက်ပဲ ပိုးဝင်တာကြောင့် မျက်ဖြူလွှာရောင်ရမ်းတတ်ပါတယ်။ ကျန်တဲ့သူတွေက Immune Origin ကြောင့် ဖြစ်တာများပါတယ်။ ဒီလို ကိုယ်ခံအားလွန်ကဲတဲ့ရောဂါကြောင့် မျက်ဖြူလွှာရောင်ရမ်းမှုဖြစ်တဲ့ လူနာတွေကိုတော့ စတီးရွိုက်မျက်စဉ်းဆေး (Steroid Eye Drops) ပေးရပါတယ်။

မြန်မာပြည်မှာ ကံကောင်းတာက မျက်ဖြူလွှာရောင်တာကြောင့် သိပ်ဆိုးလာတဲ့ မျက်စိအခြေအနေမျိုး တွေ့ရခဲပါတယ်။ တကယ်လို့ မျက်ဖြူလွှာရောင်တာက သိပ်ဆိုးလာရင် ပါးပါးပြီး ပေါက်သွားနိုင်ပါတယ်။ ဒီအခြေအနေကို Scleromalacia Perforam လို့ ခေါ်ပါတယ်။

မေး. မျက်ဖြူလွှာရောင်ရမ်းမှုကြောင့် သိပ်ဆိုးတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်ပါသလား ဆရာ။

ဖြေ. မြန်မာပြည်မှာ ကံကောင်းတာက မျက်ဖြူလွှာရောင်တာကြောင့် သိပ်ဆိုးလာတဲ့ မျက်စိအခြေအနေမျိုး တွေ့ရခဲပါတယ်။ တကယ်လို့ မျက်ဖြူလွှာရောင်တာက သိပ်ဆိုးလာရင် ပါးပါးပြီး ပေါက်သွားနိုင်ပါတယ်။ ဒီအခြေအနေကို Scleromalacia Perforam လို့ ခေါ်ပါတယ်။ မျက်ဖြူလွှာက ပျော့ပြီး အောက်မှာရှိတဲ့ Choroid တွေက ပြူးထွက်လာပါတယ်။ ဒီလို အခြေအနေတွေက မြန်မာပြည်မှာ ဖြစ်တာ သိပ်ရှားပါတယ်။ အဖြစ်အများဆုံးက ရိုးရိုး မျက်ဖြူလွှာရောင်ရမ်းမှုဖြစ်တာပါပဲ၊ ဒါက စတီးရွိုက်ပေးလိုက်ရင် သက်သာသွားပါတယ်။

မေး. မျက်ဖြူလွှာရောင်တာက ပြန်ဖြစ်တတ်ပါသလား ဆရာ။

ဖြေ. ပြန်ဖြစ်တတ်ပါတယ်။ မျက်ဖြူလွှာရောင်တာက ကိုယ်ခံအားလွန်ကဲတဲ့ရောဂါ (Auto-immune Disease) ထဲမှာပါဝင်နေပါတယ်။ ဒါကြောင့် မျက်ဖြူလွှာရောင်တာက ဆေးကုပြီး လုံးဝပျောက်သွားပြီဆိုတာမျိုး မဟုတ်ဘူး။ အဆင်မသင့်ရင် ပြန်ပြန်ပြီး ဖြစ်တတ်ပါတယ်။

မေး. လူနာတွေအနေနဲ့ မျက်ဖြူလွှာရောင်နေပြီဆိုတာ သိအောင် နီ၊ ကိုက်၊ မှုန် ဆိုတဲ့ အချက်အပြင် တခြား ဘယ်အချက်တွေကို သတိထားသင့်ပါသလဲ ဆရာ။

ဖြေ. မျက်ဖြူလွှာရောင်တဲ့ လူနာတွေက သူတို့မျက်လုံးက တစ်ခုခု အပြောင်းအလဲ ဖြစ်နေပြီဆိုတာ သိပါတယ်။ မျက်ဖြူလွှာက မျက်စိရဲ့ အပြင်ဘက် အကာအလွှာဖြစ်တော့ မျက်ဖြူလွှာရောင်ရမ်းပြီဆိုတာနဲ့ မျက်စိက တစ်ခုခုဆွဲထားသလို၊ လေးလံနေသလိုလို ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ လူနာတွေက ဘာမှန်း တိတိကျကျတော့ မပြောတတ်ပါဘူး။ “ကျွန်တော့်မျက်စိ တစ်ခုခုဖြစ်နေတယ်ထင်တယ်ဆရာ။ လေးလေးကြီးနဲ့ ကြည့်ရတာ ကသိကအောက် ဖြစ်နေတယ်” ဆိုတာမျိုး ပြောတတ်ကြတယ်။ လူ့မျက်လုံးရဲ့ အလေးချိန်က ပုံမှန်ဆိုရင် ပေါ့ပေါ့ပါးပါးပါပဲ။ ဒါပေမဲ့ မျက်ဖြူလွှာရောင်ရမ်းရင်နီတာ၊ မှုန်တာတွေ ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ မျက်စိက လေးလေးလံလံ ဖြစ်နေတတ်ပါတယ်။

မေး. မျက်ဖြူလွှာရောင်ရင် ပုံမှန်အတိုင်း မြင်ရပါသလားဆရာ။

ဖြေ. မျက်ဖြူလွှာရောင်ခါစမှာတော့ ပုံမှန်အတိုင်း မြင်ရပါတယ်။ ဒါပေမဲ့ မျက်ဖြူလွှာရောင်တာ အဆင့်မြင့်ပြီး သူငယ်အိမ်အထိ ရောက်လာရင်တော့ မျက်စိကမှုန်သွားတတ်ပါတယ်။ ဒါကြောင့် အစပိုင်းမှာ မျက်ဖြူလွှာရောင်ရင် မှုန်တာကို မခံစားရလို့ လူတွေက မပြောတတ်ကြဘူး။ မျက်စိက ဘာဖြစ်နေမှန်း မသိဘူး။ ဒါပေမဲ့ မျက်စိက တစ်ခုခုတော့ ဖြစ်နေတယ်။ အဲဒီလိုမျိုးနဲ့ ဆရာတို့ဆီလာပြတတ်ကြပါတယ်။

မေး. ကိုယ်ခံအားစံလွဲရောဂါ (Autoimmune Disease)ရှိတဲ့ လူနာတွေက မျက်ဖြူလွှာရောင်နိုင်ခြေ များပါသလားဆရာ။

ဖြေ. ဆက်စပ်နေပါတယ်။ Autoimmune Disease ရှိရင် ခန္ဓာကိုယ်မှာ ကော်လာဂျင်ရှိတဲ့နေရာတိုင်း (ဥပမာ- အဆစ်၊ မျက်ဖြူလွှာ)မှာ ရောင်ရမ်းနိုင်ပါတယ်။

မေး. မျက်ဖြူလွှာရောင်ရမ်းမှုနဲ့ပတ်သက်ပြီး ဆရာ့အတွေ့အကြုံကို သိပါရစေ ဆရာ။

ဖြေ. ဆရာတို့မြန်မာပြည်မှာတော့ မျက်ဖြူလွှာရောင်ရမ်းတာ ရှိတော့ရှိပေမယ့် သိပ်ဆိုးရွားတဲ့ နောက်ဆက်တွဲ လက္ခဏာတွေအနေနဲ့ သိပ်မတွေ့ရပါဘူး။ နိုင်ငံခြားမှာတော့ မျက်ဖြူလွှာရောင်ရမ်းမှုကြောင့် သိပ်ဆိုးရွားတဲ့ နောက်ဆက်တွဲလက္ခဏာတွေကို တွေ့ရလို့ ဆေးရုံကြီးတွေမှာ မျက်ဖြူလွှာရောင်ရမ်းတာကို ကုသတဲ့ သီးသန့် Clinic တွေတောင် ထားရှိရပါတယ်။ ဆရာတို့ဆီမှာတော့ ဖြစ်တဲ့သူတွေရှိပေမယ့် နည်းပါတယ်။ ဖြစ်ရင်လည်း နောက်ဆက်တွဲ ဆိုးရွားတဲ့လက္ခဏာတွေကို သိပ်မတွေ့ရပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top