Healthy Life Ad
Q & A

မပျောက်နိုင်သော ဗောက်ထခြင်း

ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

Q. ဗောက်ထတာက ဘာကြောင့်ဖြစ်ရပါသလဲ။ ဆောင်းတွင်းမှာ ဗောက်ထတာ ပိုအဖြစ်များတဲ့အတွက် သက်သာအောင် ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ။
Lin Lin (FB)

A. ဗောက်ထတယ်ဆိုတာက ဆရာမတို့အရေပြားက အောက်ခြေလွှာကနေ ဆဲလ်တွေအပေါ်ကို တက်လာတယ်။ အပေါ်လွှာရောက်လာချိန်မှာ ပတ်ဝန်းကျင်ဒဏ်ကြောင့် ဆဲလ်လေးတွေ သေသွားတယ်။ အဲဒီလုပ်ငန်းစဉ်က မြန်သွားတဲ့အခါ ဗောက်ထတတ်တယ်။ ဒါမှမဟုတ် ရောဂါတစ်ခုခုဖြစ်လို့ ဗောက်ထတတ်ပါတယ်။ ဗောက်ထတဲ့လူတစ်ယောက်က ဆရာမဆီလာပြရင် ဒါက ရောဂါကြောင့်ချည်းပဲ မဟုတ်ဘဲ သဘာဝဖြစ်စဉ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် ဆောင်းတွင်းအသားခြောက်တဲ့အချိန်မှာ ဗောက်ထတာ ဖြစ်တတ်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ ဦးရေပြားကို ကြည့်ရပါတယ်။ ဦးရေပြားက နီနေပြီဆိုရင် ဒါက ရောဂါဖြစ်နေပြီလို့ သတ်မှတ်လိုက်ပါတယ်။ ဦးရေပြားနီတဲ့အထဲမှာမှ ခေါင်းချည်းပဲကြည့်လို့ မရပါဘူး။ နှာခေါင်းကြား၊ နားရွက်ထဲ၊ ရင်ဘတ်၊ ချိုင်း(ဂျိုင်း)၊ ဆီးခုံ၊ ကျောတွေကို ကြည့်လိုက်လို့ အကြေးခွံအဖတ်လေးတွေကပ်ပြီး အနီဖုလေးတွေရှိနေရင် ဒါကို Seborrheic Dermatitis လို့ ခေါ်ပါတယ်။ အဆီဖတ်ကို ဓာတ်မတည့်ခြင်းဖြစ်ရင်တော့ သက်ဆိုင်ရာဆေးတွေနဲ့ ကုသမှုပေးရပါတယ်။ ဒါ့အပြင် ဒက်ကလည်း ဗောက်နဲ့လည်း တူနေတတ်တယ်။ ပွေးက ခေါင်းမှာပေါက်တော့ ဒက်လို့ခေါ်လိုက်တာပါ။ ဆံပင်တွေ ဖုံးထားတဲ့အတွက် ပွေးကွက်တွေ မမြင်ရဘူး၊ နောက်ဆုံး မရရင် ခေါင်းတုံးတုံးကြည့်ပြီး ဒက်ဟုတ်၊ မဟုတ်ကြည့်ရတယ်။ ဟုတ်ရင် သူ့အတွက် သင့်တော်တဲ့ဆေးတွေနဲ့ ကုရပြန်တယ်။ နောက်တစ်ခုက ဆိုရီးယေးစစ်လို့ခေါ်တယ်။ အဲဒီရောဂါဖြစ်ရင်လည်း ခေါင်းမှာ ဗောက်ထတတ်တယ်။ ဒါကြောင့် ဗောက်ဖြစ်ရင် ခေါင်းတင်မကဘဲ တစ်ကိုယ်လုံးမှာရှိတဲ့ အရေပြားတွေကိုပါ စစ်ဆေးခြင်းပြုလုပ်ဖို့ အရေးကြီးတယ်ဆိုတာ ဆရာမက အကြံပေးချင်ပါတယ်။

Most Popular

Healthy Life Ad
To Top