Healthy Life Ad
Life Style

သက်ကြီးရွယ်အိုတို့တွင်ဖြစ်တတ်သည့် မက်ကူလာအားနည်းခြင်း (Age-Related Macular Degeneration)

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)
ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. မက်ကူလာအားနည်းခြင်း (Macular Degeneration) အကြောင်း သိပါရစေဆရာ။

ဖြေ. မက်ကူလာအားနည်းခြင်းအကြောင်း မပြောခင် အရင်ဆုံး မက်ကူလာအကြောင်း ပြောပြချင်ပါတယ်။ မက်ကူလာက မျက်စိအာရုံခံလွှာရဲ့ အလယ်မှာရှိတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ မက်ကူလာက အာရုံစူးစိုက်မှုလုပ်ရတဲ့ အလုပ်မှန်သမျှ ပါဝင်လုပ်ဆောင်ပါတယ်။ ဥပမာ စာဖတ်တာ၊ တစ်ခုခုကို သေချာကြည့်တာ၊ အလယ်ကအရာတွေကို ကြည့်ရှုတာစတဲ့ လုပ်ဆောင်မှုတွေမှာ အရေးပါတဲ့အတွက် အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ပြီးရင် အရောင်ကို အစိမ်း၊ အပြာ၊ အနီ၊ အဝါ စသဖြင့် ခွဲခြားနိုင်တယ်။ Degeneration ဆိုတာက အားနည်းလာတာကိုခေါ်ပါတယ်။ အသက်ကြီးတဲ့အခါ စွမ်းအားကျလာသလိုမျိုးပဲ အားနည်းလာတဲ့ သဘောဖြစ်ပါတယ်။

မေး. ဒီရောဂါက မြန်မာပြည်မှာ အဖြစ်များပါသလား ဆရာ။

ဖြေ. မြန်မာပြည်မှာတော့ သိပ်အဖြစ်မများသေးပါဘူး။ မြန်မာပြည်မှာ မျက်စိကွယ်စေတဲ့ အဓိကအကြောင်းရင်းတွေက အတွင်းတိမ်ရောဂါ၊ ရေတိမ်ရောဂါနဲ့ မျက်ကြည်နာတို့ဖြစ်တယ်။ ဒါပေမဲ့ အမေရိကန်လို နိုင်ငံကြီးတွေမှာကျတော့ မျက်မမြင်ဖြစ်ရတဲ့ အဓိကအကြောင်းရင်းတွေမှာ အသက်ကြီးချိန်မှာဖြစ်တတ်တဲ့ မက်ကူလာအားနည်းခြင်းက ထိပ်ဆုံးမှာရှိတယ်။ အတွင်းတိမ်ရောဂါကို သူတို့က နုစဉ်အချိန်ကတည်းက ခွဲစိတ်ကုသလေ့ရှိသလို ရေတိမ်ဆိုရင်လည်း စောစောစီးစီးသိပြီး ခွဲစိတ်ကုသလေ့ရှိတဲ့အတွက် အဲဒီပြဿနာတွေကြောင့် မျက်စိကွယ်တာမျိုးမရှိတော့ဘူး။ ဒါ့အပြင် ပတ်ဝန်းကျင်သန့်ရှင်းရေးလည်း အားကောင်းတဲ့အတွက် မျက်ကြည်နာလည်း မဖြစ်ကြဘူး။ ဒါကြောင့် ARMD ကြောင့်ပဲ မျက်စိမမြင်ဖြစ်ရတယ်။ မြန်မာပြည်မှာတော့ ARMD က အဖြစ်နည်းပါတယ်။

ARMD ဖြစ်ရတဲ့ အကြောင်းရင်းက အခုအထိ မသေချာသေးဘူး။ Age-Related လို့ ဆိုထားတဲ့အတွက် အသက်အရွယ်ကြီးရင့်လို့ ဖြစ်တယ်လို့ပဲ ယူဆလို့ရတယ်။ ဒါပေမဲ့ ARMD နဲ့ ဆက်နွှယ်နေတဲ့ အချက်တွေက ဆေးလိပ်သောက်တာ၊ သွေးတိုးတာနဲ့ အဝလွန်တာတွေဖြစ်ပါတယ်။ ဒါပေမဲ့ . . .

မေး. အသက်ကြီးချိန်မှာဖြစ်တတ်တဲ့ မက်ကူလာအားနည်းခြင်း (ARMD)က ဘာကြောင့်ဖြစ်ရတာပါလဲ ဆရာ။

ဖြေ. ARMD ဖြစ်ရတဲ့ အကြောင်းရင်းက အခုအထိ မသေချာသေးဘူး။ Age-Related လို့ ဆိုထားတဲ့အတွက် အသက်အရွယ်ကြီးရင့်လို့ ဖြစ်တယ်လို့ပဲ ယူဆလို့ရတယ်။ ဒါပေမဲ့ ARMDနဲ့ ဆက်နွှယ်နေတဲ့အချက်တွေက ဆေးလိပ်သောက်တာ၊ သွေးတိုးတာနဲ့ အဝလွန်တာတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးလိပ်သောက်တဲ့သူတိုင်း ARMD ဖြစ်တာတော့ မဟုတ်ပါဘူး။ ဆေးလိပ်သောက်တဲ့သူ ၁၀ဝနဲ့ ဆေးလိပ်မသောက်တဲ့သူ ၁၀ဝယှဉ်ရင်တော့ ဆေးလိပ်သောက်တဲ့သူအများစုမှာ ARMD ဖြစ်တာကို တွေ့ရပါတယ်။

မေး. ARMD က အသက်ကြီးချိန်မှာ ဖြစ်တတ်တယ်ဆိုတော့ ဘယ်အသက်အရွယ်မှာ အဖြစ်များပါသလဲ ဆရာ။

ဖြေ. အသက် ၅၀ ကျော်လာရင် ARMD အဖြစ်များတယ်။ အသက် ၅၀ အောက်အရွယ်တွေမှာလည်း ARMD ဖြစ်တာကို တွေ့ရပေမယ့် အဖြစ်အများဆုံးအရွယ်က အသက် ၆၀-၇၀ အရွယ် ဖြစ်ပါတယ်။

မေး. ARMD မဖြစ်အောင် ကာကွယ်နည်းရှိပါသလား ဆရာ။

ဖြေ. ကမ္ဘာအနှံ့မှာတော့ Alternative Medicine ဆိုပြီး ခေတ်စားလာတော့ မျက်စိကျန်းမာရေးအတွက် ဗီတာမင်အေနဲ့ ဗီတာမင်ဒီပါဝင်တဲ့ အစားအသောက်တွေက အရေးပါတယ်ဆိုပြီး စားခိုင်းတယ်။ ပြီးတော့ မက်ကူလာအတွက် ဇင့်(သွပ်ဓာတ်)ပါဝင်တဲ့ အစားအသောက်စားခိုင်းတယ်။ ဗီတာမင်အေ၊ ဒီနဲ့ ဇင့်ပါတဲ့ အစားအသောက်တွေစားပေးရင် ကောင်းတယ်ဆိုပြီး ယူဆကြပါတယ်။ ဆေးဝါးဆိုရင်လည်း ဗီတာမင်အေ၊ ဒီနဲ့ ဇင့်ပါတဲ့ အားဆေးတွေစားရင် မျက်စိအတွက်ကောင်းတယ်လို့ ယူဆပြီးပေးကြတယ်။ ဒါတွေကိုပဲ ကောင်းလိုကောင်းငြားပေးနေကြပေမယ့် တိကျတဲ့အထောက်အထားတော့ မရှိသေးပါဘူး။

မေး. ARMD ဖြစ်လာခဲ့ရင်ကော ကုသနည်းရှိပါသလား ဆရာ။

ဖြေ. ARMD ဖြစ်ခဲ့ရင် မျက်လုံးထဲကို ဆေးထိုးကုသတယ်။ Lucentis ဆေးနဲ့ Avastin ဆေးကို မျက်လုံးထဲ (Intrav­itreal) ထိုးထည့်လို့ရတယ်။ ဒီဆေးတွေက Anti VEGF (Vascular Endothelial Growth Factor) ဆိုတဲ့ အာနိသင်ရှိတယ်။ အလွယ်ပြောရရင် သွေးကြောတွေရဲ့ အတွင်းမြှေးတွေ ပွားမလာအောင် တားဆီးပေးတာပါ။ မက်ကူလာရဲ့ဘေးမှာ သွေးကြောလေးတွေရှိတယ်။ မက်ကူလာအားနည်းသွားရင် သွေးကြောလေးတွေကိုထိပြီး ascular Permeability ဆိုတဲ့ စိမ့်ထွက်မှုပိုများလာတယ်။ အဲဒီအခါ သွေးထွက်တာ (Haemorrhage) ဖြစ်လာပြီး အဲဒီကနေပိုဆိုးလာရင် Scar တွေဖြစ်လာနိုင်တယ်။ သွေးထွက်တဲ့အခါ မျက်စိက ကွယ်လာနိုင်တယ်။ ဒီအဆင့်တွေအထိ မရောက်အောင် Lucentis ဆေးနဲ့ Avastin ဆေးတွေထိုးလိုက်ရင် သက်သာသွားနိုင်ပါတယ်။

ဒါပေမဲ့ ဒီဆေးတွေက ဈေးအလွန်ကြီးပါတယ်။ အဲဒီတော့ ဆရာတို့ဆေးရုံကနေ ဆေးကုမ္ပဏီတစ်ခုကို အကူအညီတောင်းလိုက်တော့ ဆေးကုမ္ပဏီက အမြတ်လုံးဝမယူဘဲ ဆေးရဲ့ တန်ဖိုးအရင်းအတိုင်းပေးပါတယ်။ ဆေးတစ်ပုလင်းကို လူနာ ၁၀ယောက် ထိုးပေးပါတယ်။ လူဆယ်ယောက်ကိုစုပြီးမှ တစ်ပြိုင်နက်ထိုးရတယ်။ နိုင်ငံခြားမှာသွားထိုးရင် ဆရာသိရသလောက် တစ်ကြိမ်ဆေးထိုးတဲ့အခါ စင်ကာပူဒေါ်လာ လေးထောင်လောက် ကျပါတယ်။ ဒီမှာဆေးထိုးရင်တော့ ကျပ်ခုနစ်သောင်းပဲကျပါတယ်။ ဘာဝန်ဆောင်ခ၊ ဘာအမြတ်မှမယူဘဲ ထိုးပေးတာပါ။ အများကြီး သက်သာပါတယ်။

မေး. ARMD ဖြစ်ရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြသတတ်ပါသလဲ ဆရာ။

ဖြေ. ARMD ရောဂါဖြစ်ရင် နံပါတ်တစ် လက္ခဏာအနေနဲ့ မျက်စိမှုန်ပါတယ်။ Defective Vision လို့ ခေါ်ပါတယ်။ မျက်စိမှုန်မှုန်လာတာကို အသက်ကြီးလို့ မှုန်တယ်လို့ပဲထင်တတ်ပါတယ်။ ဒီထက်ပိုဆိုးလာရင်တော့ ပုံရိပ်တွေက တွန့်လာပါတယ်။ Image Distortion လို့ခေါ်ပါတယ်။ မျဉ်းဖြောင့်တစ်ခုကို ကြည့်လိုက်ရင် အဖြောင့်အတိုင်းမမြင်တော့ဘဲ မျဉ်းကွေးလေးတွေ မြင်ရတတ်ပါတယ်။ အဲဒီအခါ လူနာက အရာဝတ္ထုတွေက ကြည့်လိုက်ရင် ကွေးကွေးလေးတွေ ဖြစ်နေတယ်လို့ ပြောတတ်ပါတယ်။ နောက်လက္ခဏာတစ်ခုအနေနဲ့ မြင်ကွင်းရဲ့အလယ်မှာ မှုန်နေတာမျိုးပါ။ Central Scotoma လို့ခေါ်ပါတယ်။ ဥပမာ – လူတစ်ယောက်ကိုကြည့်လိုက်ရင် မျက်လုံး၊ နားရွက်တွေကိုပဲမြင်ပြီး မျက်လုံးနှစ်လုံးကြား နှာခေါင်းနေရာမှာ ဝါးနေတာမျိုးပါ။

မေး. မျက်စိမှုန်တဲ့ လက္ခဏာပြတယ်ဆိုတဲ့နေရာမှာ အဝေးမှုန်တာလား၊ အနီးမှုန်တာလားဆရာ။

ဖြေ. မျက်စိမှုန်တာက အဝေးရော၊ အနီးပါ မှုန်တာမျိုးပါ။

မေး. ARMD ကုသမှုအနေနဲ့ ဆေးထိုးတာအပြင် တခြားနည်းတွေကော ရှိပါသေးသလားဆရာ။

ဖြေ. ရှိပါတယ်။ ARMD ဖြစ်ရင် စောစောကပြောတဲ့ ဆေးထိုးတာအပြင် Low Vision Aid လို့ခေါ်တဲ့ ကုသမှုပေးလို့ရတယ်။ Low Vision Aid ဆိုတာ အဝေးရော၊ အနီးကိုပါ မြင်နိုင်အောင်လုပ်ပေးတာပါ။ မှန်ဘီလူး (Telescopic Lens) တပ်ခိုင်းတဲ့နည်းဖြစ်ပြီး အဲဒီမှန်ဘီလူး (Telescope)လို အသေးစိတ်မြင်ရစေတယ်။ အဲဒီမှန်ဘီလူးက နှစ်ထပ်လုပ်ထားတာပါ။ နိုင်ငံခြားမှာဆိုရင် ဒေါ်လာထောင်နဲ့ချီပြီး ပေးရပေမယ့် ဆရာတို့ မျက်စိဆေးရုံမှာတော့ ဒီမျက်မှန်တွေကို အခမဲ့ပေးပါတယ်။ ARMD ဖြစ်ပြီး ဒီမှန်ဘီလူးတပ်သင့်တဲ့သူတိုင်းကို အခမဲ့ပေးနေပါတယ်။ အနီးမှုန်တဲ့သူတွေမှာလည်း လက္ခဏာဆရာကြည့်တဲ့ မှန်မျိုးနဲ့ကြည့်ရင် ပိုမြင်ရတဲ့အတွက် စမ်းသပ်ပြီး သင့်တော်တဲ့ မှန်ဘီလူးပေးပါတယ်။

မေး. ARMD ရောဂါဖြစ်တဲ့သူတွေကို ဘယ်မှာစမ်းသပ်ပြီး မှန်ဘီလူးပေးတာပါလဲဆရာ။

ဖြေ. ရန်ကုန်မျက်စိဆေးရုံကြီးမှာပဲ Low Vision Aid Clinic ဆိုပြီး ဆရာဦးဆောင်ပြီး ဖွင့်ထားပါတယ်။ ARMD ဖြစ်တဲ့ လူနာတွေအနက် ဘယ်ဟာက သင့်တော်သလဲဆိုတာကို စမ်းသပ်စစ်ဆေးပြီး ပါဝါ Magnification 3,4,5 ဆိုတာတွေကို အခမဲ့ပေးနေပါတယ်။ ဒါပေမဲ့ လူတွေက သိပ်မသိကြသေးဘူး။ ဆရာတို့ ဆေးရုံမှာ Low Vision Aid ပေးဖို့လည်း အများကြီးကျန်ပါသေးတယ်။ တကယ်ရောဂါဖြစ်၊ မဖြစ်သေချာစမ်းသပ်ပြီး တကယ်လိုအပ်တယ်၊ တပ်ဖို့လိုတယ်ဆိုမှ ပေးပါတယ်။

မေး. ARMD ကုသတဲ့အခါ ဒီနည်းတွေအပြင် တခြားနည်းနဲ့ကောကုလို့ ရပါသေးသလားဆရာ။

ဖြေ. ရှိပါတယ်။ လေဆာနည်းနဲ့ ကုသတာပါ။ ခွဲစိတ်ကုသနည်းက ARMD ကုသမှုအတွက် နောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါက သိပ်ပြီးဆိုးလာတဲ့ ARMD ရောဂါတွေမှာ သုံးတာပါ။ Retinal Surgery (မျက်စိအာရုံခံလွှာ ခွဲစိတ်ကုသနည်း) သုံးတာဖြစ်ပါတယ်။ ဒီနည်းလမ်းတွေနဲ့ ဘယ်လိုပဲကုကု နဂိုမူလအမြင်ကိုတော့ ပြန်မရနိုင်ပါဘူး။

မေး. ARMD ကုသနည်းလေးမျိုးထဲမှာ ဘယ်နည်းက အကောင်းဆုံးနည်းဖြစ်ပါသလဲဆရာ။

ဖြေ. ဒါကတော့ ရောဂါအခြေအနေပေါ်မူတည်ပါတယ်။ ရောဂါအခြေအနေက ဆေးထိုးပြီးကုလို့ရတယ်ဆိုရင် ဆေးပဲထိုးပါတယ်။ လေဆာနဲ့ကုမှရမယ့်အဆင့်ဆိုရင်လည်း လေဆာနဲ့ကုရပါတယ်။ ဒါကတော့ ရောဂါအဆင့်ပေါ်မူတည်ပြီး မျက်စိအထူးကုဆရာဝန်တွေက ကုသမှုပေးနေပါတယ်။

မေး. ARMD ရောဂါက မျိုးရိုးလိုက်တတ်ပါသလား ဆရာ။

ဖြေ. ARMD အကြောင်းကို အမျိုးမျိုးစမ်းသပ်နေကြပေမယ့် ဒီရောဂါနဲ့ပတ်သက်ပြီး ဓာတ်ခွဲစမ်းသပ်မှုတွေအရ တိကျသေချာတဲ့အဖြေမျိုး မရှိသေးပါဘူး။

မေး. ARMD နဲ့ပတ်သက်ပြီး အများပြည်သူကို အကြံပေးလိုတာရှိရင် ပြောပြပေးပါဆရာ။

ဖြေ. ARMD ဖြစ်ရတဲ့အကြောင်းရင်းကိုမသိတော့ ရောဂါမဖြစ်အောင် ကာကွယ်ဖို့ကော ရောဂါဖယ်ရှားဖို့ပါခက်ပါတယ်။ ARMD နဲ့ဆက်နွှယ်နေတဲ့ ဆေးလိပ်သောက်တဲ့ အလေ့အကျင့်မရှိအောင်နေပြီး အဝမလွန်အောင်နဲ့ သွေးမတိုးအောင်ထိန်းဖို့ လိုအပ်ပါတယ်။ ARMD ရောဂါက မကုသရင် မျက်စိကွယ်သွားနိုင်တဲ့အတွက် သံသယရှိတာနဲ့ ကုသမှုခံယူကြဖို့ အကြံပေးလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top