Healthy Life Ad
Life Style

လိင်မှုဆိုင်ရာ ကျန်းမာရေး ပညာပေးခြင်း [sex education]

ဒေါက်တာကျော်စွာဦး (တာဝန်ခံဆရာဝန်၊ ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း)

မေး ။ ကလေးတွေကို မွေးပြီးပြီးချင်း စွန့်ပစ်တာတွေက များနေပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး လူငယ် လူရွယ်တွေကို မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးဖို့ ဘယ်လောက်အထိ လိုအပ်တယ်လို့ ဆရာ့ အနေနဲ့ ထင်မြင်ယူဆပါသလဲ။
ဖြေ ။ လူငယ်လူရွယ်တွေကြားထဲမှာ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးဖို့နဲ့ပတ်သက်ပြီး သိတဲ့သူလည်းရှိတယ်၊ မသိတဲ့သူလည်း ရှိတယ်၊ သေချာ မသိတာလည်းရှိတယ်၊ တချို့ကျတော့လည်း သိတာ သိတယ်၊ ကောင်းကောင်းမလိုက်နာတာလည်း ရှိတယ်။ ဒီလိုအနေအထားဆိုတော့ မျိုးဆက်ပွားကျန်းမာရေးကို ကျယ်ကျယ်ပြန့်ပြန့်ပညာပေးဖို့ လိုလာပါပြီ။ ဒီနေ့ခေတ်က သတင်းနဲ့ နည်းပညာခေတ်ဖြစ်တော့ ညစ်ညမ်းဗီဒီယိုကားတွေ၊ ညစ်ညမ်းစာတွေကို အလွယ်တကူ ထိတွေ့သိရှိနိုင်တာကြောင့် သားကောသမီးကိုပါ ငယ်ငယ်ကတည်းက လိင်ကျန်းမာရေးပညာပေးဖို့ အရေးကြီးပါတယ်။ ကလေးစွန့်ပစ်မှုတွေ၊ ကလေးဖျက်ချတာတွေကလည်း မျိုးဆက်ပွားကျန်းမာရေး အသိမရှိတာနဲ့ အများကြီး ဆက်စပ်နေပါတယ်။ ဒါကြောင့် မြန်မာအုပ်ထိန်းသူမိဘတွေအနေနဲ့ ကလေးသူငယ်တွေကို အရွယ်ရောက်တဲ့အခါ မျိုးဆက်ပွားကျန်းမာရေးပညာပေးဖို့ အထူးအရေးကြီးတယ်ဆိုတာ သတင်းစကားပါးလိုပါတယ်။

မေး ။ Sex Education ပေးသင့်တယ်လို့ သိပေမယ့် မိဘတွေက ကိုယ့်သားသမီးကို ကလေးလို့ ထင်ပြီး ဘယ်အရွယ်မှာ ဘယ်လိုအသိပေးရမယ်လို့ သေချာမသိကြဘူး။ အဲဒါနဲ့ ပတ်သက်ပြီးလည်း ပြောပြပေးပါဦး ဆရာ။
ဖြေ ။ လိင်ကျန်းမာရေးပညာပေးတာကို အသက်အရွယ်အလိုက် ခွဲခြားပြီး ပညာပေးဖို့လိုပါတယ်။ ဥပမာ အသက် နှစ်နှစ်အရွယ်ကနေ ငါးနှစ်အရွယ်မှာဆိုရင် တစ်မျိုး၊ ခြောက်နှစ်ကနေ ရှစ်နှစ်အရွယ်မှာ ဆိုရင် တစ်မျိုး၊ ၉ နှစ်ကနေ ၁၂ နှစ်အရွယ်မှာဆိုရင် တစ်မျိုး၊ ၁၃ နှစ်ကနေ ၁၈ နှစ်ဆိုရင် တစ်မျိုးစသဖြင့် အရွယ်အလိုက် ပညာပေးသင့်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ မိဘတွေကိုယ်တိုင်က စာဖတ်ရမယ်၊ မျိုးဆက်ပွားကျန်းမာရေး ပညာပေးတာနဲ့ပတ်သက်ပြီး အကျွမ်းတဝင်ရှိရမယ်၊ ဒါမှသာ ကလေးကိုပြောပြတတ်မယ်။ ပြောပြပုံပြောပြနည်း ကလည်း လိုသေးတယ်။ တစ်ခါတည်းနဲ့ အများကြီး ပြောလိုက်ရင် ကလေးက နားမလည်ဘဲနဲ့ ကြောက်လန့်သွားတာမျိုး ဖြစ်သွားနိုင်ပါတယ်။ အထူးသဖြင့် ဒီလိုပညာပေးရာမှာ အကြောက်တရားမထည့်မိဖို့တော့ အရေးကြီးပါတယ်။

မေး ။ Sex Education ကို ဘယ်အချိန် ဘယ်အရွယ်က စပြီး ပေးသင့်ပါသလဲ။ ဘယ်သူတွေက ပေးသင့်ပါ သလဲဆရာ။
ဖြေ ။ ကလေးတွေကို အသက် ၂ နှစ်-သုံးနှစ်ကစပြီး သင်ပေးလို့ရပါတယ်။ ဥပမာ-သမီးလေးမွေးထားရင် ငယ်ငယ်ကတည်းက သမီးလေး ဆီးသွားတဲ့အခါ သေချာသန့်စင်ပေးဖို့၊ ဝမ်းသွားရင် အရှေ့ကနေ အနောက်ကိုသန့်စင်ပေးဖို့ သင်ပေးရမယ်၊ သားလေးဆိုရင်လည်း ဘယ်လိုသန့်ရှင်းရေးလုပ်ရမယ်ဆိုတာ သင်ပေးရမယ်။ သားလေးပဲ ဖြစ်ဖြစ်၊ သမီးလေးပဲဖြစ်ဖြစ် ဒီအင်္ဂါအစိတ်အပိုင်းက ကိုယ့်ရဲ့ရှက်ရှက်ဖြစ်တယ်၊ ဒီရှက်ရှက်ကို ဘယ်သူမှမထိစေနဲ့၊ ဘယ်သူမှမတို့စေနဲ့ဆိုပြီး ကာကွယ်တတ်အောင် သင်ပေး၊ ပြောပေး ရပါမယ်။ ဒီရှက်ရှက်ကဖုံးအုပ်ထားပြီး ကာကွယ်ရမယ့် အရာဆိုတာ ပြောပြရပါမယ်။
နည်းနည်းလေးအရွယ်ရောက်လာရင် ကျားသဘာဝ-မသဘာဝအရ အပြောင်းအလဲ ဖြစ်တတ်တာလေးတွေကိုပြောပြသင့်ပါတယ်။ ဟော်မုန်းအပြောင်းအလဲအရ ဖြစ်တတ်တာလေးတွေကို အိပ်ရာဝင်ပုံပြင်လေးတွေလို သက်သောင့်သက်သာ မှန်မှန်ကန်ကန်အေးအေးဆေးဆေး ပြောပြသင့်ပါတယ်။ မိဘကိုယ်တိုင်ကလည်း အသိရှိဖို့ စာဖတ်သင့်ပါတယ်။

သမီးလေးပဲဖြစ်ဖြစ်၊ သားလေးပဲဖြစ်ဖြစ် ကိုယ်ရဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ဘယ်သူမှမမြင်ဖို့၊ ဘယ်သူ့ကိုမှ မပြဖို့၊ ဘယ်သူမှ မကိုင်ဖို့ စသဖြင့် ငယ်ငယ်ကတည်းက သင်ပေးထားရပါမယ်။ “သားသားမီးမီးတို့ကို နောက်သလိုပဲဖြစ်ဖြစ် ရှက်ရှက်ကို လာကိုင်ခဲ့ရင်၊ ထိတွေ့ခဲ့ရင် မိဘကိုပြန်တိုင်ဖို့၊ မကြောက်ဖို့” သေချာသင်ပေးရပါမယ်။

ကလေးတွေကို ဦးတည်တဲ့သူတွေက “ပြန်ပြောရင်အသတ်ခံရမယ်”ဆိုပြီး အကြောက်တရားနဲ့ခြိမ်းခြောက်တတ်ပါတယ်။ အဲဒီတော့ မိဘတွေကို ပြန်မပြောပေမယ့်ကလေးတွေရဲ့ စိတ်ထဲမှာ စိတ်ဒဏ်ရာရသွားတတ်ပါတယ်။

မေး ။ အခုခေတ်မှာ ကလေးသူငယ်မုဒိမ်းမှုတွေကလည်း ပိုများလာတယ်။ ဒါတွေက ဘာတွေနဲ့ ဆက်စပ်ပြီး ဖြစ်ပွားတယ်လို့ ထင်ပါသလဲ ဆရာ။
ဖြေ ။ အဓိက မုဒိမ်းမှုများလာတာက ကလေးတွေကို ပြုစုပျိုးထောင်ပေးတဲ့ အုပ်ထိန်းသူတွေနဲ့လည်း ဆိုင်ပါတယ်။ စားဝတ်နေရေးအရ ရုန်းကန်ရလို့ ကိုယ့်ကလေးကို မိဘက သေချာမကြည့်နိုင်၊ ကလေးတွေကလည်း ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တဲ့အချိန်မှာ အဖြစ်များပါတယ်။ ဒီလိုလုပ်သူတွေကလည်းအရက်မူးလို့၊ ရူးကြောင်လို့ စတာတွေထက် ဖျက်လိုဖျက်ဆီးစိတ်ရှိကို ရှိနေတာပါ။ ကလေးတွေကို ဦးတည်ပြီး ကာမအာရုံတပ်မက်စိတ်ရှိနေတာပါ။ အရက်သေစာ သောက်စားတာက တွန်းပို့တဲ့ အချက်တစ်ခုပါပဲ။ အဓိက အကြောင်းတရားကတော့ ဖျက်လိုဖျက်ဆီးစိတ်ရှိတာနဲ့ ကလေးရဲ့ပတ်ဝန်းကျင်အရ မလုံခြုံတာတွေ ပေါင်းစပ်ပြီးဖြစ်သွားတာပါ။ အခုနောက်ပိုင်း ဆွေမျိုးအရင်းတွေတောင် စိတ်မချရတဲ့ အနေအထား ဖြစ်လာပါတယ်။ ဒါကြောင့် ကလေးကို ကိုယ့်အင်္ဂါအစိတ်အပိုင်းကို ဘယ်သူ့မှ အထိမခံဖို့နဲ့ တစ်ခုခုဆိုရင် ပြန်တိုင်ဖို့ ငယ်ငယ်ကတည်းက သင်ပေးထားဖို့ လိုပါတယ်။

မေး ။ Sex Education လို့ ပြောလိုက်ရင် ရှက်စရာ၊ မဖွယ်မရာကိစ္စလို့ပဲမြင်နေတဲ့ ရှေးအယူအဆတွေကလည်းရှိနေတုန်းပဲ။ ဒါတွေရဲ့ အကျိုးဆက်အနေနဲ့ ဘာတွေဖြစ်လာနိုင်ပါသလဲ ဆရာ။
ဖြေ ။ မြန်မာလူမျိုးတွေရဲ့ အလေ့အထ၊ ကိုးကွယ်တဲ့ ဘာသာအရ လိင်ကျန်းမာရေးလို့ ပြောလိုက်ရင် ရှက်စရာ၊ မပြောသင့်ဘူး စတဲ့ ရှေးရိုးစွဲအယူတွေ ရှိသူရှိနေပါသေးတယ်။ ဒါတွေကလည်း မဖြစ်သင့်တာ ဖြစ်လာတဲ့ အကြောင်းတရပ် ဖြစ်တတ်တာကြောင့် ငယ်ငယ်ရွယ်ရွယ်ကတည်းက သားလေး၊ သမီးလေးတွေကို လိင်ကျန်းမာရေးနဲ့ပတ်သက်ပြီး နည်းမှန်လမ်းမှန်ပညာပေးသင့်ပါတယ်။ ကျားသဘာဝ၊ မသဘာဝ ကိုပြောပြထားလိုက်ရင် ကလေးက သူ့ဘာသာအရွယ်အလိုက် ထိန်းထိန်းသိမ်းသိန်းနဲ့ စောင့်ရှောက်တတ်လာပါတယ်။ ဒါကြောင့် ကလေးကိုအရွယ်အလိုက်သင့်တင့်လျောက်ပတ်တဲ့ စကားလုံးနဲ့လိင်မှုဆိုင်ရာ ကျန်းမာရေးပညာပေးဖို့နဲ့ မျိုးဆက်ပွားကျန်းမာရေးပညာပေးဖို့လိုပါတယ်။ ပညာရေးစနစ်မှာသင်ရိုးတွေမှာလည်း လိင်မှုဆိုင်ရာ ကျန်းမာရေးပညာပေး (Sex Education)ကို ထည့်သင်ဖို့ အရေးကြီးတယ်လို့ ဆရာထင်မြင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top