Healthy Life Ad
Health Tips

ကိုယ်တွင်း မယ်လတိုနင်ဓာတ် လျော့နည်းခြင်းအတွက် အိမ်တွင်းကုထုံးများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

မယ်လတိုနင်ဆိုတာ ပီကျူထရီဂလင်းကထုတ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ အဲဒီဟော်မုန်းက အိပ်စက်မှုနဲ့ နိုးထတဲ့စနစ်တွေကို ထိန်းညှိပေးပါတယ်။ အကြောင်းကြောင်းကြောင့် ပီကျူထရီဂလင်းရဲ့ မယ်လတိုနင်ထုတ်လုပ်မှုအဆင့် လျော့ကျသွားစေနိုင်ပါတယ်။ အဲဒါတွေကတော့ ညဉ့်နက်တဲ့အထိ ပါတီပွဲဆင်နွှဲတာ၊ ညဘက်မှာ အရက်နဲ့ ကော်ဖီသောက်တာ၊ စိတ်ဖိစီးမှုများတာ၊ အပြာရောင်အလင်းတန်းနဲ့ထိတွေ့တာ၊ အသက်ကြီးတာ၊ နေ့ဆိုင်း-ညဆိုင်း အချိန်ပြောင်းပြီး အလုပ်လုပ်ရတာ စတဲ့အချက်တွေကြောင့် ကိုယ်တွင်းမယ်လတိုနင်အဆင့်ကို လျော့ကျစေပါတယ်။

သဘာဝဆေးနည်း (၁) လေ့ကျင့်ခန်းလုပ်ပါ

ပုံမှန်လေ့ကျင့်ခန်းလုပ်သူတွေက သူတို့ကိုယ်ထဲမှာ မယ်လ်တိုနင်အဆင့်မြင့်တက်စေတယ်လို့ လေ့လာမှုများစွာအရ သိရပါတယ်။ မအိပ်ခင် နာရီအနည်းငယ်အလိုမှာ ပေါ့ပါးတဲ့လှုပ်ရှားမှုလေးတွေလုပ်ပေးရင် တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

သဘာဝဆေးနည်း (၂) နေ့စဉ် နေခြည်နုနုခံယူပါ

နေ့စဉ် နေခြည်နုနုခံယူတာက ကိုယ်တွင်း မယ်လတိုနင်အဆင့်ကို အားကောင်းစေပါတယ်။ ရလဒ်အနေနဲ့ စိတ်ခံစားမှု ကောင်းစေပါတယ်။ စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကများတာတွေက အိပ်မပျော်တဲ့ ဝေဒနာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နံနက် ၁၀ နာရီမတိုင်ခင် နေခြည်နုနုကို ခံယူပေးပါ။

သဘာဝဆေးနည်း (၃) ညဘက်တွင် အပြာရောင်အလင်းနှင့် ထိတွေ့မှုကို လျှော့ချပါ

အိပ်ရာမဝင်ခင် နာရီအနည်းငယ်အကြာမှာ လက်ပ်တော့၊ စမတ်ဖုန်းတို့လို အပြာရောင်အလင်းတွေနဲ့ထိတွေ့မှုကို လျှော့ချသင့်ပါတယ်။ သုံးမိရင် အလင်းကို အနည်းဆုံးအထိလျှော့ချပါ။

သဘာဝဆေးနည်း (၄) ကဖင်းနှင့် အယ်လ်ကိုဟောလျှော့ပါ

ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာလို ကဖင်းပါတဲ့အရည်တွေနဲ့ အယ်လ်ကိုဟောပါတဲ့ အရည်တွေကို နေ့လယ် ၂နာရီနောက်ပိုင်း မသောက်ပါနဲ့။ အိပ်မပျော်ဖြစ်စေပြီး နောက်တစ်နေ့မှာ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။

သဘာဝဆေးနည်း (၅) မယ်လတိုနင်ပါသော အစာများစားပါ

မယ်လတိုနင်ပါတဲ့အစာတွေများများစားရင် ညဘက်အိပ်ရေးဝ၀အိပ်မောကျစေပါတယ်။ မယ်လတိုနင်ပါဝင်တဲ့ အစားအစာတွေက ငှက်ပျောသီး၊ လိမ္မော်သီး၊ နာနတ်သီး၊ ချယ်ရီသီးနဲ့ ကြက်သားတွေဖြစ်ကြပါတယ်။

သဘာဝဆေးနည်း (၆) စိတ်ဖိစီးမှုအဆင့် လျှော့ချပါ

မအိပ်ခင် တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာ သတိလေးကပ်ပြီး ဝင်လေ-ထွက်လေ မှတ်ပေးလိုက်ရင် စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါတယ်။ တစ်နေ့လုံးပင်ပန်းခဲ့ပြီးချိန်မှာ တေးသီချင်းနားဆင်တာ၊ ရေချိုးရင်း အပန်းဖြေတာ၊ တရားမှတ်တာ၊ ဒိုင်ယာရီရေးတာ၊ ပန်းချီဆွဲတာ စတာတွေလုပ်ပေးရင် စိတ်ရောကိုယ်ပါ အပန်းဖြေစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top