Healthy Life Ad
Q & A

ဆီးသွားခါနီးတိုင်း နာတယ်၊ ကျဉ်တယ် . . .

မေး. ဆီးသွားခါနီး ဆီးလမ်းကြောင်းထိပ် အရမ်းနာသလို ကျဉ်သလိုဖြစ်တယ်။ ပထမဆရာဝန်ပြတယ်။ ဆီးပိုးစစ်တော့ pus cells များတယ်လို့ ဆရာဝန်ကပြောပါတယ်။ ဆေးပေးပြီး သက်သာတယ်။ နောက် ဆီးပိုးမွေးထားတဲ့အဖြေကို ပြန်ပြတော့ သမားတော်ကိုလွှဲတယ်။ သမားတော်က ဖြစ်တတ်ပါတယ်ဆိုပြီး ဆေးပဲပေးလိုက်တယ်။ အခုတစ်ခါ ဆီးသွားတဲ့အခါ အရင်တခေါက်လိုပဲ ပြန်ဖြစ်နေပါတယ်။ ဘာဖြစ်တာလဲ၊ ဘာကြောင့်ဖြစ်တာလဲဆိုတာ သိချင်ပါတယ်ရှင့်။
Hnin Wai(FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ပြောတဲ့လက္ခဏာအရ ဆီးလမ်းကြောင်းပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေရဲ့ ဘဝတစ်သက်တာ တစ်လျှောက်လုံးမှာ အနည်းဆုံးတစ်ကြိမ်တော့ ဆီးပိုးဝင်တဲ့လက္ခဏာ ခံစားရလေ့ရှိတယ်လို့ သိရပါတယ်။ အထူးသဖြင့် အိမ်ထောင်သည်တွေမှာ ပိုဖြစ်တယ်ဆိုပေမယ့် အပျိုတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဘာကြောင့်ဖြစ်ရသလဲဆိုတော့ ဝမ်းထဲမှာပါတဲ့ပိုးတွေ သန့်ရှင်းမှုအားနည်းတဲ့အခါ စအိုပတ်ပတ်လည်မှာ ပိုးလေးတွေကျန်ခဲ့ပြီး ဆီးလမ်းကြောင်းထဲ ဝင်ရောက်ရာက ဆီးလမ်းကြောင်းပိုးဝင်တယ်၊ ဆီးအိမ်ရောင်ရမ်းပြီး ဆီးသွားတဲ့အခါ ပူကျဉ် အောင့်တဲ့ ဝေဒနာတွေ ဖြစ်တတ်ပါတယ်၊ ဆီးစစ်လို့ Pus Cell လေးတွေ ပါတယ်ဆိုရင် ဆီးလမ်းကြောင်း ပိုးဝင်တယ်လို့ သတ်မှတ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေးကို ငါးရက်လောက်ပေးလိုက်လို့ ဒီလက္ခဏာတွေ သက်သာသွားရင် ပိုးတွေသေသွားပါတယ်။

ဒါပေမဲ့ ဘာကြောင့်ပိုးဝင်တာလဲဆိုတဲ့ အကြောင်းရင်းကို မရှာဘူး၊ မဖယ်ဘူးဆိုရင် ပြန်ဖြစ်မှာပဲ။ အဲဒီအခါ အခုလို ဒုတိယအကြိမ် ပြန်ဖြစ်တတ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ရင် နောက်တစ်ကြိမ် ပြန်မဝင်အောင် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြု ဦးစားပေးရပါမယ်။ အဓိက ပြုလုပ်ရမှာတွေကတော့ ဝမ်းသွားပြီးရင် သေချာဆပ်ပြာနဲ့ ရေသုံးပြီး သန့်ရှင်းရေးလုပ်ဖို့လိုပါတယ်၊ အမျိုးသမီးတွေအနေနဲ့ ရာသီသွေးပေါ်တဲ့အချိန်မှာ လိင်အင်္ဂါသန့်ရှင်းရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top