Healthy Life Ad
Life Style

လေနာဆိုတာ ဘုရင်မှာလည်းဖြစ်သည် (Peptic ulcer)

ဒေါက်တာတင့်ဆွေ

– ကျွန်တော့်အသက် ၃၃ နှစ်ပါဆရာ။ Helico-bactery pylori ရောဂါလို့ပြောပါတယ်။ အစာအိမ်ရောဂါ ကူးစက်ရောဂါလို့ သိရပါတယ်။ ဖြစ်နေတာတော့ ၅ လလောက်ရှိပါပြီ။ ဒီရောဂါအကြောင်း သိချင်လို့ပါဆရာ။

၁၉၈၂ အရင်ဆရာဝန်ဖြစ်ကြသူတွေက လေနာဆိုတာ ရောဂါပိုးနဲ့မဆိုင်ဘူးလို့ သင်ခဲ့ကြရတယ်။ စားချိန်သောက်ချိန် မမှန်သူ၊ စိတ်ဖိစီးမှုများသူတွေမှာ ဖြစ်ကြရတယ်လို့ ဆိုခဲ့တယ်။ အလုပ်များတဲ့ဆရာဝန်၊ ဆယ်တန်းဖြေမယ့်ကျောင်းသား အဖြစ်များလို့ Stress ulcer စိတ်ဖိအားများအနာ ခေါ်ခဲ့ကြပါတယ်။ ၁၉၈၂ ရောက်တော့ လေနာနဲ့ H. pylori ပိုး ဆက်စပ်တာ သိလာရတယ်။

Peptic Ulcer (PU) လေနာမှာ Gastric ulcer (GU) အစာအိမ်နာနဲ့ Duodenal (DU) (ဒူယိုဒီ နယ်)နာ ဆိုပြီး ၂ မျိုးရှိတယ်။ (ဒူယိုဒီနမ်) ဆိုတာ အူသိမ်အစပိုင်း(စီ) ပုံနေရာလေးကို ခေါ်တာပါ။ DU ဟာ အသက် ၃၀ က ၅၀ နှစ်အတွင်း အဖြစ်များတယ်။ အမျိုးသမီးတွေ လေများချင်များမယ်၊ ကံပိုကောင်းကြတယ်။ ယောကျာ်းတွေလောက် လေနာမဖြစ်ဘူး။ GU ကြတော့ အသက် ၆၀ ကျော်တွေနဲ့ အမျိုးသမီးတွေမှာ အဖြစ်များတယ်။ ဖြစ်ရင်လည်း ၄ရာခိုင်နှုန်းက အစာအိမ်ကင်ဆာ ဖြစ်တတ်တယ်။ ကံမကောင်းပြန်ဘူး။

DU ၉၀ ရာခိုင်နှုန်းလောက် နဲ့ GU ၈၀ ရာခိုင်နှုန်းတို့ဟာ H. pylori ခေါ်တဲ့ ဗက်တီးရီးယားကြောင့်နဲ့၊ ကျန်တာက NSAID ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကြောင့်ဖြစ်တာပါ။ ဆေးလိပ်စွဲ၊ အရက်စွဲ၊ ကော်ဖီ၊ လက်ဖက်ရည်စွဲသူတွေမှာ ပိုဖြစ်တယ် …

DU ၉၀ ရာခိုင်နှုန်းလောက်နဲ့ GU ၈၀ ရာခိုင်နှုန်းတို့ဟာ H. pylori ခေါ်တဲ့ ဗက်တီးရီးယားကြောင့်နဲ့၊ ကျန်တာက NSAID ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကြောင့် ဖြစ်တာပါ။ ဆေးလိပ်စွဲ၊ အရက်စွဲ၊ ကော်ဖီ၊ လက်ဖက်ရည်စွဲသူတွေမှာ ပိုဖြစ်တယ်။ မိဘဖြစ်ရင် သားသမီးမှာလည်း ဖြစ်တာတွေရှိတယ်။ အရင်က လက်ညှိုးထိုးခဲ့ကြတဲ့ အပူအစပ်နဲ့ စိတ်ရှုပ်တာတွေကတော့ လေနာရှိနေရင် ပိုဆိုးစေတယ်လို့သာ လက်ခံကြတော့တယ်။ စားနေကျအချိန်ကျရင် အစာခြေအရည် ထွက်လာတာက အကျင့်ဖြစ်လာတယ်။ ထမင်းမကျက်သေးလို့ဖြစ်ဖြစ်၊ မအားလို့ဖြစ်ဖြစ်၊ ပိုက်ဆံမရှိလို့ဖြစ်ဖြစ် အချိန်ရောက်ရင် အက်စစ်ဓာတ်က အလိုက်မသိထွက်လာပြီး၊ ဝမ်းထဲမှာတဂျုတ်ဂျုတ် မြည်လာတယ်။

ရောဂါလက္ခဏာတွေကတော့ ဗိုက်နာမယ်၊ လေတက်မယ်၊ အစာမကျေဖြစ်မယ်၊ ပျို့အန်မယ်။ ကြာရင် အစားပျက်တော့ အလေးချိန်လျှော့၊ အားပျော့တာတွေ ဆက်လိုက်လာမယ်။ နာပုံနာနည်းက ပူပြီးနာတာ၊ အောင့်တာ၊ စူးနာတာ အမျိုးမျိုးဖြစ်တယ်။ နှလုံးနဲ့ဘာမှမဆိုင်ဘဲ Heartburn လို့ခေါ်တာက အစာမျိုပြွန်ထဲကို အက်စစ်ရည်တွေဆန်တက်လို့ နာတာကိုခေါ်တယ်။ GERD ဆိုပြီး ရောဂါနာမည်သစ်ထွင်လိုက်ကြတယ်။ GU က အစာစားရင်နာတတ်ပြီး DU က စားလိုက်ရင်သက်သာလို့ ဆာနာလို့ခေါ်တယ်။

ရက်တိုနဲ့ နာတာရှည် နှစ်မျိုးရှိတယ်။ ကြာတော့ အနာကကျယ်လာပြီး၊ သူ့အနီးအနားတွေကိုပါ နယ်ချဲ့နိုင်သေးတယ်။ နောက်ဆက်တွဲ ရောဂါတွေက အတော်ဆိုးတာတွေပါ။ အစာလမ်းကြောင်းကနေ သွေးယိုတာ၊ အနာဖြစ်နေတဲ့ အစာအိမ်-(ဒူယိုဒီနမ်) ပေါက်တာ၊ အောက်ဆင်းလမ်းကျဉ်းသွားလို့ စားပြီး အန်နေတော့တာ။ တာသုံးတာဟာ အရေးပေါ်တွေပါ။ အစာအိမ်ပေါက်လို့ နာတာက စူးရှပြီး နာတာမျိုး။ ဗိုက်မနေနိုင်-မထိုင်နိုင် တအားနာပြီး၊ ဆေးရုံကို အပြေးအလွှားလာရတယ်။ အချိန်မတော်က များတယ်။ ရိုးရိုးဓာတ်မှန်ရိုက်တာနဲ့ အစာအိမ်ပေါက်တာကို အသေအချာသိနိုင်တယ်။ အသည်းပေါ်မှာ လခြမ်းကွေးကွေးလေးကို မြင်ရရင်တော့ အရေးပေါ်ခွဲစိတ်ရပါမယ်။

သွေးအန်တာကို Hematemesis ခေါ်တယ်။ ကော်ဖီနှစ်လို ညိုမည်းမည်းအရည်တွေ အန်တာ။ အန်မထွက်ဘဲ အောက်ဆင်းရင် သွေးကဝမ်းထဲပါမယ်။ အချိန်ကြာတာမို့ ဝမ်းကမည်းနက်နေမယ်။ Melaena ခေါ်တယ်။ ကတ္တရာစေးလိုနေတာ။ အစာအိမ်က သွေးယိုတာမဟုတ်တာလည်း အဲလိုပဲဖြစ်နိုင်တယ်။ အသည်းခြောက်နေသူ၊ အစာမျိုပြွန်အောက်အဖျားက သွေးပြန်ကြောအထုံးတွေ ပေါက်လို့ဖြစ်နိုင်တယ်။ မျက်စိနဲ့မမြင်သာပေမယ့် ဝမ်းထဲမှာ သွေးနည်းနည်းချင်း ပါနေတာကို အနုကြည့်မှန်ဘီလူးနဲ့ စစ်မှသိရမယ်။

Barium meal ဓာတ်မှန်ရိုက်တာနဲ့ Endo-scopy ကိရိယာထည့်ကြည့်တာနဲ့ သေချာအောင် စစ်ရတယ်။ မီးတောင်ကို အပေါ်က ကြည့်ရသလို၊ အလည်မှာ အနာနေရာက ခွက်နေ၊ အနားဇောက်က အောက်ကို တည့်တည့်ကျနေပြီး၊ ဘေးမှာ ချော်ရည်ဆင်းတဲ့လမ်းတွေလို ဖြာထွက်နေတယ်။ ဘာ့ကြောင့်ဖြစ်သလဲဆိုတာသိရင် ရှောင်ရမယ်။ အဖြစ်များလို့ ဆရာလည်းများတယ်။ ဆေးလည်း မနည်းဘူး။ ပိုးကိုနိုင်တဲ့ဆေးနဲ့ အစာခြေရည်ကို သက်ရောက်တဲ့ဆေး၊ နှစ်မျိုးက မပါမဖြစ် ပေးပါတယ်။ ပိုးအတွက် ပဋိဇီဝဆေး၊ Amoxacillin, Tetracycline, Claithromycin, Metronidazole တွေကို သုံးတယ်။

Antacids အက်စစ်ဓာတ်ပျယ်ဆေးတွေ အများကြီးရှိတယ်။ Aluminium Hydroxide and Oxide, Magnesium Trisilicate 250-1500 mg တနေ့ ၃ ကြိမ်၊ Magnesium Carbonate, Magnesium Oxides, Magnesium hydroxide 200-400 mg တစ်နေ့ ၃ ကြိမ်၊ Calcium Carbo­nate 1250-1500 mg တနေ့ ၃ ကြိမ်။ အက်စစ်အထွက်နည်းဆေး Atropine Sul-phate 0.5-1.0 mg IM ထိုးဆေး၊ Proton pump inhibitors (Omeprazole, Rabeprazole) 20-40 mg တနေ့ ၁ ကြိမ်၊ ၁ လ၊ ၁ လခွဲသောက်ပါ။ Histamine H 2-receptor Antagonists (Ranitidine) 150 mg တနေ့ ၂-၃-၄ ကြိမ်။

DU ဆိုရင် Cimetidine 800 mg အိပ်ရာဝင်၊ 300-400 mg အစာစားပြီးတိုင်း တနေ့ ၂-၃-၄ ကြိမ်၊ ၁ လ၊ ၁ လခွဲသောက်ပါ။ သက်သာလာရင် ည 400 mg သောက်ပါ။ လတ်တလော အစာအိမ်နာဆိုရင် 800 mg အိပ်ရာဝင်၊ ဒါမှမဟုတ် 300 mg အစာစားပြီးတိုင်း၊ ၂ လသောက်ပါ။ အစာခြေရည်တွေ အထက်ဆန်တာဖြစ်ရင် 400-800 mg တနေ့ ၂-၃ ကြိမ်၊ ၁ လခွဲ သောက်ပါ။ Heartburn နဲ့ အစာမကြေဖြစ်ရင် 200 mg တနေ့ ၁-၂ ကြိမ်၊ အစာမစားခင် နာရီဝက်ကြိုသောက်ပါ။ Mucosal protective agents ဆိုတာကတော့ အစာလမ်းအတွင်းလွှာကို ကာကွယ်ဖို့ဆေးပါ။ အန်တဲ့သူတွေအတွက် Metoclopramide 10-15 mg စားဆေး တနေ့ ၃-၄ ကြိမ်ပေးရတယ်။

ဗိုက်တအားနာရင် Buscopan, Hyoscine 10-20 mg IV/IM ထိုးဆေး။ စားဆေး တနေ့ ၃-၄ ကြိမ်။ Diclofenac 25-75 mg စားဆေး တနေ့ ၂ ကြိမ်၊ Spasmocip, Spasmonil, Spasmo-Proxyvon စားဆေး တနေ့ ၂-၃-၄ ကြိမ်။ လိုအပ်ရင် ခွဲစိတ်ကုသတာ လုပ်ရတတ်တယ်။ Laparo-scopic surgery, Vagotomy, Antrectomy, Pyloroplasty နောက်ပြီး G-J ခေါ်တဲ့ အစာအိမ်နဲ့ အူကို ဆက်ပေးတဲ့နည်းက စိတ်ဝင်စားဖို့ကောင်းတယ်။

လူနေမှုပုံစံပါပြောင်းဖို့ လိုတယ်။ အပူအစပ်ရှောင်၊ ကော်ဖီလျှော့၊ ဆေးလိပ်-အရက်ဖြတ်ပါ။ စိတ်ဖိအားများတဲ့ အလုပ်ကနေပြောင်းလို့ရရင် ပြောင်းပါ။ တနေ့ နာရီဝက် လေ့ကျင့်ခန်းလုပ်ပါ။ မယ်ဒီတေးရှင်းလုပ်တာကောင်းတယ်။ လေနာရောဂါရှိရင် စတုမဓူ၊ သကြား၊ ထန်းလျက်၊ ဆေး၊ စားတာဟာ ဥပုသ်စောင့်ပေမဲ့ သီလမပျက်ဘူးလို့ သတ်မှတ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ကို ဖိအားနဲ့ထည့်ထားတဲ့ ဘီယာ၊ ဆိုဒါ၊ စပရင်း-ဝါးတား၊ ကိုကာကိုလာ၊ စပရိုက်၊ အင်နာဂျီ-ဒရင့်ခ်တွေက လေနာအတွက်မကောင်းပါ။ Sodium bicarbonate ဆော်ဒါမှုန့်သောက်ရင် ချက်ချင်းလို သက်သာပေမယ့်ကြာရင် အစာအိမ်ပေါက်စေနိုင်တယ်။

ဘာဆေးမှမရှိတုန်း နာလာရင် ရေတခွက်-နှစ်ခွက် သောက်လိုက်ပါ။ နွားနို့သောက်ပါ။ သွားလေရာ ဆေးယူသွားပါ။ ဆာရင်စားဖို့ စားစရာတခုခု ယူသွားပါ။ ကြော်တဲ့အစားတွေရှောင်ပါ။ အစေ့အဆံတွေ၊ တိုဖူး၊ ပဲပုတ်၊ ပဲအမျိုးမျိုး၊ ပင်လယ်ထွက်အသီးအနှံတွေ၊ ဟင်းနုနွယ်ရွက်တွေ တည့်ပါတယ်။ အသားကိုလျှော့ပါ၊ ပြုပြင်ထားတဲ့ဆီက လေနာနဲ့မတည့်ပါ။ အစာကို နည်းနည်းချင်း ခဏခဏစားပါ။ စားနေကျ အစားအစာတွေသာ စားတာကောင်းတယ်။ အစာလမ်းက သူချက်လုပ်ပေးနေကြဟာကို ပိုကျွမ်းကျင်ပါတယ်။ အီတာလျန်-ပီဇာ၊ ဘာဂါ-ယန်းကီး၊ ဆူရှီး-ဂျပန်၊ ကုလားမှန်-ရိုတီး၊ ထမင်းချည်းစားတာ ဗမာ၊ တရုတ်ဟာ ခေါက်ဆွဲ။ ဘာဘဲဖြစ်ဖြစ် စားနေကြပဲကောင်းတယ်။

အရပ်သုံးဆေးနည်းမှာ ပင်စိမ်းရွက်ကို စားခိုင်းတယ်။ ဂျင်း(ချင်း) စိမ်းသည် လေနာ၊ ဝမ်းဗိုက်-ရင်ခေါင်းနာတို့ကိုနိုင်၏လို့ ဆိုတယ်။ တိုင်းရင်းဆေးတခုက ဗီတာမင်စီဟာ လေနာနဲ့မတည့်ဘူးရေးတာ ဖတ်ရတယ်။ မဟုတ်ပါ။ ဗီတာမင်စီ 500 mg တနေ့ ၂ကြိမ်သောက်ရင်၊ သွေးယိုတာအတွက် အကျိုးရှိတယ်။ ချယ်ရီသီး၊ ဘလူးဘယ်ရီသီးလိုပဲ ခရမ်းချဉ်သီးကလည်း အဆိပ်အတောက် ပြေစေပါတယ်။ ခရမ်းချဉ်သီးက လေနာမသင့်လို့ ပြောတာလည်း ဖတ်ရတယ်။

စကားအရာမှာ နာမည်တလုံးနဲ့ရှိခဲ့တဲ့ စကားတောင်စားအမတ်ဟာ ဘုရင်က ခရမ်းချဉ်သီး စားကောင်းတယ်ဆိုတော့ အလိုက်သင့် လျှောက်လိုက်တယ်။ မကြာခင် ဘုရင်မှာ ခရမ်းချဉ်သီးကြောင့် လေနာထတော့ မှန်လှပါ အရှင်မင်းမြတ်ရဲ့ကျွန်မို့ အရှင့်အလိုကိုလိုက်ပြီး တင်ရကြောင်းပါဘုရားလို့ လျှောက်တင်ပါတယ်။ အနာမျိုး ၉၆ ပါးမှာ လေနာ ၃၂ ပါး ပါတယ်လို့ မြန်မာဆေးကျမ်းကဆိုပါတယ်။ ကုန်းဘောင်ခေတ်မှာ ဝန်ကြီးတပါး အလုပ်များလားမသိပါ၊ လေနာစွဲနေလို့ ပခန်းမှာ-လေ၊ လောင်းရှည်မှာ-ဓား၊ ခန်းပတ်မှာ-နား၊ ရေနံတတိုင်ချင်းနှင့် လင်းပါ့မလားလို့ ဗန်းမော်ဆရာတော်က သရော်ခဲ့ဖူးတယ်။ ပြင်သစ်ဘုရင် (ချားလ်စ်) နံပါတ် ၉ မှာလည်း ရှိသတဲ့။ ဒါလဲ သရော်တာမဟုတ်ပေမဲ့ St. Bartholomew’s Day Massacre လူသတ်ပွဲကြီးဟာ ကိုယ်တော်မြတ်မှာ လေနာထလို့ ဖြစ်ရသလိုလို ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top