Healthy Life Ad
Life Style

အိမ်နားမှာ မိုဘိုင်းဖုန်းဆယ်သွယ်ရေးတိုင်ထောင်တာက ဆိုးကျိုးရှိသလား

ဒေါက်တာကျော်စွာဦး (တာဝန်ခံဆရာဝန်၊ ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း)

မေး. လက်ကိုင်ဖုန်းဆက်သွယ်ရေးတိုင်တွေ အိပ်နားကပ်ပြီးထောင်ရင် ဘယ်လိုသက်ရောက်မှု ဖြစ်နိုင်ပါသလဲ ဆရာ။

ဖြေ. ဒါနဲ့ပတ်သက်ပြီး လေ့လာမှုတွေက အမျိုးမျိုးပါပဲ။ လက်ကိုင်ဖုန်းဆယ်သွယ်ရေးတာဝါတိုင်တွေက အိမ်နဲ့နီးလေ အန္တရာယ်ရှိလေလို့လည်း တချို့လေ့လာမှုတွေက ဆိုထားပါတယ်။ ဒါပေမဲ့ ပညာရှင်အများစုလက်ခံထားတာကတော့ ဖုန်းတာဝါတိုင်ကထွက်တဲ့ လှိုင်းတွေက ရုပ်မြင်သံကြားတို့၊ ရေဒီယိုတို့ ဖွင့်ထားရင်ထွက်တဲ့ လှိုင်းလိုပါပဲ . . သိပ်ပြီး လူကိုအန္တရာယ်မပြုပါဘူးလို့ ဆိုပါတယ်။

မေး. တချို့ကလည်း ဖုန်းတာဝါတိုင်တွေက ကင်ဆာရောဂါနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ပြောကြတာရှိပါတယ် ဆရာ။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး။

ဖြေ. တချို့သုတေသနအသေးလေးတွေကတော့ ဖုန်းတာဝါတိုင်တွေက ကင်ဆာနဲ့ဆက်စပ်တယ်လို့ပြောပေမယ့် တကယ့်သိပ္ပံနည်းကျ အထောက်အထားတော့မရှိပါဘူး။ ကင်ဆာဖြစ်လောက်တဲ့အထိ ဆိုးကျိုးမဖြစ်ပါဘူးလို့ ပညာရှင်တွေက ဆိုပါတယ်။

အမှန်တော့ ဖုန်းတာဝါတိုင်ရဲ့ သက်ရောက်မှုက အများကြီးအန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ အချိန်ကာလတစ်ခု ကြာလာတယ်၊ ပိုပြီး နီးကပ်တယ်ဆိုရင်တော့ ခေါင်းကိုက်တာ၊ မှတ်ဉာဏ်ထိခိုက်တာ၊ စိတ်ဖိစီးမှု များတာစတာလေးတွေ …

မေး. ဖုန်းတာဝါတိုင်နဲ့ နီးတဲ့အိမ်တွေမှာ နေတဲ့သူတွေက ဘယ်လိုဝေဒနာလေးတွေ ဖြစ်နိုင်ခြေရှိပါသလဲ ဆရာ။

ဖြေ. အဓိကကတော့ ဖုန်းတာဝါတိုင်ဆိုက်မယ့် ကုမ္ပဏီက ဒေသခံပြည်သူလူထုကို သေချာရှင်းပြဖို့လိုပါတယ်။ အမှန်တော့ ဖုန်းတာဝါတိုင်ရဲ့ သက်ရောက်မှုက အများကြီး အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ အချိန်ကာလတစ်ခုကြာလာတယ်၊ ပိုပြီး နီးကပ်တယ်ဆိုရင်တော့ ခေါင်းကိုက်တာ၊ မှတ်ဉာဏ်ထိခိုက်တာ၊ စိတ်ဖိစီးမှုများတာ စတာလေးတွေ ဖြစ်တတ်တယ်လို့ လေ့လာမှုတချို့က ဆိုပါတယ်။ တချို့တွေမှာ မူးတာ၊ နုံးချည့်တာ၊ ပင်ပန်းနွမ်းနယ်တာလေးတွေ ဖြစ်လွယ်တယ်လို့လည်း ဆိုထားပါတယ်။ တချို့တွေမှာ အာရုံစူးစိုက်မှုနည်းတာ၊ အရေပြားယားယံတာ စတဲ့လက္ခဏာလေးတွေလည်း ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။ ဒါတွေကတော့ သုတေသန စာတမ်းအမျိုးမျိုးအရ တွေ့ရတဲ့ မှတ်ချက်လေးတွေပါ။ သိပ္ပံနည်းကျအထောက်အထားနဲ့ ပြောတာတွေမှာတော့ ဖုန်းတာဝါတိုင်နဲ့ နီးနီးနေရင် ကင်ဆာရောဂါဖြစ်နိုင်တယ်ဆိုတာ မဟုတ်ဘူးလို့တော့ ပြောထားပါတယ်။

မေး. ဖုန်းတာဝါတိုင်နဲ့ နီးနီးနေရင် အိမ်ထောင်သည်တွေမှာ မျိုးအောင်နိုင်စွမ်း ထိခိုက်မှုရှိတယ်လို့လည်း ဆိုကြပါတယ်။ အဲဒါကတော့ ဟုတ်ပါသလား ဆရာ။

ဖြေ. အဓိကကတော့ ဖုန်းတာဝါတိုင်နဲ့ နီးနီးနေရင် အမျိုးသားတွေရဲ့ သုက်ကောင်အရေအတွက်နည်းတယ်၊ ဒီတော့ မျိုးအောင်နိုင်စွမ်းထိခိုက်တယ်လို့ တချို့လေ့လာမှုငယ်တွေက ဆိုပါတယ်။ ဒါကလည်း သုတေသနစာတမ်းအဆင့်လောက်ပဲ ရှိပါသေးတယ်။

ခြုံပြောရမယ်ဆိုရင် ဖုန်းတာဝါတိုင်နဲ့ ပတ်သက်ပြီး ပညာရှင်တွေ သုံးသပ်ထားတဲ့ စာတမ်းတွေအရ ရုပ်သံလွှင့်သလိုပါပဲ . .သိပ်အန္တရာယ်မရှိဘူးလို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး လေ့လာမှုတွေလုပ်နေပေမယ့် ခိုင်မာတဲ့ သိပ္ပံနည်းကျ အထောက်အထားကတော့ သေချာမတွေ့ရှိသေးပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top