Healthy Life Ad
Life Style

သွေးလှည့်ပတ်မှု မကောင်းသည့်အတွက် အရိုးပျက်စီးခြင်း(Avascular necrosis)

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး ။ AVN (Avascular necrosis) အကြောင်း သိပါရစေ ဆရာ။
ဖြေ ။ Avascular necrosis ဆိုတာက အရိုးကို သွေးလှည့်ပတ်မှု မကောင်းတော့တဲ့အတွက်ကြောင့် အရိုးတွေ ပျက်စီးကုန်တာကိုပြောတာပါ။ ၁၈၈၈ ခုနှစ်လောက်ထဲကစပြီး သတိထားမိခဲ့ကြပါတယ်။ ၁၉၄၀ မှာ သွေးလှည့်ပတ်မှု မကောင်းလို့ ဖြစ်တယ်ဆိုတာကို သိလာပါတယ်။ သွေးလှည့်ပတ်မှု မကောင်းလို့ အရိုးတွေပျက်စီးမှုအများဆုံးဖြစ်တာကတော့ ပေါင်ထိပ်ရိုး တွေဖြစ်ပါတယ်။ အများအားဖြင့်တော့ အသက် ၃၀ ကနေ ၅၀ ကြားအရွယ်တွေမှာ ဖြစ်တာများပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုဖြစ်တတ် ပါတယ်။

မေး ။ AVN (Avascular necrosis) ဖြစ်တဲ့အခါ လူနာအနေနဲ့ ဘယ်လိုခံစားရတတ်ပါသလဲ ဆရာ။
ဖြေ ။ ရောဂါဖြစ်စအစောပိုင်းမှာ လူက မနာတဲ့အတွက် မသိပါဘူး။ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတဲ့အခါမှသာ နာလာပြီး သိကြပါတယ်။ အရမ်းဆိုးရွားသွားတဲ့ အခါမှာ ခွဲစိတ်ကုသရတာတွေရှိပါတယ်။ အမှန်တော့ ရောဂါကို စောစောစီးစီးသိအောင် လုပ်နိုင်ရင် ပိုကောင်းပါတယ်။ ခွဲစိတ်မှုလုပ်ပြီး အဆစ်အစားထိုးထားတာက အကြာကြီးမခံပါဘူး။ အဲဒါကြောင့် ခွဲစိတ်မှုကို အချိန်ဆွဲတဲ့အနေနဲ့ ရောဂါကို စောစောသိအောင် ကြိုးစားပြီး ရောဂါပိုဆိုးမလာအောင် ကုသမှုခံယူသင့်ပါတယ်။

မေး ။ AVN (Avascular necrosis) ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို သိပါရစေ ဆရာ။
ဖြေ ။ AVN ရောဂါ ဖြစ်ရတဲ့အကြောင်းရင်း တစ်ဝက်လောက်က ဘာကြောင့်ဖြစ်မှန်း မသိကြပါဘူး။ ရှာ လို့လည်းမတွေ့ပါဘူး။ အဲဒါကို Primary ရောဂါလို့ ခေါ်ပါတယ်။ ကျန်တဲ့တစ်ဝက်ကတော့ ဖြစ်နိုင်ခြေ ရှိတဲ့ တခြားအကြောင်းတွေကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။ ဒါက Secondary အနေနဲ့ ဖြစ်တာကို ပြောတာ ဖြစ်ပါတယ်။

အဖြစ်အများဆုံးပြဿနာကတော့ စတီးရွိုက် ဆေးတွေ သောက်သုံးလို့ ဖြစ်တာပါ။ တခြားဖြစ်ရတဲ့ အကြောင်းရင်းကတော့ အဆစ်တွေကို ထိမိခိုက်မိလို့ ဖြစ်တာ များပါတယ်။ ဥပမာ အဆစ်ထိခိုက်တာတို့၊ ပေါင်အဆစ်ရိုးကျိုးတာတို့တွေကြောင့် သွေးလှည့်ပတ်မှု ထိခိုက်သွားပြီး AVN ဖြစ်သွားတတ်ပါတယ်။
နောက်တစ်မျိုး ဆရာတို့ဆီမှာ အဖြစ်များတာကတော့ အရက်သောက်များလို့ ဖြစ်တာတွေ တွေ့ပါတယ်။ တခြားဖြစ်တတ်တဲ့အကြောင်းတွေက အများကြီးရှိပါတယ်။ သွေးထဲမှာ အဆီတွေ အရမ်းတက် နေတဲ့သူတွေမှာလည်း AVN ဖြစ်တတ်ပါတယ်။ ဓာတ်ရောင်ခြည်သင့်နေသူတွေ၊ ခန္ဓာကိုယ်တွင်း အင်္ဂါတွေ အစားထိုးထားတဲ့သူနဲ့ရေငုပ်သမားတွေ . . အစရှိတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။

မေး ။ ဖြစ်ရင် ဘယ်လို ရောဂါလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။
ဖြေ ။ ရောဂါလက္ခဏာတွေကတော့ ဖြစ်ခါစမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ အမှတ်မထင် တခြားအကြောင်းတွေကြောင့် ဓာတ်မှန်ရိုက်လိုက်တဲ့အခါမှ တွေ့ကြတာတော့ရှိပါတယ်။ အစပိုင်းမှာ ဘာမှမဖြစ်ပေမယ့် နောက်ပိုင်း နည်းနည်းကြာလာတာနဲ့ ဖြစ်တဲ့ ပေါင်အဆစ်က နာလာပါတယ်။ တစ်ခါတလေမှာ အဆစ်နာပါတယ်။ အဆစ်က နာလိုက်၊ ပျောက်လိုက်လည်း ဖြစ်တတ်ပါတယ်။ နောက်ပြီးတော့ တင်ပဆုံပတ်ပတ်လည်မှာ ဖြစ်တတ်တဲ့အပြင် ပေါင်တွေ၊ ဒူးတွေကနေ အောက်ပိုင်းအထိ ဆက်တိုက် နာသွားပါတယ်။ ခါးနာရောဂါတွေနဲ့လည်း မှားတတ်ပါတယ်။ တဖြည်းဖြည်း ပိုဆိုးလာတဲ့အခါ မတ်တပ်ရပ်လိုက်ရင်၊ လမ်းလျှောက်ရင် နာလာတာတွေ ဖြစ်ပါတယ်။ တချို့ကလည်း ထိုင်နေတုန်း၊ ညအိပ်နေတုန်း နာတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီလိုနာတဲ့အတွက် လမ်းလျှောက်ရင် ထော့နဲ့ထော့နဲ့ဖြစ်လာပါတယ်။ ဖြစ်တဲ့ အဆစ်ပတ်ဝန်းကျင်မှာနာလာမယ်။ ကြာတဲ့အခါကျတော့ အဆစ်က ပုံမမှန်တော့ပါဘူး။ အဆစ်ပတ်ဝန်းကျင်မှာရှိတဲ့ကြွက်သားတွေက သိမ်လာပါတယ်။

မေး ။ AVN ရောဂါစစ်ဆေးရှာဖွေမှု အပိုင်းကိုလည်း သိပါရစေ ဆရာ။
ဖြေ ။ ဓာတ်မှန်ရိုက်လိုက်တဲ့အခါ အစောပိုင်းမှာ ဘာမှမတွေ့ရပါဘူး။ နည်းနည်း နာလာပြီဆိုတဲ့အခါတွေမှာ ဓာတ်မှန်ရိုက်ပြီး ပြောင်းလဲမှုတွေ မြင်ရဖို့ တစ်နှစ်ကနေ ငါးနှစ်လောက်အထိ ကြာတတ်ပါတယ်။ CT scan ကတော့ ဓာတ်မှန်ထက် ပိုပြီး ပေါ်နိုင်ပါတယ်။ ရောဂါကို ပိုပြီး စောစောစီးစီး သိချင်ရင်တော့ MRI ရိုက်ရပါတယ်။ ရောဂါနဲ့ပတ်သတ်ပြီး MRI နဲ့စစ်ရင်တော့ စောစောစီးစီးဖြစ်တာနဲ့ တွေ့နိုင်ပါတယ်။ AVN ကို ရောဂါအခြေအနေပေါ် မူတည်ပြီးတော့ အဆင့် အမျိုးမျိုး ခွဲလို့ရပါတယ်။ အများအားဖြင့် အဆင့်က ဝ ကနေ အဆင့် ၄ အထိခွဲပါတယ်။ ဆရာတို့ဆီ ရောက်ရင် အဆင့် ၃လောက်မှ ရောက်လာတာများပါတယ်။ ဒီအဆင့်ဆိုရင် ဓာတ်မှန်ထဲမှာ သိသိသာသာ တွေ့နိုင်နေပါပြီ။ အဆစ်တွေနဲ့ အရိုးတွေ ပျက်စီးသွားတာကိုတော့ အဆင့် ၄ လို့ ခေါ်ပါတယ်။

မေး ။ AVN က ဘယ်လိုရောဂါတွေနဲ့ ဆက်စပ်မှု ရှိပါ သလဲဆရာ။
ဖြေ ။ ဒီရောဂါ တဖြည်းဖြည်း များများလာတာက ဒီနိုင်ငံမှာရော တခြားနိုင်ငံတွေမှာရော တွေ့ရပါတယ်။ ဖြစ်ရတဲ့ အကြောင်းတွေကလည်း များများလာပါတယ်။ မွေးရာပါပေါင်အဆစ်ပြုတ်တာ၊ ဂေါက်ရောဂါကြောင့်၊ သွေးထဲမှာ အဆီတက်တာ၊ သွေးတွေကခဲတာ၊ ဟေမိုဂလိုဘင်များလို့ဖြစ်တဲ့ ရောဂါ၊ ကျောက်ကပ်ရောဂါတွေ အစရှိတာတွေနဲ့ ဆက်စပ်နေပါတယ်။

ဖြစ်နိုင်တဲ့အကြောင်းရင်းတွေက အများကြီး ရှိနေပါတယ်။ ဒါပေမဲ့ ဘာကြောင့် အဲဒီလိုဖြစ်ရတယ် ဆိုတာကိုတော့ တိတိကျကျ မသိကြသေးတာတွေ ရှိပါတယ်။ ထိထိရောက်ရောက် ကုသနိုင်တဲ့ နည်းတွေလည်း မရှိသေးတဲ့အတွက် သတိထားကာကွယ်တာကသာ အကောင်းဆုံးဖြစ်ပါတယ်။

မေး ။ AVN ကို ဘယ်လိုကုသမှုပေးရပါသလဲ ဆရာ။
ဖြေ ။ ကုသမှုအနေနဲ့ မခွဲမစိတ်ဘဲ ကုသတာနဲ့ ခွဲစိတ်ကုသတာဆိုပြီး နှစ်မျိုးရှိပါတယ်။ မခွဲမစိတ်ဘဲနဲ့ အဆစ်တွေရဲ့ အခြေအနေ ပိုဆိုးမလာအောင်၊ စောစောစီးစီး အဆစ်ပျက်စီးမှုဖြစ်မလာအောင် ထိန်းထားတဲ့ပုံစံမျိုး ကုသတာပါ။ အဓိကကတော့ ခွဲစိတ်မှုကို တတ်နိုင်သလောက် နောက်ဆုတ်စေချင်တဲ့ သဘောပါ။

Statin Therapy ဆိုတဲ့ သွေးထဲမှာ အဆီတက်နေရင်ပေးတဲ့ အဆီကျဆေးပေးတဲ့ နည်းတွေကလည်း အသုံးဝင်ပါတယ်။ အရိုးပါးရောဂါမှာ သုံးတဲ့ဆေးတွေနဲ့ အနာသက်သာအောင် ပေးတဲ့ ဆေးတွေကလည်း အထောက်အကူဖြစ်ပါတယ်။ လမ်းတွေလျှောက်တဲ့အခါမှာ အရိုးတွေ စောစောမပျက်စီးသွားအောင် ချိုင်းထောက်တွေ၊ တုတ်တွေနဲ့ လမ်းလျှောက်ခိုင်းတာတွေလည်း လုပ်ပေးလို့ရပါတယ်။

မေး ။AVN ကို ခွဲစိတ်ကုသမှုပေးတဲ့ နည်းတွေကိုလည်း သိပါရစေ ဆရာ။
ဖြေ ။ ခွဲစိတ်ကုသမှုကတော့ အမျိုးမျိုးရှိပါတယ်။ စောစောစီးစီးအဆင့်မှာလုပ်တဲ့ ခွဲစိတ်မှုမှာတော့ Core Decompression ဆိုတာ ရှိပါတယ်။ နောက်ပြီးတော့ အရိုးမှာမကောင်းတော့တဲ့နေရာ၊ ပျက်စီးနေတဲ့ အရိုးနဲ့ ထိနေတဲ့နေရာကို မထိမိတော့အောင် ကောင်းတဲ့ဘက်ကို အရိုးကိုဖြတ်ပြီး Osteotomy လုပ်ပြီး လှည့်လိုက်ကာ လိုအပ်သလို အရိုးကို ပြုပြင်ပေးရပါတယ်။ ဒီထက် ပိုဆိုးလာပြီး အဆစ်ခေါင်းက ပျက်စီးနေပြီဆိုရင် အဆစ်အတုထည့်တာကိုလည်း လုပ်လို့ရပါတယ်။

မေး ။ AVN နဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံ ပြောကြားလိုတာရှိရင် ပြောပြပေးပါ ဆရာ။
ဖြေ ။ အကြမ်းအားဖြင့်တော့ ဒီရောဂါကို ကုသရာမှာ အခက်အခဲတွေ ရှိနေပါသေးတယ်။ အဓိကကတော့ လူနာက ရောဂါအဆင့် စောစီးတဲ့အပိုင်းမှာ မသိရတဲ့အတွက် နောက်ကျမှ ရောက်လာတာများပါတယ်။ စောစောစီးစီးနာလို့ မသင်္ကာလို့စစ်ဆေးတော့လည်း MRI ရိုက်တာက ဈေးကြီးပါတယ်။ ဒါကြောင့် နောက်ဆုံး အခြေအနေဆိုးမှ တွေ့တာများပါတယ်။ အဲဒီအချိန်တွေမှာလည်း အဆစ်အစားထိုးတာ လုပ်ဖို့အတွက်ကျတော့လည်း အဆစ်အတုတန်ဖိုးက မတတ်နိုင်တော့ပြန်ဘူး။ တတ်နိုင်သလောက် ကာကွယ်မှုတွေအနေနဲ့ပဲ ကုသပေးရတာ များပါတယ်။

တစ်ခါတလေကျတော့ မြန်မာဆေးတချို့ထဲမှာ စတီးရွိုက်တွေ ထည့်ထားတတ်ပါတယ်။ ဆေးလိပ်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါတွေကို တတ်နိုင်သလောက် ရှောင်ပေးရပါမယ်။ ထိမိခိုက်မိပြီး ပေါင်အဆစ်ပြုတ်တာတွေ၊ အဆစ်ရိုးကျိုးတာတွေဖြစ်တာကြောင့်လည်း ဖြစ်တတ်တဲ့အတွက် ထိခိုက်မှု အန္တရာယ်ကို တတ်နိုင်သလောက် သတိထားရပါတယ်။

ကုသရတာခက်တဲ့ အပိုင်းတွေရှိနေသေးတဲ့အတွက် ကာကွယ်မှုအပိုင်းမှာ ဂရုတစိုက်လုပ်ပေးဖို့ လိုပါတယ်။

_ _ _

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top