Healthy Life Ad
International

ကင်ဆာကြောင့် ရင်သားနှစ်ဖက်လုံးဖြတ်ထုတ်ခဲ့ပြီး တစ်ပတ်အတွင်း စာမေးပွဲ ကောင်းစွာဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသူ

၊ ကိုထက် ၊

မိုင်လီပလစ်စာ ၁၅နှစ်အရွယ်မှာ မိခင်ဖြစ်သူက ရင်သားကင်ဆာနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ အသက် ၁၈နှစ်အရွယ်မှာ ရင်သားမှာ အကျိတ်လေးတစ်ခုစမ်းမိခဲ့ပြီး ရင်သားကင်ဆာမျိုးရိုးရှိလို့ ဆရာဝန်ကို ချက်ချင်းသွားရောက်ပြသခဲ့ပါတယ်။ စစ်ဆေးမှုတွေအရ ကံကောင်းစွာနဲ့ သူ့ရင်သားအကျိတ်ဟာ ကင်ဆာအကျိတ်မဟုတ်ဘဲ ရိုးရိုးအဆီကျိတ် ဖြစ်နေပါတယ်။

ဒါပေမဲ့ စစ်ဆေးပေးခဲ့တဲ့ ဆရာဝန်ဟာ မိုင်လီလည်ပင်းနားမှာ နောက်ထပ်အကျိတ်တွေ စမ်းမိခဲ့တာကြောင့် ထပ်မံစစ်ဆေးမှုတွေပြုလုပ်ခဲ့ရာ မိုင်လီမှာ သိုင်းရွိုက်ကင်ဆာဖြစ်နေတာကို သိရှိခဲ့ရပါတယ်။ ကင်ဆာအဆင့် နိမ့်သေးတဲ့အတွက် ခွဲစိတ်ကုသမှုကို အောင်မြင်စွာခဲ့ယူခဲ့ပြီး ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ စစ်ဆေးမှုတွေပြုလုပ်ရင်းနဲ့ပဲ ရင်သားအကျိတ်တွေဟာ ပြောင်းလဲမှုတွေဖြစ်လာခဲ့ပါတယ်။ စမ်းသပ်စစ်ဆေးမှုတချို့ ထပ်ပြုလုပ်ပြီးနောက် ရင်သားအကျိတ်တွေဟာ ကင်ဆာမဟုတ်သေးပေမယ့် ကင်ဆာဖြစ်လာတော့မယ့် လက္ခဏာတွေရှိတာကို တွေ့ရှိခဲ့ပါတယ်။ မိုင်လီက မိခင်ရဲ့ ရင်သားကင်ဆာဖြစ်တတ်တဲ့ BRC-A1 မျိုးစိတ်ရှိနေတာကို တွေ့ရှိခဲ့တဲ့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရင်သားနှစ်ဖက်လုံးကို ဖြတ်ထုတ်တဲ့ ခွဲစိတ်မှုပြုလုပ်သင့်တယ်လို့ ဆရာဝန်က အကြံပြုခဲ့ပါတယ်။

“ကျွန်မအမေ ရင်သားကင်ဆာဖြစ်နေတဲ့ တစ်လျှောက်လုံး သူများတွေရဲ့ အကြံပေးချက်တွေကိုပဲလိုက်နာပြီး သူလုပ်ချင်တာတွေ မလုပ်ခဲ့ရဘူး။ အိပ်ရာထဲမှာပဲနေနေရပြီး ဒီလိုပဲဆုံးပါးသွားခဲ့ရတယ်.. ကျွန်မကတော့ ကျွန်မရဲ့ဘဝကို ကိုယ်တိုင်ပဲဆုံးဖြတ်ပြီး ကိုယ်လုပ်ချင်တာတွေ လုပ်သွားချင်တယ်”လို့ ပြောပြီး ချက်ချင်းပဲ ခွဲစိတ်ကုသမှုခံယူခဲ့ပါတယ်။

ခွဲစိတ်မှုခံယူပြီး ကျောင်းစာမေးပွဲကို ဆေးရုံမှာတင် ဖြေဆိုခွင့်တောင်းခဲ့ပြီး စာမေးပွဲအချိန်အတိုင်းဖြေဆိုခဲ့ရာ စာမေးပွဲကို ဂုဏ်ထူးဆောင်အမှတ်တွေနဲ့ အောင်မြင်ခဲ့ပါတယ်။ မိုင်လီကို အားလုံးက အလွန်သတ္တိရှိတဲ့ မိန်းကလေးအဖြစ် ပြောဆိုခဲ့ကြပါတယ်။ “သူများတွေကတော့ ကျွန်မကို သတ္တိရှိတယ်လို့ ပြောနေကြပါတယ်။ တကယ်တော့ ကျွန်မမှာ ရွေးချယ်ခွင့်မရှိတော့တာပါ… ဖြစ်လာရင် ရင်ဆိုင်ရမှာပဲလေ… မြန်မြန်ရင်ဆိုင်လိုက်တော့လည်း မြန်မြန်ပြီးသွားတာပေါ့”လို့ ၂၁ နှစ်အရွယ် မိုင်လီက ပြောပါတယ်။

အခုနောက်ပိုင်း ဒီလိုရင်သားကင်ဆာဖြစ်နိုင်တဲ့ မျိုးရိုးဗီဇကိုစစ်ဆေးပြီး လိုအပ်ရင် ရင်သားတွေကို စောစီးစွာ ခွဲစိတ်တဲ့ကုသမှုကို ခံယူသူတွေရှိလာပါပြီ။ ဒါဟာ လက်ရှိအခြေအနေအတွက် အထိရောက်ဆုံး ရင်သားကင်ဆာ ကာကွယ်မှုတစ်ခုပါပဲ။ မိုင်လီဟာ ဗြိတိန်ရှိ ရင်သားနှစ်ဖက်လုံး ခွဲထုတ်ခဲ့သူတွေထဲမှာ အသက်အငယ်ဆုံးအဖြစ် မှတ်တမ်းတင်ထားပါတယ်။ ဒီခွဲစိတ်မှုမျိုးကို နာမည်ကျော်မင်းသမီး အင်ဂျလီနာဂျိုလီကလည်း ပြုလုပ်ထားပြီး သူမရဲ့နမူနာ ခွဲစိတ်ခံယူထားမှုက အားတစ်ခုဖြစ်စေခဲ့တယ်လို့လည်း မိုင်လီက ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top