Healthy Life Ad
Life Style

ရင်သားကင်ဆာအဆင့်(၃) အနိုင်ယူကျော်လွှားခဲ့တာ ၂၄ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ခင်ရီရီ၊

ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၁၉၈၆ ခုနစ်တွင် အစိုးရဝန်ထမ်းအဖြစ်မှ နုတ်ထွက်ခဲ့ပြီး ခင်ပွန်းဖြစ်သူ တာဝန်ကျသည့် နေရာများ သို့ လိုက်ရင်း ဒေါ်ခင်ရီရီသည် အသက် ၅၄ နှစ်အရွယ် ၁၉၉၃ ခုနှစ်တွင် ဘယ်ဘက်ရင်သား၌ အကျိတ်လေးတစ်ခုကို စတင် စမ်းမိခဲ့သည်။
“အန်တီဖြစ်ခဲ့တာ ၉၃ ခုနှစ်ကပါ။ တစ်နေ့ ဘေစင်မှာ အန်တီ ပန်းကန်ဆေးနေတုန်း အမျိုးသားက နောက်ကနေ လှမ်းဖက်လိုက်တော့ ခန္ဓာကိုယ်ကို ညှစ်လိုက်သလို ဖြစ်သွားတယ်။ အဲဒီမှာ အန်တီက နာသွားတယ်။ ဒါနဲ့ အိပ်ရာထဲမှာ လှဲပြီး ဟိုစမ်းဒီစမ်း စမ်းကြည့်တဲ့အခါ နို့သီးခေါင်းလေးအောက်မှာ အကျိတ်လေးတွေ့တယ်။ အကျိတ်လေးတွေ့တာနဲ့ ဆရာဝန်ကို သွားပြလိုက်ပါတယ်။
ခွဲစိတ်ဆရာဝန်ကြီး ဦးသိန်းညွန့်က စမ်းသပ်ပြီး “ဒီအကျိတ်လေးကို ကလော်ထုတ်လိုက်တော့မယ်”ဆိုပြီး ပြောတော့ အန်တီက လက်ခံပါတယ်။ ဒါပေမဲ့ ဆရာကြီးက ကင်ဆာဆရာဝန်ကြီး ဒေါ်သန်းသန်းဦးနဲ့ တိုင်ပင်ပြီး နောက်ဆုံးကျတော့”ကလော်ထုတ် ပြီး အသားစယူမလား”၊ ဒါမှမဟုတ် “တစ်ခါတည်း ရင်သားတစ်ဖက်ကို ဖြတ်ထုတ်လိုက်မလား”လို့ အန် တီ့ကိုမေးတယ်”ဟု ဒေါ်ခင်ရီရီက ရင်သားကင်ဆာ ခရီးလမ်းအစကို ပြန်လည်ပြောပြခဲ့သည်။
ထိုခေတ်အခါက ရင်သားအကျိတ် အသားစယူ စစ်ဆေးမည်ဆိုလျှင် စင်ကာပူနိုင်ငံသို့ပို့၍ စစ်ဆေးရကြောင်းနှင့် ရက်အနည်းငယ်ကြာမှ အဖြေရကြောင်း သိရသည်။

“ကြာမှသိရမှာဆိုတော့ အန်တီကလည်း “အသားစမယူတော့ဘူး၊ တစ်ချိန်တည်း လုပ်သင့်လုပ် ထိုက်တာကိုလုပ်လိုက်တော့မယ်၊ သီရေတာခန်းထဲ ကို နှစ်ခေါက်-သုံးခေါက် မဝင်ချင်ဘူး”ဆိုပြီး ပြောလိုက်ပါတယ်။ ဒီလိုနဲ့ တစ်ခါတည်းပဲ ဘယ်ဘက်ရင်သားကို ခွဲထုတ်လိုက်ပါတယ်”
ခွဲစိတ်ကုသပြီးချိန်တွင် ရင်သားကင်ဆာအဆင့် (၃)ဟု သိခဲ့ရကြောင်း၊ ထိုအချိန်က ကင်ဆာဖြစ်သူ ဦးရေနည်းပါးသေးသော်လည်း ဘုရား၊ တရားကိုင်းရှိုင်းသူ ဒေါ်ခင်ရီရီကမူ ကြောက်စိတ်ပင် မဝင်ခဲ့ပေ။
“ကင်ဆာလို့ သိလိုက်ရပေမယ့် အန်တီ ဘယ်လိုမှ မခံစားရပါဘူး။ အခုခေတ်လို ကြောက်ရကောင်း မှန်းလည်း မသိဘူး။ တခြားသူတွေကတော့ ဘာလိမ်း ဆေးလိမ်း၊ ဘယ်လိုလုပ် . .စသဖြင့် အမျိုးမျိုးပြော ကြတာပေါ့။ ဒါပေမဲ့ အန်တီက တစ်ခါတည်းပဲ သေချာတဲ့နည်းနဲ့ ကုမယ်ဆိုပြီး ကုခဲ့တယ်။ ခွဲခန်းထဲကိုလည်း တစ်ခါပဲ ဝင်မယ်၊ နှစ်ခါ-သုံးခါမဝင်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် သရဏဂုံတင်ပြီး ဝင်လိုက်တယ်။ ခန္ဓာရှိရင် ဝေဒနာရှိမယ်ဆိုတာ အန်တီ သိထားပြီးသား . .ခွဲခန်းထဲ ဝင်တော့လည်း ကြောက်ရကောင်းမှန်း မသိဘူး၊ တရားလေးမှတ်ပြီး ဝင်လိုက်တယ်”ဟု ကင်ဆာခရီးလမ်း အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းခဲ့ပုံကို ပြောပြသည်။

“ပြီးတော့ ရန်ကုန်ဆေးရုံကြီးမှာ ၄၅ ကြိမ် ဓာတ်ရောင်ခြည်ကင်လိုက်ပါတယ်။ ဆေးသွင်းတဲ့ ခေတ်မဟုတ်တော့ ဆေးမသွင်းရပါဘူး။ဓာတ်ရောင်ခြည်ကင်တုန်းက အဲဒီဌာနက ဘာပြောသလဲဆိုတော့ “လုံးဝ အဆက်ဖြတ်လို့မရဘူး။ ၄၅ ကြိမ်လုံး မပျက်မကွက် တစ်ဆက်တည်း ကုရမယ်၊ ပျက်သွားရင် အစကနေ ပြန်ကုရမယ်”လို့ ပြောပါတယ်။ အန်တီကလည်း အပျက်မခံဘဲ ၄၅ ကြိမ်၊ ၄၅ ရက် ကုရပါတယ်။ အဲဒီခေတ်တုန်းက ဆေးအပြာနဲ့ အမှတ် အသားပေးပါတယ်။ လက်မောင်း၊ လည်ပင်းနဲ့ ကျောတွေမှာ ဆေးအပြာသုတ်ပြီး အမှတ်အသားပေးပါတယ်။ ဓာတ်ရောင်ခြည်ပေးတဲ့ ကြာချိန်ကလည်း စက္ကန့် ပိုင်းလောက်ပါပဲ။ ပြီးသွားတဲ့အခါ ရေမထိနဲ့၊ ပေါင်ဒါတွေလည်း မတို့နဲ့လို့ မှာလိုက်တယ်။ အန်တီလည်း သူတို့မှာတဲ့အတိုင်း ရေမထိဘဲ တခြား လွတ်တဲ့နေ ရာတွေကိုပဲ ပဝါလေးနဲ့ ရေဆွတ်ပြီး သန်ရှင်းရေး လုပ်ပါတယ်”ဟု ဒေါ်ခင်ရီရီက ပြောသည်။
ဓာတ်ရောင်ခြည်ကုထုံးခံယူချိန်တွင် ဒေါ်ခင်ရီရီသည် အိမ်တွင် စိုက်ပျိုးထားသော ရှားစောင်းလက်ပပ် (တစောင်းလက်ပပ်)ပင်အနှစ်သားကို တစ်နေ့ လျှင် ၂၀ ကျပ်သားခန့် စားလေ့ရှိကြောင်း သိရသည်။

“တစောင်းလက်ပပ်ကို အနှစ်လေးတွေ ထုတ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်တယ်။ အေးနေတဲ့အချိန်မှာ ကမန်းကတမ်း မျိုချလိုက်တယ်။ အခု အချိန်အထိလည်း တစောင်းလက်ပပ်ကို စားဖြစ်နေပါတယ်”

ဓာတ်ရောင်ခြည်ကုထုံး ၄၅ ရက်ပြည့်သွားချိန် တွင် အရေပြား မည်းပြီး ဖောင်းတက်လာကြောင်း၊ သို့ရာတွင် တစ်ပတ်အတွင်း သက်သာသွားကြောင်း ဆိုသည်။
“အဲဒီလို အရေပြားက မည်းပြီး ဖောင်းတက် လာတော့ ဘာမှ မလုပ်ပါနဲ့၊ အဝတ်ပျော့ပျော့လေး နဲ့ပဲ သုတ်ပါလို့ မှာထားတာနဲ့ အန်တီက စွပ်ကျယ် အင်္ကျီပါးလေးနဲ့ တို့ပေးတယ်။ ပြီးတော့ သူတို့ပေးတဲ့ လိုးရှင်းလေးလိမ်းရပါတယ်။ တစ်ပတ်လောက်လည်း ကြာရော အရေပြားက အဖတ်လိုက်ကြီး ကွာကျလာ တယ်။ အဲဒီတော့ အရေပြားက ဖြူသွားတယ်။ လိုး ရှင်းလိမ်းရင်း နောက်ပိုင်း တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်သွားတယ်။ အဲဒီအတောအတွင်းမှာ ပူတဲ့ အစား အသောက်တွေ မစားခိုင်းဘူး၊ အေးတဲ့ အစားအသောက် အထူးသဖြင့် Juice တွေပဲ သောက်ခိုင်းပါတယ်။ ဓာတ်ရောင်ခြည်ကင်ပြီးတော့ သောက်ဆေး ကို ငါးနှစ်သောက်ခိုင်းပါတယ်။ အဲဒီအချိန်မှာ ဆရာဝန်မကြီးက ဘာပြောလိုက်သလဲဆိုတော့ “ဒီရောဂါနဲ့တော့ မသေတော့ဘူး အစ်မ”. .အဲဒီစကားကြား တော့ အန်တီ ယုံကြည်သွားတယ်။ ရောဂါကိုပါ မေ့ ထားလိုက်တော့တယ်”ဟု ဒေါ်ခင်ရီရီက ဆိုသည်။
ဓာတ်ရောင်ခြည်ကုထုံးကို အောင်မြင်စွာ ဖြတ်ကျော်ပြီးနောက် သုံးလတစ်ကြိမ် ဆရာဝန်နှင့် ပြခဲ့ရပြီး ကျန်းမာရေးကောင်းသဖြင့် ခြောက်လတစ်ကြိမ်၊ နောက်ပိုင်း တစ်နှစ်တစ်ကြိမ်သာပြခဲ့ရကြောင်း သိရသည်။

“နောက်ပိုင်း သူ သောက်ခိုင်းတဲ့ ဆေးတွေ သောက်ရင်း သုံးနှစ်လည်း ပြည့်ရော အန်တီ့ကို ကု ပေးနေတဲ့ ဆရာဝန်မကြီးက ဆုံးသွားတယ်။ ဒါနဲ့ အန်တီလည်း နေကောင်းနေတာကြောင့် ဆက်မပြဖြစ်တော့ တာ အခုအချိန်အထိပါပဲ”ဟု ဒေါ်ခင်ရီရီက ပြောပြခဲ့သည်။
မျိုးရိုးထဲတွင် ကင်ဆာရောဂါကို ပထမဆုံး ခံစား ခဲ့ရသော ဒေါ်ခင်ရီရီက သားနှင့်သမီး မွေးဖွားပြီး နို့ ချောင်းပိတ်ဝေဒနာ ခံစားခဲ့ရသောကြောင့် ရင်သား ကင်ဆာဖြစ်သည်ဟု ထင်မြင်ထားသည်။
“ဘာကြောင့် ဖြစ်သလဲဆိုတော့ သားသမီးမွေး တုန်းက နို့ချောင်းပိတ်တာကြောင့် ဖြစ်တယ်လို့ ထင်ခဲ့တယ်။ နို့သီးခေါင်းလေးအောက်မှာ ဖြစ်တာဆို တော့ အဲဒီလို ထင်တာပါပဲ။
အန်တီက ကင်ဆာမဖြစ်ခင်ကတည်းက ခြေလေးချောင်း သတ္တဝါကို လှူထားတာပါ။ အဲဒီတော့ ကင်ဆာကုပြီးနောက်ပိုင်းမှာလည်း ခြေလေးချောင်း မစားဘူး။ ကျန်တာတော့ မျှတတဲ့ အာဟာရတွေကို ပုံမှန်အတိုင်း စားသောက်နေတာပါပဲ။ ခံတွင်းတွေ့တဲ့ အစာဆို စားတယ်။
ကင်ဆာကုပြီးချိန်မှာ ဆရာဝန်ပြောလိုက်တဲ့ “ဒီရောဂါနဲ့ မသေတော့ဘူး”ဆိုတဲ့ စကားကလည်း အန်တီ့နားထဲမှာ ကြားနေတယ်။ အဲဒီယုံကြည် ချက်လည်း ရှိတယ်။ ကင်ဆာကုသအောင်မြင်ပြီး အသက်ရှည်တာမှာ ဘုရား၊ တရားက အလွန်အထောက်အကူ ပြုပါတယ်။ အဓိကက ဝိပဿနာတရားပဲ ဖြစ်ပါတယ်။ ဖြစ်-ပျက်ဆိုတာ အစကတည်း က မှတ်နေတဲ့သူ၊ လောဘ-ဒေါသ-မောဟက လည်း နည်းတဲ့သူဆိုတော့ အဲဒါတွေကလည်း အများကြီး အထောက်အပံ့ပြုပါတယ်”ဟု ဒေါ်ခင်ရီရီက ဆိုသည်။

ယခုအခါ ရင်သားကင်ဆာ ကုသအောင်မြင်ခဲ့သည်မှာ ၂၄ နှစ်ရှိပြီဖြစ်သည့် အသက် ၈၀ အရွယ် ဒေါ်ခင်ရီရီသည် ဘုရား၊ တရားအလုပ်များလုပ်ရင်း ခင်ပွန်း၊ သားသမီးနှစ်ဦးနှင့်အတူ ကျန်းမာပျော်ရွှင်စွာ နေထိုင်လျက်ရှိသည်။
“လူရယ်လို့ ဖြစ်လာရင် ရောဂါဆိုတာ တစ်မျိုး မဟုတ် တစ်မျိုး ဖြစ်မှာပဲ. .ဖြစ်လာရင် ဒီရောဂါကို စွဲလန်းမနေနဲ့။ ဆရာဝန်တွေက လုပ်ခိုင်းတဲ့ ကုထုံး အတိုင်းသာ ကုလိုက်ပါ။ ဆရာများလည်း သားသေပါတယ်။ ရောဂါဖြစ်ပြီလို့ သိလိုက်ရင် ကိုယ် ဘယ်ဆရာဝန်နဲ့ ကုမလဲဆိုတာကို ဆုံးဖြတ်ပါ၊ ဆုံးဖြတ်ပြီး ရင် အဲဒီဆရာဝန်ကို ယုံယုံကြည်ကြည်နဲ့ တိုင်ပင်ဆွေး နွေးပြီး ကုသမှု ခံယူပါ။ ခန္ဓာရှိရင် ဝေဒနာဖြစ်မှာပဲ။ ဖြစ်လာသမျှကို ဖြစ်-ပျက်သာ ရှုပါ . .ဆေးကုစရာရှိ တာကုလိုက်ရင် ပျောက်သွားမှာပါ။ ဘုရားဟောတရား ထဲမှာ အနာမျိုး ၉၆ ပါးအနက် ၃၂ ပါးက ကုလို့ ပျောက်တယ်၊ ၃၂ ပါးက ကုလို့ မပျောက်ဘူး၊ ၃၂ ပါးက အလိုလိုပျောက်တယ်။ ကိုယ်ဖြစ်တဲ့ ရောဂါကို ကုလို့ရတဲ့ ၃၂ ပါးထဲ ထည့်ထားလိုက်ပါ။ ကုလိုက်ပါ။ ကုပြီးပြီဆိုရင်လည်း မေ့ထားလိုက်တော့။ အန်တီဆို ကင်ဆာဖြစ်ဖူးတယ်ဆိုတာ မေ့တောင် မေ့နေပြီ . . ကုစရာရှိရင် ကုမယ်၊ ပြီးရင် မေ့ပစ်လိုက်တော့ . .သဘာဝအတိုင်း နေကြပါ၊ အဓိက ပြောချင်တာက တစောင်းလက်ပပ်လေးကိုတော့ အဓိကထားပြီး သောက်ကြပါ၊ ဒါဆိုရင် အသားအရေက မညစ်ညမ်း သွားဘူး”ဟု ဒေါ်ခင်ရီရီက သူ့အတွေ့အကြုံကို အခြေခံပြီး အခြားကင်ဆာဝေဒနာရှင်များသို့ အားပေး စကားများ ပြောကြားလိုက်ပါသည်။

_ _ _
(မှတ်ချက်။ ။ ဓာတ်ပုံများကို ဒေါ်ခင်ရီရီ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top