Healthy Life Ad
International

တစ်ရက် အကြိမ် ၁၀ဝ ခေါင်းတိုက်ခဲ့တဲ့ အလန်ရှီယားရားက သူငယ်ပြန်မှတ်ဉာဏ် ချို့ယွင်းရောဂါရမှာ စိုးရိမ်နေဟုဆို

၊ မိုးမင်းထွန်း ၊

ပရီးမီးယားလိဂ်ဂိုးသွင်း အများဆုံးစံချိန်ရှင် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း အသက် ၄၇ နှစ်အရွယ် အလန်ရှီးယားရားက တစ်ရက် အကြိမ် ၁၀ဝ ခေါင်းတိုက်ခဲ့တာကြောင့် သူငယ်ပြန်မှတ်ဉာဏ် ချို့ယွင်းရောဂါခံစားရမှာ စိုးရိမ်နေကြောင်း ပြောကြားခဲ့ပါတယ်။

အလန်ရှီးယားရားဟာ သူရဲ့ဘောလုံးကစားသမားသက်တမ်း ၁၈ နှစ်အတွင်း ဆောက်သမ်တန်၊ ဘလက်ဘန်းနဲ့ မွေးရပ်မြေနယူးကာဆယ်ယူနိုက်တက် ကလပ်အသင်းတွေမှာ ကစားခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၂၆၀နဲ့ စံချိန်တင်ထားခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ၆၃ ပွဲကစားကာ ဂိုး ၃၀ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘောလုံးပွဲတစ်ပွဲမှာ ခေါင်းတိုက်ဂိုးတစ်ဂိုးသွင်းယူဖို့ လေ့ကျင့်ရေးကွင်းမှာ အကြိမ် ၁၀ဝ၀ ခေါင်းတိုက်လေ့ကျင့်ခဲ့ရကြောင်း ရှီးယားရားကပြောကြားပါတယ်။

ဘောလုံးသမားတစ်ယောက်အနေနဲ့ ဒူး၊ ခြေချင်းဝတ်၊ နောက်ကျောဒဏ်ရာတွေ ခံစားရမယ်လို့ သိထားခဲ့ပေမယ့် ဘောလုံးနဲ့ ဦးနှောက်ပျက်စီးတဲ့ရောဂါတွေ ဆက်စပ်မှုရှိတယ်ဆိုတာ သတိမပြုမိခဲ့ကြောင်း ရှီးယားရားက ဝန်ခံခဲ့ပါတယ်။ ဘောလုံးအားကစားနဲ့ သူငယ်ပြန်မှတ်ဉာဏ်ချို့ယွင်းမှု ဆက်စပ်မှုရှိတာကို သုတေသနပြုလုပ်ဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အပေါ် တိုက်တွန်းမှုတွေ ပေါ်ထွက်လာပြီးနောက် ရှီးယားရားက သူရဲ့စိုးရိမ်မှုကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၅နှစ်က သေဆုံးသွားတဲ့ အင်္ဂလန်တိုက်စစ်မှူး ဂျက်ဖ်အက်စတယ်လ်က ဘောလုံးခေါင်းတိုက်များခဲ့တာကြောင့် သူ့မှာသူငယ်ပြန်မှတ်ဉာဏ်ချို့ယွင်းရောဂါခံစားခဲ့ရကြောင်း ပြောကြားဖူးပါတယ်။ အသက် ၅၉ နှစ်အရွယ်မှာ သေဆုံးသွားတဲ့ ဂျက်ဖ်အက်စတယ်လ်ရဲ့ဦးနှောက်ဟာ အသက် ၉၀ အရွယ်တွေရဲ့ဦးနှောက်လို ယိုယွင်းနေတာကို ဆရာဝန်တွေက တွေ့ရှိခဲ့ပါတယ်။ အိုင်ယာလန်တိုက်စစ်မှူး ကယ်လ်ဗင်ဒွိုင်းလ်ဟာ ဘောလုံးခေါင်းတိုက်များတာကြောင့် နာတာရှည်ခေါင်းကိုက်ဝေဒနာရခဲ့ကာ ဆရာဝန်ရဲ့ အကြံပေးချက်အရ လွန်ခဲ့တဲ့စက်တင်ဘာလက ဘောလုံးလောကမှ အနားယူသွားခဲ့ပါသေးတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top