Healthy Life Ad
Life Style

ပညာအိုး . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးဟာ သူသဘောအကျဆုံး ပညာရှိကြီးကို စိတ်တိုပြီး တိုင်းပြည်ကနေအဝေးကို ထွက်သွားဖို့ပြောလိုက်တယ်။ ပညာရှိကြီးကလည်း မင်းကြီးအမိန့်ကိုနာခံပြီး ဝေးလံလှတဲ့ ရွာတစ်ရွာကို ထွက်သွားပြီး လယ်အလုပ်လုပ်ပြီး ဇာတ်မြုပ်နေခဲ့တယ်။

လအနည်းငယ်ကြာတဲ့အခါမှာ ဘုရင်ကြီးက ပညာရှိကြီးကို စတင်သတိရလာခဲ့တယ်။ ပညာရှိရဲ့ အကြံပေးချက်မပါဘဲ တိုင်းပြည်က ပြဿနာတွေကိုဖြေရှင်းရာမှာ အခက်အခဲတွေရှိလာခဲ့တယ်။ ဒေါသထွက်ပြီး ပညာရှိကို မောင်းထုတ်လိုက်မိတာကို ပြန်တွေးပြီး နောင်တတွေရလာတော့တယ်။ ဒီလိုနဲ့ဘုရင်ကြီးက ရဲမတ်များစွာစေလွှတ်ပြီး ပညာရှိကြီးကို လိုက်ရှာခိုင်းပါတော့တယ်။ သို့ပေမယ့်လည်း ပညာရှိကြီးဘယ်မှာရှိမှန်း ဘယ်သူမှမသိတဲ့အတွက် ရှာမတွေ့ဘူးဖြစ်နေကြတယ်။

ဒီလိုနဲ့ ဘုရင်ကြီးက အကြံတစ်ခုရခဲ့တယ်။ သူ့တိုင်းပြည်မှာရှိတဲ့ ရွာတိုင်းက သူကြီးတွေဆီ စာတိုတစ်စောင်ပို့ပြီး သူ့ဆီကို ပညာတွေအပြည့်ပါတဲ့ အိုးတစ်လုံး ဆက်သရမယ်။ ပညာအိုးကို မဆက်သနိုင်ရင် စိန်ရွှေရတနာတွေအပြည့်ပါတဲ့ အိုးကို ပို့ပေးရမယ်လို့ အမှာစကားပို့လိုက်တယ်။

ဒီသတင်းစကားက ပညာရှိနေတဲ့ ရွာလေးဆီကိုလည်း ရောက်သွားခဲ့တယ်။ ရွာသူရွာသားတွေ စုဝေးပြီး ဘာလုပ်ရမလဲလို့ဆွေးနွေးခဲ့တယ်။ “ပညာဆိုတာ အိုးထဲမှထည့်မရတာ၊ ကျွန်တော်တို့မှာ အိုးအပြည့် စိန်ရွှေတွေလည်းမရှိဘူး… ဘယ်လိုလုပ်ကြမလဲ”

ဒါနဲ့ ပညာရှိက ရွာသားတွေကို ပြောတယ်။ “အဲ့ဒီအိုးကို ကျွန်တော်ကိုပေးလိုက်ပါ၊ တစ်လကြာရင် ပညာဖြည့်ထားတဲ့ အိုးဖြစ်စေရပါမယ်” ရွာသားတွေက ပညာရှိကြီးကို ဘယ်သူမှန်း မသိပေမယ့် ရွေးချယ်စရာမရှိတဲ့အတွက် လက်ခံပြီး အိုးကိုပေးလိုက်ကြတယ်။

ပညာရှိကြီးက အိုးကိုယူပြီး သူ့လယ်ကွင်းထဲ ပြန်လာခဲ့တယ်။ လယ်ကွင်းထဲက ဖရဲသီးအသေးတစ်လုံးကို အပင်ကနေမဖြတ်ဘဲ အိုးထဲကို ထည့်ထားလိုက်တယ်။ ရေလောင်း၊ ပေါင်းသင် မှန်မှန်လုပ်ပြီး ရက်အနည်းငယ်ကြာတော့ ဖရဲသီးက ကြီးလာပြီး အိုးထဲမှာအပြည့်ဖြစ်လာတော့တယ်။

အိုးအဝက ကျဉ်းပြီး ဖရဲသီးက အိုးထဲမှာ အပြည့်ကြီးထွားနေတဲ့အတွက် ဖရဲသီးကို အိုးထဲက ထုတ်ယူလို့ မရတော့တဲ့ အနေအထားဖြစ်လာတော့တယ်။ အဲ့ဒီအခါကြမှ ပညာရှိကြီးက အိုးနဲ့အတူ စာတစ်စောင်ကို ဘုရင်ကြီးဆီပို့လိုက်တယ်။

“ ဖရဲသီးကိုလည်း မခွဲမစိတ်ဘဲ၊ အိုးကိုလည်း မကွဲစေဘဲ ပညာတွေကို အိုးထဲက ထုတ်ယူလိုက်ပါ အရှင်”

အဲ့ဒီစာနဲ့အိုးကိုတွေ့လိုက်တာနဲ့ ဘုရင်ကြီးက သူ့ရဲ့ပညာရှိကြီးရဲ့ လုပ်ဆောင်ချက်ဆိုတာ ချက်ခြင်းသိသွားပြီး ရွာသို့ကိုယ်တိုင်လိုက်သွားကာ တိုင်းပြည်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပါတော့တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top