Healthy Life Ad
Life Style

မျက်စိကျန်းမာရေးအတွက် လိုက်နာသင့်သည့် ဘဝနေထိုင်မှုပုံစံ

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)
ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. မျက်စိကျန်းမာရေးကောင်းဖို့အတွက် နေ့စဉ်စားသောက်တဲ့ အစားအသောက်ထဲမှာ ဘာတွေပါဝင်ဖို့ လိုအပ်ပါသလဲ ဆရာ။

ဖြေ. မျက်စိကျန်းမာရေးအတွက်ဆိုရင် ဗီတာမင်အေက အဓိက အရေးကြီးဆုံးဆိုတာ လူတိုင်းသိကြပါတယ်။ ဗီတာမင်အေရရှိအောင် အစိမ်းရောင်နဲ့ အဝါရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို စားပေးသင့်တယ်။ မုန်လာဥ၊ သင်္ဘောသီး၊ ဟင်းနုနယ်ရွက်၊ ငှက်ပျောသီး စတာတွေကိုလည်း စားသင့်ပါတယ်။

မေး. မျက်စိကျန်းမာရေးကောင်းဖို့အတွက် နေ့စဉ်စားသောက်တဲ့ အစားအသောက်ထဲမှာ ဘာတွေကိုရှောင်ဖို့ လိုအပ်ပါသလဲဆရာ။

ဖြေ. ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ အများကြီးကျယ်ပြန့်ပါတယ်။ အခုအခါမှာ ဆီးချိုကြောင့်ဖြစ်တဲ့ မျက်စိထိခိုက်မှုက ပိုပိုပြီးများလာတာကို တွေ့ရပါတယ်။ အဲ့ဒါကို Diabetic Retinopathy လို့ခေါ်တယ်။ ဆီးချိုကြောင့် မျက်စိမှာရှိတဲ့ သွေးကြောငယ်လေးတွေ (Microvessels) ကို ထိခိုက်တတ်တယ်။ အဲဒီသွေးကြောလေးတွေဟာ မျက်လုံးမှာရှိတဲ့ မျက်ကြောလွှာ (Retina)မှာရှိတယ်။ ဒါ့အပြင် ကျောက်ကပ်မှာရှိတယ်။ ဆီးချိုကြောင့် မျက်စိမထိခိုက်အောင်ဆိုရင် ဆီးချိုသွေးချိုရောဂါမဖြစ်အောင် လျှော့သင့်၊ ရှောင်သင့်တဲ့အစားအစာတွေ၊ ဥပမာ-သကြားနဲ့ ချိုတဲ့အစာတွေ၊ ကာဗိုဟိုက်ဒရိတ်များတဲ့ အစာတွေကို ရှောင်ဖို့လိုပါတယ်။

သွေးတိုးရောဂါကြောင့်လည်း Hypertensive Retinopathy ဆိုတာ ဖြစ်လာတတ်တယ်။ သွေးတိုးကြောင့် မျက်စိမထိခိုက်အောင် ငန်တဲ့အစာတွေ လျှော့စားဖို့လိုတယ်။ ခြုံပြောရမယ်ဆိုရင် မျက်စိကျန်းမာရေးကောင်းဖို့အတွက် ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါမဖြစ်အောင် ရှောင်သင့်တဲ့ အစားအသောက်တွေကို ရှောင်ဖို့လိုပါတယ်။ အသက် ၄၀ကျော်လာရင် Metabolic Syndrome ရောဂါတွေ ဝင်လာတတ်တာကြောင့် ဆီးချိုသွေးချိုရောဂါနဲ့ သွေးတိုးရောဂါမဖြစ်အောင် ရှောင်ဖို့လိုတဲ့ အစားအသောက်တွေကို ရှောင်တာဟာ မျက်စိအတွက် အကောင်းဆုံးပါပဲ။

လမ်းလျှောက်တာများရင် ခြေထောက်ညောင်းတယ်။ နားလိုက်မှ သက်သာတယ်။ အဲ့ဒီလိုပဲ မျက်စိကလည်း ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ ကြာကြာအသုံးပြုတဲ့အခါ ညောင်းလာတယ်။ စာရေးတာကြာလာရင် ညောင်းလာသလိုမျိုးပေါ့။ မျက်စိက အိပ်ရာကနိုးလို့ အလင်းရောင်ဝင်လာတာနဲ့ တစ်ပြိုင်နက် အလုပ်လုပ်နေရတာပဲ။ စာဖတ်တာ၊ တီဗီကြည့်တာ၊ ကွန်ပျူတာသုံးတာတွေမလုပ်ရင်တောင် ပေါ့ပါးတဲ့အလုပ် (Light Duty) လုပ်နေရတာပါပဲ . . .

မေး. စာဖတ်ခြင်း၊ ကွန်ပျူတာသုံးခြင်း၊ တီဗီကြည့်ခြင်းစတဲ့ မျက်စိအသုံးပြုရတဲ့ အလုပ်တွေလုပ်တဲ့အခါ မျက်စိမညောင်းအောင် ဘယ်လိုအချက်တွေကို ဆောင်သင့်၊ ရှောင်သင့်ပါသလဲ ဆရာ။

ဖြေ. မျက်စိမညောင်းအောင်ဆိုပြီး မျက်စိသုံးပြီး လုပ်ဆောင်ရတဲ့အလုပ်တွေကို ရှောင်လို့တော့မရပါဘူး။ ဒါကြောင့် ဆင်ခြင်စရာတွေကိုတော့ လိုက်နာသင့်ပါတယ်။ ဆရာတို့ဆီလာပြတဲ့ လူနာတွေက ဇက်ကြောတက်တာနဲ့ ခေါင်းကိုက်တာတွေ အဖြစ်များတယ်။ ဒီလူနာတွေက မျက်လုံးကို ဘယ်လိုခိုင်းစေရမယ်ဆိုတာ မသိလို့ဖြစ်တာပါ။ လမ်းလျှောက်တာများရင် ခြေထောက်ညောင်းတယ်။ နားလိုက်မှ သက်သာတယ်။ အဲ့ဒီလိုပဲ မျက်စိကလည်း ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ ကြာကြာအသုံးပြုတဲ့အခါ ညောင်းလာတယ်။ စာရေးတာကြာလာရင် ညောင်းလာသလိုမျိုးပေါ့။ မျက်စိကအိပ်ရာကနိုးလို့ အလင်းရောင် ဝင်လာတာနဲ့ တစ်ပြိုင်နက် အလုပ်လုပ်နေရတာပဲ။ စာဖတ်တာ၊ တီဗီကြည့်တာ၊ ကွန်ပျူတာသုံးတာတွေမလုပ်ရင်တောင် ပေါ့ပါးတဲ့အလုပ် (Light Duty) လုပ်နေရတာပါပဲ။ အဲဒီတော့ မျက်စိကိုအနားပေးရပါမယ်။

မေး. စာဖတ်ခြင်း၊ ကွန်ပျူတာသုံးခြင်း၊ တီဗီကြည့်ခြင်း စတဲ့ မျက်စိအသုံးပြုရတဲ့ အလုပ်တွေလုပ်ရင်း မျက်ရိုးကိုက်တဲ့အခါ ဘာလုပ်သင့်ပါသလဲ ဆရာ။

ဖြေ. စာဖတ်တာ၊ ကွန်ပျူတာသုံးတာ၊ တီဗီကြည့်တာ၊ ဖုန်းပွတ်တာ စတဲ့ အလုပ်တွေ လုပ်လိုက်ရရင်တော့ မျက်စိအတွက် ကြီးမားတဲ့အလုပ် (Heavy Duty) ဖြစ်သွားတယ်။ ရှန်ဟိုင်းတက္ကသိုလ်မှာလုပ်ထားတဲ့ သုတေသနအရ မျက်စိကြွက်သားတွေရဲ့ ခံနိုင်ရည်အားက မိနစ် ၃၀ ပဲရှိတယ်။ မျက်စိအားသုံးပြီး လုပ်ရတဲ့အလုပ်တွေကို နာရီဝက်ထက်ပိုပြီး မလုပ်သင့်ဘူး။ နာရီဝက်ကြာရင် ခဏနားပေးဖို့လိုတယ်။ အနားယူတဲ့နည်းက မျက်စိကို တစ်မိနစ်လောက် စုံမှိတ်ပေးဖို့ပါပဲ။ မျက်စိပိတ်လိုက်တဲ့အခါ အပြည့်အဝအနားရပြီး Dark Adaptation Cycle က လည်သွားတဲ့အတွက် ဘက်ထရီတစ်ခုလိုပဲ အားပြန်ပြည့်သွားတယ်။ အဲဒါကြောင့် နာရီဝက်လောက် မျက်စိသုံးပြီးတိုင်း တစ်မိနစ်နားပေးမယ်ဆိုရင် မျက်စိညောင်းညာတာ၊ မျက်ရိုးကိုက်တာတွေက လျော့နည်းသွားမှာပါ။ ဒါကြောင့် ဆရာ့အနေနဲ့ အကြံပေးချင်တာက မျက်စိကိုသုံးပါ။ ဒါပေမဲ့ နာရီဝက်ပြည့်တိုင်း ခဏနားပေးပါ။

မေး. မျက်ရိုးကိုက်တဲ့သူတွေအတွက် စာကြည့်မျက်မှန်တပ်သင့်ပါသလား ဆရာ။

ဖြေ. မျက်စိက မျက်ရိုးကိုက်လို့ ဆေးခန်းသွားပြရင် ဆလင်ဒါပါဝါနဲ့ မျက်မှန်လုပ်ပေးတာတွေရှိတယ်။ ဒီဆလင်ဒါပါဝါနဲ့ မျက်မှန်တပ်လိုက်လို့ရှိရင် သက်သာသွားသလိုလို အကြံပေးကြတယ်။ လူနာတွေအနေနဲ့ မယုံကြည်ဖို့လိုပါတယ်။ အဓိကကတော့ မျက်စိကို နာရီဝက်သုံးပြီးတိုင်း နားလိုက်ရင် လုံလောက်ပါပြီ။

မေး. မျက်မှန်တပ်ရတဲ့သူအတွက် ဘယ်နှနှစ်တစ်ကြိမ် မျက်စိစမ်းသပ်သင့်ပါသလဲ ဆရာ။

ဖြေ. မျက်မှန်တပ်ရသူတွေအနေနဲ့ တစ်နှစ်တစ်ကြိမ် မျက်စိကို စမ်းသပ်သင့်ပါတယ်။ မျက်စိပါဝါက အသက် ၂၁ နှစ်ကျော်သွားရင် သိပ်ပြောင်းလဲမှုမရှိတော့ပါဘူး။ ဒါကြောင့် တစ်နှစ်တစ်ခေါက်လောက် စမ်းရုံနဲ့လုံလောက်တယ်။ အသက် ၄၀ အရွယ်ရောက်လာရင်တော့ အနီးမှုန်လာနိုင်တယ်။ အနီးမှုန်စစ်ဆေးမှုအတွက် တစ်နှစ်တစ်ကြိမ် ပြန်စမ်းပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top