Healthy Life Ad
Life Style

ကျောက်ကပ်ရောဂါ သိမှတ်ဖွယ်ရာ

ဒေါက်တာကျော်စွာဦး (တာဝန်ခံဆရာဝန်၊ ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း)

မေး ။ လူ့ခန္ဓာကိုယ်မှာရှိတဲ့ ကျောက်ကပ်အကြောင်း အကြမ်းဖျဉ်းသိပါရစေ ဆရာ။
ဖြေ ။ ကျောက်ကပ်က လူ့ခန္ဓာကိုယ်မှာ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကျောက်ကပ်ဟာ လူ့ခန္ဓာကိုယ်ရှိ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကိုဆီးလမ်းကြောင်းကတစ်ဆင့် စွန့်ထုတ်ပေးနေပါတယ်။ အကြောင်းကြောင်းကြောင့် ကျောက်ကပ်က သူ့လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း မလုပ်ဆောင်နိုင်ဘူးဆိုရင်လူ့ခန္ဓာကိုယ်ထဲမှာ အညစ်အကြေးနဲ့အဆိပ်အတောက်တွေ စုပုံနေမှာဖြစ်ပါတယ်။ အဲဒီအခါ နောက်ဆက်တွဲအနေနဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေကိုပါ သက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။

မေး ။ ကျောက်ကပ်ရောဂါဘယ်နှစ်မျိုးရှိပါသလဲဆရာ။
ဖြေ ။ ကျောက်ကပ်ရောဂါမှာ အကြမ်းအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ်။
(၁) ရုတ်တရက်ဖြစ်တဲ့ ကျောက်ကပ်ရောဂါ၊
(၂) နာတာရှည်ကျောက်ကပ်ရောဂါဆိုပြီး နှစ်မျိုးရှိပါတယ်။

မေး ။ ကျောက်ကပ်ရောဂါ ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။
ဖြေ ။ ကျောက်ကပ်ရောဂါဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ရောဂါပိုးဝင်တာ၊ ကင်ဆာလိုအကျိတ် တွေဖြစ်တာ၊ အခြေခံကျန်းမာရေးပြဿနာတစ်ခု ခု (ဥပမာ-ဆီးချိုရောဂါ၊ သွေးတိုးရောဂါ)ရှိတာ စတာတွေ ဖြစ်ပါတယ်။

မေး ။ ကျောက်ကပ်ရောဂါဖြစ်လာရင် ယေဘုယျအားဖြင့် ဘယ်လိုလက္ခဏာတွေပြတတ်ပါသလဲ ဆရာ။
ဖြေ ။ ကျောက်ကပ်ရောဂါဖြစ်လာရင် အဓိက သတိထားမိတဲ့ ရောဂါလက္ခဏာတွေက ခြေထောက်ဖောတာ၊ ခြေထောက်ရောင်တာပဲဖြစ်ပါတယ်။ တချို့ကျတော့လည်း ဆီးအရမ်းသွားတာ ရှိသလို တချို့တွေမှာ ဆီးသွားရခက်လာတာလည်း ရှိပါတယ်။ ဆီးနည်းသွားတာလည်း ရှိတယ်။ တချို့ကျတော့ မျက်နှာတွေ ဖောရောင်လာတာလည်း တွေ့ရပါတယ်။ တချို့ကျတော့ ခါးနာတယ်ဆိုတဲ့ လက္ခဏာပြတာလည်း တွေ့ရသလို တချို့ကျတော့လည်း ဘာလက္ခဏာမှမပြဘဲ ဖြစ်နေတာလည်း ရှိပါတယ်။
ကျောက်ကပ်ထဲမှာ ကျောက်တည်တာလိုမျိုး ဖြစ်ရင်မခံမရပ်နိုင်အောင် နာတာလည်း ရှိပါတယ်။ ဆီးသွားတဲ့အခါ သွေးပါတာ၊ ဆီးသွားတဲ့အခါ အနည်းပါတာစသဖြင့် လက္ခဏာတွေလည်း ပြတတ်ပါတယ်။

မေး ။ ကျောက်ကပ်ရောဂါလို့ သံသယဝင်ရင် ဘယ်လိုလုပ်သင့်ပါသလဲ ဆရာ။
ဖြေ ။ ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတွေကို မေးမြန်းပြီး လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေနဲ့ ရောဂါဖြစ်စေတဲ့ အခြေခံအကြောင်းတရားကို ရှာရပါတယ်။ ကျောက်ကပ်ရောဂါ သံသယဝင်လာရင်လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေဖြစ်တဲ့ ဆီး၊ သွေး စစ်ဆေးတာ၊ ဓာတ်မှန်ရိုက်ဖို့လိုအပ်ရင် ရိုက်ပေးတာ၊ အာထရာဆောင်းရိုက်ဖို့ လိုအပ်ရင် ရိုက်ပေးတာတို့ကိုလုပ်ဆောင်ရပါတယ်။ အဲဒီကနေ ရောဂါထပ်ရှာဖို့လိုအပ်လာရင် စီတီစကင် ရိုက်ရတာလည်းရှိပါတယ်။

ရောဂါပိုးကြောင့်ဖြစ်တာဆိုရင်ပိုးသေအောင် သေချာကုဖို့လိုပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာသက်သာအောင် ရေများများသောက်ရမယ်၊ ကျန်းမာအောင် နေရမယ်၊ အထူးသဖြင့် ဆီးကို ပုံမှန်သွားပေးရပါမယ်။သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ် ပုံမမှန်တာ စတဲ့ တခြားအခြေခံကျန်းမာရေးပြဿနာတွေကြောင့် ကျောက်ကပ်ရောဂါ ဖြစ်လာရင် အခြေခံရောဂါကို သေချာကုသဖို့ လိုပါတယ်။

မေး ။ ကျောက်ကပ်ရောဂါ မဖြစ်အောင် အကြမ်းအားဖြင့် ဘယ်လိုလိုက်နာကာကွယ်သင့်ပါသလဲဆရာ။
ဖြေ ။ ကျောက်ကပ်ရောဂါ မဖြစ်အောင်-
(၁) အချိုရှောင်ရပါမယ်၊
(၂) အငန်လျှော့စားရပါမယ်၊
(၃) ဆေးလိပ်ရှောင်ရပါမယ်၊
(၄) အရက်ကို ရှောင်ရပါမယ်၊
(၅) အာဟာရ ပြည့်ဝအောင် စားရပါမယ်၊
(၆) ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ပေးရပါမယ်။
အထူးသဖြင့် အငန်နဲ့ အချိုကို တတ်နိုင်သမျှ လျှော့စားဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top