Healthy Life Ad
International

ဇင်ဘာအက Zumba လေ့ကျင့်ခန်းက ဘဝအရည်အသွေးတိုးတက်စေနိုင်

၊ မိုးမင်းထွန်း ၊

ကမ္ဘာတစ်ဝှမ်း ခေတ်စားနေတဲ့ ဇင်ဘာအက လေ့ကျင့်ခန်းကို တစ်ပတ် ၃ ကြိမ်ပြုလုပ်တာက ပျော်ရွှင်တက်ကြွစေနိုင်သလို ဘဝအရည်အသွေးမြှင့်တင်ပေးနိုင်စွမ်းရှိကြောင်း လေ့လာမှုတစ်ခုက ဆိုပါတယ်။

ဂရာနာဒါတက္ကသိုလ်မှ စပိန်ပညာရှင်တွေက ဒီလေ့လာမှုကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ သုတေသီတွေက ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့ တက္ကသိုလ်ဝန်ထမ်း ၆၀ ဦးကို ဇင်ဘာ သင်တန်း ၅ပတ်ကြာတက်ရောက်စေခဲ့ပြီး ကျွမ်းကျင်လက်မှတ်ရ နည်းပြဆရာတစ်ယာက်က ပါဝင်သူတွေကို နေ့စဉ်နေ့တိုင်း ၁နာရီကြာသင်တန်းပေးခဲ့ပါတယ်။ ပါဝင်သူတွေရဲ့ လူမှုရေး၊ စိတ်ခံစားချက်၊ ကိုယ်ကာယအခြေအနေ၊ ခန္ဓာကိုယ်နာကျင်မှု၊ ကိုယ်ကာယလုပ်ဆောင်ချက်တွေ၊ စိတ်ကျန်းမာရေးနဲ့ အထွေထွေကျန်းမာရေးတို့အပေါ် အကရဲ့သက်ရောက်မှုအား သုတေသီတွေက မှတ်တမ်းတင်ထားခဲ့ကြပါတယ်။

အဆုံးသတ်ရလဒ်အရ ဇင်ဘာအကလေ့ကျင့်ခန်းက ပါဝင်သူတွေရဲ့ ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ပြီး အထူးသဖြင့် စိတ်ဓာတ်ရေးရာအပိုင်းမှာ များစွာအကျိုးပြုစေတာကို တွေ့ရှိခဲ့ပါတယ်။ ဒီအကျိုးပြုမှုက သင်တန်းကာလပြီးဆုံးလို့ နောက်ထပ် ၂လအကြာထိ တာရှည်ခံနေတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ လူတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းတာကြောင့် လူထုကျန်းမာရေးအတွက် ဇင်ဘာအကလေ့ကျင့်ခန်းအစီအစဉ်တွေ ထည့်သွင်းပေးသင့်ကြောင်း သုတေသီတွေက တိုက်တွန်းထားကြပါတယ်။ ကမ္ဘာတစ်ဝှမ်း အပတ်စဉ် ဇင်ဘာအက လေ့ကျင့်ခန်းပြုလုပ်သူ ၁၅ သန်း ပတ်ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

(Ref;MED)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top