Healthy Life Ad
Life Style

သားဆက်ခြားနည်းလမ်းအကြောင်း အမေးအဖြေ

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး )

မေး။ ။ ပဋိသန္ဓေတားဆေးကတ်ကို တစ်လုံးသောက်ဖို့ မေ့သွားတာက အတော်များများ ကြုံကြပါတယ်။ တားဆေးတစ်လုံး သောက်ဖို့ မေ့သွားရင် သတိရရချင်း ပြန်သောက်ရတယ်လို့သိပါတယ်။ တားဆေး နှစ်လုံး သောက်ဖို့ မေ့သွားရင် ဒါမှမဟုတ် သုံးလုံးအထိသောက်ဖို့ မေ့သွားရင် ဘယ်လို ပြန်သောက်သင့်ပါသလဲဆရာ။

ဖြေ။ ။ လူဆိုတာ မေ့တတ်တာချည်းပဲ၊ မမေ့တတ်ရင် စက်ရုပ်ဖြစ်သွားမှာပေါ့ . . ဒါပေမဲ့ ကိုယ်မေ့တဲ့ အရာက ပြဿနာအကြီးအကျယ်မဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ပဋိသန္ဓေတားဆေးသောက်မယ့် အမျိုး သမီးတစ်ယောက်အတွက် အရေးကြီးဆုံးလိုအပ်ချက်ကတော့ ခဏခဏ သတိမေ့တတ်တဲ့သူ မဖြစ်ဖို့ လိုပါတယ်။ ခဏ ခဏ မေ့တတ်ရင်တော့ တားဆေး နဲ့ မဖြစ်ပါဘူး။ တစ်ချိန်ချိန်မှာ ပြဿနာတက်သွား နိုင်ပါတယ်။

တားဆေးတစ်လုံးသောက်ဖို့ မေ့ရင် ကိစ္စမရှိဘူး၊ သတိရတဲ့အချိန် မြန်မြန် ပြန်သောက်လိုက်ပါ။တားဆေးနှစ်လုံးသောက်ဖို့ မေ့ရင် သတိရတဲ့ အချိန်မှာ တစ်လုံးပဲ ပြန်သောက်ရပါမယ်။ နှစ်လုံး မသောက်ရပါဘူး။ ဒီတားဆေးတွေက တစ်ခါသောက်ရင် နှစ်လုံး-သုံးလုံးသောက်ရတာမျိုး မဟုတ်ပါဘူး။ ခုနစ်ရက်တိတိက စိတ်မချရတဲ့အတွက် အတူတူ မနေရင် မနေနဲ့၊ အတူတူနေရင်လည်း ကွန်ဒုံး သုံးရပါမယ်။တားဆေး သုံးလုံးသောက်ဖို့ မေ့ရင် သတိရတာနဲ့ တစ်လုံးကို ပြန်သောက်လိုက်ပါ။ ပြီးရင် အဲဒီတား ဆေးကတ်ကို လွှင့်ပစ်လိုက်ပြီး နောက်တစ်ကတ်ကို အစကနေ ပြန်သောက်ရပါမယ်။

နောက်ထပ်တစ်ကြိမ် တားဆေး သုံးလုံးအထိ သောက်ဖို့မေ့ရင်တော့ ဒီသားဆက်ခြားနည်းကို မသုံးသင့်တော့ပါဘူး။ တခြားသားဆက်ခြားနည်း ဖြစ်တဲ့ Depo povera သုံးလခံတားဆေးပြောင်းထိုးတာမျိုး ရွေးချယ်သင့်ပါတယ်။ ဒါကတော့ သုံးလမှ တစ်ခါ ထိုးရတာဆိုတော့ ပိုအဆင်ပြေနိုင်ပါတယ်။

မေး။ ။ ရင်သားကင်ဆာမျိုးရိုးရှိသူက သန္ဓေတားသောက် ဆေးမသောက်သင့်ဘူးလို့ သိရပါတယ်။ သမီးသူ ငယ်ချင်းက ရင်သားကင်ဆာမျိုးရိုးရှိပေမယ့် သန္ဓေတားဖို့သောက်ဆေးကို ရွေးချင်နေပါတယ်။ တကယ်လို့ သူက သောက်ဆေး ရွေးချယ်ရင် ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါသလဲ ဆရာ။

ဖြေ။ ။ သန္ဓေတားသောက်ဆေးက လူတိုင်းနဲ့ မတည့်ပါဘူး။ ဆေးရဲ့ကောင်းကျိုးက သားဥအိမ်ကင်ဆာနဲ့ သားအိမ်ကိုယ်ထည်ကင်ဆာကို ကာကွယ်ပေးတာပါပဲ။ ဒါပေမဲ့ မကောင်းကျိုးက ဒီတားဆေးကို အကြာ ကြီးသောက်ရင် ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်း ကင်ဆာဖြစ်နှုန်း ပိုများတာကို တွေ့ရပါတယ်။ ဒါကြောင့် မိဘမျိုးရိုးကို သေချာမေးကြည့်လိုက်တော့ အမေ၊ အဒေါ် စသဖြင့် ကင်ဆာမျိုးရိုးရှိတယ်ဆိုရင် ဟော်မုန်းနှစ်မျိုးပါတဲ့ တားဆေးကတ်တွေကို မသောက်ခိုင်းပါဘူး။ ဒီတားဆေးတွေ သောက်လို့ သေချာပေါက် ကင်ဆာဖြစ်မယ်လို့ မပြောနိုင်ပေမယ့် ကင်ဆာဖြစ်နိုင်ခြေများလို့ပါ။ တားဆေးထဲမှာပါတဲ့ အီစထရိုဂျင်ဆိုတဲ့ ဟော်မုန်းက ရင်သားကင်ဆာကို အားပေးပါတယ်။

ဆေးကိုမှ သောက်ချင်တယ်ဆိုရင် ပရိုဂျက်စတုန်းဟော်မုန်းတစ်မျိုးတည်းပါတဲ့ တားဆေးကို သောက်လို့ရပါတယ်။ ဒါက ကင်ဆာကို အားမပေးပါ ဘူး။ ဒါမှမဟုတ် တခြားသားဆက်ခြားနည်းလမ်းတွေကို ရွေးချယ်သင့်ပါတယ်။

ပဋိသန္ဓေတားဆေးသောက်မယ့် အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးဆုံးလိုအပ်ချက်ကတော့ ခဏခဏ သတိမေ့တတ်တဲ့သူ မဖြစ်ဖို့ လိုပါတယ်။ ခဏ ခဏ မေ့တတ်ရင်တော့ တားဆေးနဲ့ မဖြစ်ပါဘူး။ တစ်ချိန်ချိန်မှာ ပြဿနာတက်သွားနိုင်ပါတယ်။ တား ဆေးတစ်လုံးသောက်ဖို့ မေ့ရင် ကိစ္စမရှိဘူး၊ သတိရတဲ့ အချိန် မြန်မြန်ပြန်သောက်လိုက်ပါ . . .

မေး။ ။ လက်မောင်းထဲကို ထည့်တဲ့ သားဆက်ခြားပစ္စည်းကသုံးနှစ်ကနေ ငါးနှစ်အထိခံတယ်၊ သားအိမ်ထဲ ထည့်တဲ့ သားဆက်ခြားပစ္စည်းက ငါးနှစ်ကနေ ၁၀ နှစ်အထိ ခံတယ်လို့ သိရပါတယ်။ တကယ်လို့များ အဲဒီလို ထည့်ထားတဲ့ ပစ္စည်းက အချိန်ကျော်တဲ့အထိ မထုတ်မိရင် ဘယ်လို ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါသလဲဆိုတာ သိချင်ပါတယ် ဆရာ။

ဖြေ။ ။ သားအိမ်ထဲကို ပစ္စည်းထည့်တော့မယ်ဆိုရင် အမျိုးသမီးတွေကို သတိပေးရတာတွေ ရှိပါတယ်။ ဒီ ထည့်လိုက်တဲ့ ပစ္စည်းလေးဟာ အဆင်မသင့်လို့ရှိရင် နေရာရွေ့သွားတတ်ပါတယ်။ တစ်ခါတလေ မသိဘဲနဲ့ အပြင်ကို ထွက်သွားတတ်သလို တစ်ခါတလေ သားအိမ်ထဲကနေ ဖောက်ထွက်ပြီး အူထဲကို ရောက်သွားတာမျိုး ဖြစ်တတ်တယ်။ ဒါကြောင့် ပစ္စည်းထည့် ပြီးတိုင်း အမျိုးသမီးကိုဘာသင်ပေးလိုက်ရသလဲ ဆိုတော့ တစ်ခါတစ်လရာသီပြီးသွားတဲ့ နေ့တိုင်း လက်ကို စင်အောင်ဆေး၊ ဆေးပြီးရင် မိန်းမကိုယ်မွေး လမ်းကြောင်းထဲကို လက်ထည့်၊ သားအိမ်ခေါင်းရဲ့ ထိပ်မှာ ကြိုးလေးနှစ်ခုရှိနေတယ်၊ အဲဒီကြိုးလေး ရှိ၊ မရှိစမ်းကြည့်ပါလို့ သင်ပေးရပါတယ်။ အဲဒီကြိုးလေးရှိနေတဲ့အဓိပ္ပာယ်က သားအိမ်ထဲမှာ ပစ္စည်းလေး နေရာမှန်မှာ ရှိနေတယ်လို့ ဆိုလိုပါတယ်။ ကြိုး ပျောက်သွားရင်တော့ ဆရာဝန်ဆီ သွားပြရပါမယ်။အဆင်မသင့်ရင် အူတွေထဲ ရောက်တာတွေ ဖြစ်တတ်တဲ့အတွက် ငါးနှစ်ခံတဲ့ သားဆက်ခြားနည်းကို သုံးမယ်ဆိုရင် ငါးနှစ်မှာ သေချာပေါက် ပြန်ထုတ်ပါလို့ ပြောချင်ပါတယ်။ သူ့သက်တမ်းကျော်သွားရင် သားဆက်ခြားဖို့အတွက် စိတ်မချရတော့ဘူး။ ဒီပစ္စည်း ဘယ်တွေ လျှောက်ရောက်သွားလဲဆိုတာလည်း မသိတော့ဘူး။ ဒီပစ္စည်းထည့်ထားရင်လတိုင်း လတိုင်း ကြိုးစလေးကို စမ်းကြည့်ရတယ်၊ ကြိုးစ မတွေ့ရင် မြန်မြန်ပြန်လာပြရတယ်။ သွေးဆုံးပြီးတဲ့ အထိကြာတဲ့အထိ ထားထားရမယ့် ပစ္စည်းမဟုတ်ပါဘူး။

မေး။ ။ သားအိမ်ထဲ ထည့်တဲ့ပစ္စည်းက အနေအထား မှန်တယ်၊ ကြိုးစကို စမ်းကြည့်တော့လည်း တွေ့တယ်၊ ဒါပေမဲ့ ကိုယ်ဝန်ရှိသွားတယ်။ အဲဒါက ဘာကြောင့် ဖြစ်ရတာပါလဲ ဆရာ။

ဖြေ။ ။ ဟိုတလောက ဆရာကြုံခဲ့တာလေး တစ်ခု ပြောပြပါမယ်။ ဆရာနဲ့ အရမ်းခင်တဲ့ ဇနီးမောင်နှံနှစ် ယောက်၊ သူတို့ ပထမကလေးတုန်းကလည်း ဆရာပဲ ဗိုက်ခွဲပြီး မွေးပေးထားတယ်။ ဒုတိယကလေးကို လည်း ဆရာပဲ ဗိုက်ခွဲပြီး မွေးပေးလိုက်တယ်။ သူက ခွဲရင်းနဲ့ “ကလေးထပ်မလိုချင်တော့ဘူး၊ ဒါပေမဲ့ သားကြောကလည်း ဖြတ်ဖို့ အဆင်မပြေသေးဘူး။ အဲဒါကြောင့် ခွဲရင်းနဲ့ သားအိမ်ထဲကို ပစ္စည်းထည့်ပေး လိုက်ပါ ဆရာ”လို့ တောင်းဆိုပါတယ်။ အဲဒါနဲ့ ပစ္စည်း ထည့်ပေးပြီး ကြိုးစလေးကိုပါ အောက်မှာ ပြန်ထုတ် ထားလိုက်တယ်။ ခွဲပြီး ခြောက်လအကြာမှာ အဲဒီဇနီးမောင်နှံက ဆရာ့ဆီပြန်လာတယ်။ အာထရာဆောင်း ရိုက်ထားတဲ့ အဖြေနဲ့ . . ကလေးလေးရဲ့ ဘေးမှာ အဲဒီ ပစ္စည်းလေးကပါ ရှိနေတယ်။ အဲဒါရဲ့ အဖြေက သားဆက်ခြားနည်းတွေအားလုံးက ရာနှုန်းပြည့် စိတ်ချရတဲ့နည်း တစ်ခုမှမရှိပါဘူး။ သား ကြောဖြတ်ထားရင်တောင် ကလေးမရတော့ဘူးလို့ အာမမခံပါဘူး။ကမ္ဘာပေါ်မှာ သားကြောဖြတ်ပြီးရင် ကလေး ပြန်ရနိုင်ခြေက အယောက် ၂၀ဝ မှာ တစ်ယောက် ရှိပါတယ်။သားအိမ်ထဲကိုပစ္စည်းထည့်ထားပြီးရင် ကလေးရနိုင်ခြေက အယောက် ၁၀ဝမှာ တစ်ယောက်ကနေ နှစ်ယောက်လောက်ရှိပါတယ်။ ဒီပစ္စည်းက နေရာမှန် မှန်မှာရှိပေမယ့် ကလေးရနိုင်ခြေ ရှိနေပါတယ်။ အဲဒါကြောင့် ဒီပစ္စည်းထည့်ထားတိုင်း ကလေးရနိုင်ခြေရှိတယ်ဆိုတာ ပြောပြရပါတယ်။

မေး။ ။ အရေးပေါ် သန္ဓေတားဆေးကို ၂၄ နာရီအတွင်း သောက်ရင်တောင် ကိုယ်ဝန်ရသွားနိုင်ခြေရှိတယ်ဆို တာ ဟုတ်ပါသလား ဆရာ။

ဖြေ။ ။ ဟုတ်ပါတယ်။ ဘယ်အချိန်သောက်သောက် အဆင်မသင့်ရင် ကိုယ်ဝန်ရသွားနိုင်ခြေ ရှိပါတယ်။ အ ရေးပေါ်ဆေးကလည်း Failure Rate ရှိနေပါတယ်။ ၂၄ နာရီအတွင်း သောက်ရင် ကိုယ်ဝန်မရအောင် ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပါတယ်။ အကြိမ် ၁၀ဝ သောက်ရင် ငါးယောက်မှာ ကလေးရနိုင်ခြေရှိတယ် ဆိုတဲ့သဘောရှိပါတယ်။ ဒါကြောင့် ရာနှုန်းပြည့် စိတ်ချရတဲ့နည်း မဟုတ်ပါဘူး။ ဖြစ်နိုင်ရင် ဟော်လန်နည်းကို သုံးသင့်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကြိုက်တဲ့ သားဆက်ခြားနည်းကို သုံး၊ ကွန်ဒုံးက ပါကိုပါရပါတယ်။ ကွန်ဒုံးက ကလေးမရအောင် ကာကွယ်ပေးတဲ့အပြင် မလိုချင်ဘဲနဲ့ ရောဂါတွေ ဝင်ရောက် မလာအောင်လည်း ကာကွယ်ပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top