Healthy Life Ad
Life Style

ကြိုးပြတ်တဲ့ စွန် . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတုန်းက ဖခင်တစ်ဦးနဲ့ သားတစ်ဦးဟာ စွန်လွှတ်ပွဲတော်ကိုသွားခဲ့တယ်။ သားလေးဟာ ကောင်းကင်မှာ ပြည့်နှက်နေတဲ့ ရောင်စုံစွန်လေးတွေကိုကြည့်ရင်း သိပ်ကိုပျော်ရွှင်နေခဲ့တာပေါ့။ သူ့ကိုလည်း စွန်တစ်ခုလွှတ်ခွင့်ပေးဖို့တောင်းဆိုတော့ ဖခင်ဖြစ်သူက စွန်၊ ရစ်ဘီးနဲ့ ကြိုးဝယ်ပေးခဲ့တယ်။

ဒါနဲ့ သားလေးက စွန်လွှတ်ဖို့ စတင်ကြိုးစားခဲ့တယ်။ မကြာခင်မှာပဲ သူ့စွန်လေးဟာ ကောင်းကင်အမြင့်ကို ရောက်သွားတော့တာပေါ့။ သိပ်မကြာခင်မှာ သားလေးကဆိုတယ်။

“ဖေဖေ . . ကြိုးလေးက စွန်ကို ပိုမြင့်အောင် လွှင့်ပေးနိုင်တာတော့ဟုတ်တယ်။ တကယ်လို့ ကြိုးသာပြတ်သွားရင် စွန်လေးကို ပိုမြင့်တဲ့နေရာအထိ ပျံသန်းနိုင်မှာပဲနော် ဖေဖေ၊ သား ကြိုးဖြတ်လိုက်ချင်တယ်”

ဖခင်ကလည်း ရစ်ဘီးကနေ ကြိုးကိုဖြတ်ပေးခဲ့လိုက်တယ်။ အဲဒီမှာ စွန်က နည်းနည်းပိုမြင့်တဲ့နေရာကို လွင့်သွားတော့ သားလေးကကြည့်ပြီး သိပ်ကိုပျော်ရွှင်မြူးထူးနေတော့တာပေါ့။

ဒါပေမဲ့ မကြာခင်မှာပဲ စွန်လေးဟာ အောက်ကိုဖြည်းဖြည်းချင်း ပြန်ကျလာပါလေရော။ အဆောက်အဦတစ်ခုရဲ့ ခေါင်းမိုးပေါ်အထိကျသွားပြီး ငြိနေတော့ သားလေးက အလွန်အမင်း အံ့အားသင့်သွားခဲ့တယ်။ သူ့စိတ်ထဲမှာ စွန်ကြိုးဖြတ်လိုက်ရင် စွန်က ပိုမြင့်မြင့်ပျံသန်းနိုင်မယ်လို့ ထင်ခဲ့တာကိုး။

“ဖေဖေ . . ကြိုးဖြတ်ပြီးရင် စွန်က ပိုမြင့်မြင့်ပျံနိုင်မယ်လို့ သားထင်ထားတာ၊ ဘာလို့ အောက်ကိုပြုတ်ကျလာရတာလဲ ဖေဖေ”

“သားရေ . .ဖေဖေတို့နေတဲ့ လောကကြီးမှာ အမြင့်ရောက်တဲ့အရာတွေက သူ့ဘာသာ အမြင့်ရောက်နေတာ မဟုတ်ဘူး သား၊ သူအမြင့်ကိုရောက်အောင်နဲ့ ပြုတ်မကျဘဲ မြဲမြံနေအောင် တချို့အရာတွေက ချည်နှောင်ပေးထားလေ့ရှိတယ်။ အခု စွန်ကြိုးကလည်း အဲဒီအတိုင်းပဲ၊ စွန်ကို အမြင့်မှာကြာကြာနေနိုင်အောင်၊ လေအဝှေ့မှာ ဖြည်းဖြည်းချင်းမြင့်တက်အောင်နဲ့ စွန်အောက်မကျအောင် သင့်တော်တဲ့လားရာနဲ့ ထိန်းပေးနေတာက စွန်ကြိုးပဲ သား၊ ကြိုးဖြတ်လိုက်တဲ့အခါ အထောက်အပံ့မရှိတော့တဲ့အတွက် စွန်ပြတ်ကျသွားတာပဲ ငါ့သား”

သားလေးလည်း သူ့အမှားကို နားလည်သဘောပေါက်သွားခဲ့တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top