Healthy Life Ad
Life Style

၁၉၉၉ ကဖြစ်တဲ့ ပြန်ရည်ကျိတ်ကင်ဆာ ကုသအောင်မြင်တာ ၁၀နှစ်ကျော်ရှိပြီဖြစ်တဲ့ ဒေါ်စုစုကြည်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အသားဖြူဖြူ၊ အရပ်မြင့်မြင့်၊ ခန္ဓာကိုယ်ပြည့်ပြည့်နှင့် ဖော်ရွေလှပသူ ဒေါ်စုစုကြည်၏ ကင်ဆာကုသအောင်မြင်ခဲ့သည့် အတွေ့အကြုံကလည်း စိတ်ဝင်စားဖွယ်ရာကောင်းလှသည်။

“အသက် ၃၉ နှစ်အရွယ် ၁၉၉၉ မှာ ညာဘက်မျက်လုံးဝါးပြီး အနည်းငယ်ပြူးလာပါတယ်။ CT ရိုက်တဲ့အခါမှာ မျက်လုံးအနောက်ထဲမှာ အကျိတ်တစ်ခုရှိတယ်လို့သိရတယ်။ အဲဒီအကျိတ်ကို မျက်စိဆရာဝန်တွေက ဘာအကျိတ်မှန်းမခွဲခြားနိုင်ဘဲ အကျိတ်သက်သာအောင် Prednisolone ပေးခဲ့ပါတယ်။ ပုံမှန် MRI / CT မှန်မှန်ရိုက်စောင့်ကြည့်ခဲ့ပါတယ်” ဟု ဒေါ်စုစုကြည်က ကင်ဆာခရီးလမ်းအစကို ပြန်လည်ပြောပြခဲ့သည်။

ဂျပန်ကုမ္ပဏီ(အစားအသောက်) ကိုယ်စားလှယ်အဖြစ်လုပ်ကိုင်နေသည့် ဒေါ်စုစုကြည်သည် ၂၀ဝ၇ ခုနှစ် သြဂုတ်လ၊ အသက် ၄၇နှစ်အရွယ်၌ Japan နိုင်ငံ Nagoya ရှိ Nagoya National Hospital တွင် အသားစယူစစ်ဆေးခဲ့ရာ အဖြေက လင်ဖိုးမားအဆင့် ၃(ဒုတိယနေရာ) NHL Secon­dary Grade III A to IV A ဟု တွေ့ရှိခဲ့သည်။

“ပထမမူလအရင်းအမြစ်ရှိသေးတယ်လို့ အဖြေထွက်ပြီး သတိပေးခဲ့ပါတယ်။ ဂျပန်မှာပဲ PET scan ရိုက်ပြီး ခန္ဓာကိုယ်ဘယ်နေရာတွေမှာ ပြန့်နှံ့နေလည်းကြည့်ခဲ့ပါတယ်။ အဲဒီမှာ ကင်ဆာရဲ့အရင်းအမြစ် ပထမနေရာ ပေါင်ခြံမှာ အကျိတ်တွေ့ခဲ့ပါတယ်”ဟု ဒေါ်စုစုကြည်က ဆိုသည်။

ရန်ကုန်တွင် ပြန်ရည်ကျိတ်ကင်ဆာ၏ အရင်းအမြစ် ပထမနေရာ ပေါင်ခြံကို ခွဲစိတ်ထုတ်ခဲ့ပြီး၂၀ဝ၇ – ၂၀ဝ၈ ကာလများတွင် ရန်ကုန်၌ပင် ကင်ဆာဆေး (Rituzimab) ၆ ကြိမ်သွင်းကုသခဲ့ကြောင်း၊ ထို့နောက် ၂၀ဝ၈ခုနှစ်တွင် စင်္ကာပူ NUH ဆေးရုံ၌ ဓာတ်ရောင်ခြည်ကုထုံးကို အကြိမ် ၃၀ခံယူခဲ့ကြောင်းသိရသည်။ “ကင်ဆာဆေးသွင်းတဲ့ တတိယအကြိမ်မြောက်မှာ ပါးစပ်နဲ့ အူလမ်းကြောင်းတလျှောက် ဓာတ်မတည့်မှု (Allergy)ဖြစ်လို့ ပြန်ကုသရပါတယ်။ ပြီးအောင် ပြန်ဆက်သွင်းပါတယ်။ အစားအစာအသောက် မစားနိုင်တာတော့ ဖြစ်ခဲ့တယ်။

တခြားအခက်အခဲတော့ ထွေထွေထူးထူးမရှိပါဘူး။ မိမိရောဂါက ကင်ဆာဆိုတာမယုံဘဲ ဝေဝေ၀ါဝါးဖြစ်ပါတယ်။ တရားကိုကောင်းကောင်း မရှုမှတ်နိုင်ခဲ့ပါဘူး။ ကင်ဆာဆေးသွင်းချိန်မှာ အစာစားချင်စိတ်နည်းတာရယ်၊ ပါးစပ်မှာ ဘာအရသာမှမရှိလို့ရယ်၊ ဆီးချိုကြောင့်ရယ် အစားအသောက်စားတာ နည်းပါးပါတယ်။ ဒါပေမဲ့ သိသိသာသာ ကိုယ်အလေးချိန် ကျသွားတာတော့ မရှိခဲ့ပါဘူး။ ဓာတ်ရောင်ခြည်ကုထုံး (Radiation)ပေးတဲ့ အချိန်မှာတော့ သာမန်လူကောင်းလိုပဲ စားသောက်ဖြစ်ခဲ့ပါတယ်”ဟု ဒေါ်စုစုကြည်က ကင်ဆာဆေးသွင်းစဉ်နှင့် ဓာတ်ရောင်ခြည် ကုထုံးခံယူချိန် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများ၊ အခက်အခဲများကို ပြောပြခဲ့သည်။

ကင်ဆာဆေးသွင်းကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးကို အောင်မြင်စွာကျော်ဖြတ်ပြီး နောက်ပိုင်းတွင် ဆီးချိုရောဂါရှိသည့် ဒေါ်စုစုကြည်သည် ဆီးချိုရောဂါရှိသူအတွက် သင့်တော်သော နေထိုင်စားသောက်မှုပုံစံအတိုင်း လိုက်နာခဲ့သူဖြစ်သည်။ “ဆီးချိုရောဂါရှိတဲ့အတွက် ကင်ဆာကုသပြီးနောက်ပိုင်းမှာ ဆီးချိုဆေးသောက်ရပါတယ်၊ Insulin ထိုးရပါတယ်။ ဆီးချိုတက်စေတဲ့အစာတွေနဲ့ ချိုလွန်းတဲ့အစာတွေရှောင်ပါတယ်။ အစားအစာရှောင်တာတော့ မရှိပါဘူး။ အာဟာရဖြည့်စွက်စာကို အထူးတလည်စားတာလည်းမရှိပါဘူး”ဟု ဆိုသည်။

ကင်ဆာဝေဒနာရှင်တစ်ဦး ဆေးကုသမှုခံယူရာတွင် ကာယကံရှင်လူနာ၏ စိတ်ဓာတ်ခွန်အား အရေးကြီးသည့်အပြင် မိသားစုဆွေမျိုးမိတ်ဆွေအားလုံး၏ အားပေးကူညီဖေးမမှုကလည်း လွန်စွာ အထောက်အပံ့ပြုပါသည်။ အန်တီဒေါ်စုစုကြည်မှာ ကံကောင်းစွာပင် မိသားစုဆွေမျိုးမိတ်ဆွေအားလုံး၏ နွေးထွေးသော မေတ္တာ၊ စေတနာတို့ကို ရရှိခဲ့သူဖြစ်သည်။

“အန်တီရဲ့မိသားစုရော ဆွေမျိုးတွေအားလုံးရော နွေးနွေးထွေးထွေးဂရုစိုက်ခဲ့ကြပါတယ်။ လိုအပ်တာမှန်သမျှကိုလည်း ညီမဝမ်းကွဲမိသားစုက ဖြည့်ဆည်းပေးတယ်။ ကင်ဆာဆေးသွင်းပြီးရက်မှာ ဦးလေးတစ်ဦးရဲ့ မြို့ပြင်သီးသန့်နေအိမ်မှာ နားနေခွင့်ရခဲ့တယ်။ ပြီးတော့ မိတ်ဆွေတွေရဲ့ အားပေးနှစ်သိမ့်မှုရတဲ့အပြင် ဆရာဝန်ကြီးတွေရဲ့အကြံဉာဏ်ကောင်းတွေကို ရရှိခဲ့တဲ့အတွက် အစစအရာရာ အဆင်ပြေပါတယ်။ ရန်ကုန်ဆေးရုံကြီး ကင်ဆာဌာနက တူမရဲ့သူငယ်ချင်း ဖြည့်စွက်ကူညီမှုတွေနဲ့ အားပေးမှုတွေက လိုလေးသေးမရှိပြည့်စုံအားဖြစ်စေခဲ့ပါတယ်”ဟု ဒေါ်စုစုကြည်က ကင်ဆာကုသအောင်မြင်ခြင်းနှင့်ပတ်သက်၍ အားပေးကူညီခဲ့သူများအကြောင်းကို အမှတ်တရပြောပြခဲ့သည်။

ဖခင်ဖြစ်သူက အစာရေမျိုကင်ဆာနှင့် ဆုံးပါးခဲ့ကြောင်း ဒေါ်စုစုကြည်က ပြောပြခဲ့ပြီး သူကင်ဆာဖြစ်ခဲ့ခြင်းမှာ အလုပ်စိတ်ဖိစီးမှုများခြင်းနှင့်လည်း ဆက်နွှယ်မှုရှိနိုင်ကြောင်း ဆိုသည်။ “ကင်ဆာ ဘာကြောင့်ဖြစ်သလဲဆိုရင် အလုပ်စိတ်ဖိစီးမှုများခဲ့တာလည်း ပါလိမ့်မယ်။ မြတ်စွာဘုရား ဆိုဆုံးမတဲ့ ကံစိတ်ဥတု အာဟာရမညီမျှတာက ပိုမှန်မယ်လို့ယုံကြည်ပါတယ်” ဒေါ်စုစုကြည်က သူကင်ဆာကုသမှု ခံယူစဉ်ကထက် ယခုခေတ်တွင် ကင်ဆာဌာနက ပိုပြီး တိုးတက်ကောင်းမွန်သန့်ရှင်းလာသဖြင့် ဝမ်းသာကျေနပ်မိကြောင်းဆိုသည်။

“အခုခေတ်၊ ဒီနှစ်ကင်ဆာဌာနကိုရောက်တော့ အများကြီးတိုးတက်ကောင်းမွန်သန့်ရှင်းလာလို့ ဝမ်းသာအားရကျေနပ်မိပါတယ်။ လူနာတွေကတော့ များပြားလှပေမယ့် အခုနှစ်ပိုင်းတွေမှာ အလွန်ကောင်းတဲ့ ဆေးဝါးတွေလည်း ရှိနေပြီးဖြစ်လို့ ရဲရဲဝံ့ဝံ့ ကုသပါလို့ပြောကြားလိုပါတယ်”ဟု အခြား ကင်ဆာဖြစ်နေသူတို့အား ဆေးကုသမှုခံယူရန် တိုက်တွန်းပြောကြားခဲ့သည်။ ကင်ဆာကုသအောင်မြင်ခဲ့သည်မှာ ၁၀ နှစ်ကျော်ကြာခဲ့ပြီး ယခုအခါ အသက် ၅၇ နှစ်ရှိပြီဖြစ်သည့် ဒေါ်စုစုကြည်က အခြားကင်ဆာဝေဒနာရှင်များသို့ အားပေးစကားပြောကြားလိုက်ပါသည်။

ကင်ဆာဖြစ်တယ်လို့သိရှိရရင် သုတေသန အခိုင်အမာမရှိတဲ့ ဆေးမြီးတိုတွေ၊ မန်းမှုတ်တာတွေ၊ စုတ်ထိုးတာတွေနဲ့ ကုသမှုကိုအားမပေးပါဘူး။ ပြီးတော့ ကြော်ငြာအားကောင်းတဲ့ ကုသခွင့်ပြုထားတဲ့လက်မှတ် FDA လက်မှတ်မရှိတဲ့ နိုင်ငံခြားဆေးဝါးတွေ၊ MLM ဆေးအရောင်းတွေ၊ Enzymes ဆေးတွေ၊ ဖြည့်စွက်အစာတွေကို ငွေကြေးမြောက်များစွာ အကုန်ကျခံပြီး သောက်သုံးတာတွေကိုအားမပေးပါ။ စဉ်းစားချင့်ချိန်ကြပါ။

“ကင်ဆာဖြစ်တယ်လို့ သိရှိရရင် သုတေသန အခိုင်အမာမရှိတဲ့ ဆေးမြီးတိုတွေ၊ မန်းမှုတ်တာတွေ၊ စုတ်ထိုးတာတွေနဲ့ ကုသမှုကိုအားမပေးပါဘူး။ ပြီးတော့ ကြော်ငြာအားကောင်းတဲ့ ကုသခွင့်ပြုထားတဲ့ လက်မှတ် FDA လက်မှတ်မရှိတဲ့ နိုင်ငံခြားဆေးဝါးတွေ၊ MLM ဆေးအရောင်းတွေ၊ Enzymes ဆေးတွေ၊ ဖြည့်စွက်အစာတွေကို ငွေကြေးမြောက်များစွာ အကုန်ကျခံပြီး သောက်သုံးတာတွေကို အားမပေးပါ။

စဉ်းစားချင့်ချိန်ကြပါ။ အထူးသဖြင့် မြို့ကြီးနဲ့ဝေးတဲ့ အရပ်ဒေသက လူနာများနဲ့ မိသားစုတွေဟာ ပတ်ဝန်းကျင်က လူတွေပြောစကားနဲ့ နားယောင်ပြီးကုသလို့ ရောဂါလွန်ပြီး တကယ်ကုသရမယ့်နေရာကို အချိန်လွန်မှရောက်လာတာတွေ၊ အသက်ဆုံးရှုံးရတာတွေ မြင်တွေ့နေရလို့စိတ်ထိခိုက်ရပါတယ်။ ကင်ဆာရောဂါအားလုံးကို ကုသပေးနိုင်တဲ့ စနစ်တကျသုတေသနပြုလုပ်ပြီးမှ ကုသနေတဲ့ ကမ္ဘာသူကမ္ဘာသားအားလုံးကို ကုသခွင့်ပြုထားတဲ့လက်မှတ် FDA ရှိတဲ့ အနောက်တိုင်းဆေးပညာကို ယုံကြည်စွာနဲ့ ထိထိရောက်ရောက်ကုသမှု ခံယူကြပါလို့ အကြံပေးလိုပါတယ်။

စိတ်ဖိစီးမှုလျော့နည်းအောင် ယောဂ၊ ထိုက်ချိတို့လို အပျော့စားလေ့ကျင့်ခန်းတွေလုပ်တာ။ အသက်ရှူလေ့ကျင့်ခန်းကို ပြုလုပ်တာ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့ဆုံစကားပြောတာ၊ လူမှုရေး အလုပ်တစ်ခုခု လုပ်တာတွေပြုလုပ်ပါ။ တရားထိုင်ရင် စိတ်ဖိစီးမှု၊ အလိုမကျမှုနဲ့ ဒေါသဖြစ်မှုတွေကို အကောင်းဆုံးသော စိတ်ပြောင်းလဲစေခြင်းနည်းလို့ လက်ခံမိပါတယ်။ ပြုလုပ်ကြည့်ကြပါ။ စိတ်ဖိစီးမှုလျော့နည်းတာဟာ ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါပျောက်ကင်းဖို့ အထောက် အကူဖြစ်စေတယ်။

အခုခေတ်မှာ အလုပ်တာဝန်ပိတာ၊ ကိစ္စဝိစ္စများတတ်တာမို့လို့ ဘယ်လောက်အလုပ်များများ ရေများများသောက်ပါ။ ဆီးမှန်မှန်သွားပေးပါ။ ဝမ်းမှန်အောင်သတိထားကြပါ။ အာဟာရပြည့်စေမယ့် သဘာဝအစားအစာတွေကိုပဲစားဖို့ တိုက်တွန်းလိုပါတယ်။

အခုခေတ်မှာ အလုပ်တာဝန်ပိတာ ကိစ္စဝိစ္စများတတ်တာမို့လို့ ဘယ်လောက်အလုပ်များများ ရေများများသောက်ပါ။ ဆီးမှန်မှန်သွားပေးပါ။ ဝမ်းမှန်အောင် သတိထားကြပါ။ အာဟာရပြည့်စေမယ့် သဘာဝအစားအစာတွေကိုပဲစားဖို့ တိုက်တွန်းလိုပါတယ်။ လူနာစိတ်ထဲမရှင်းတာ၊ သိလိုတာတွေကို စာရွက်တစ်ခုခုနဲ့ရေးမှတ်ထားပြီး မိမိပြသနေတဲ့ဆိုင်ရာ ဆရာဝန်ကို တိုက်ရိုက်တိုင်ပင်ဆွေးနွေးပါ။ ရက်ချိန်းမှန်မှန် ပြန်လည်ပြသဖို့လည်း လိုအပ်ပါတယ်။

အန်တီကလည်း တရားဘာဝနာကို ဆက်လက်ကျင့်ကြံပြီး ဘဝကိုအေးချမ်းရိုးရှင်းစွာနဲ့ ဆက်လက်ဖြတ်သန်းနေပါတယ်။ ဘဝတူကင်ဆာလူနာတွေကိုလည်း စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဆက်လက်ချီတက်ကြပါစို့လို အားပေးလိုပါတယ်”ဟု ဒေါ်စုစုကြည်က အတုယူဖွယ်ရာ အကျင့်ကောင်းများကို အကြံပြု အားပေးမျှဝေလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top