Healthy Life Ad
Life Style

အူအတက် ခွဲစိတ်ဖယ်ရှားခြင်းအကြောင်း သိကောင်းစရာ

ပါမောက္ခဦးအေးမွန်( ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ အခုခေတ်မှာ အူအတက်ရောင်မှ ခွဲစိတ်တာ မဟုတ်ဘဲ တခြားခွဲစိတ်မှုတစ်ခုခုလုပ်ချိန်မှာ အူအတက်ကို ခွဲစိတ်ဖယ်ရှားလေ့ရှိတာကို တွေ့လာရပါတယ်။ အဲဒီအတွက် ဘာကောင်းကျိုးရှိပါသလဲဆရာ။
ဖြေ ။ ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုကို အကြောင်းမရှိဘဲနဲ့ သက်သက်ထုတ်ပေးတာမျိုးက လုပ်လေ့လုပ်ထတော့မရှိပါဘူး။ ဒါပေမဲ့ အူအတက်လိုမျိုး လူကိုတစ်ချိန်ချိန်မှာ ဒုက္ခပေးလာနိုင်တဲ့၊ ဒီအစိတ်အပိုင်း မရှိလို့လည်း ဘာဆိုးကျိုးမှ မရှိတာမျိုးကို လူနာက ထုတ်ချင်တယ် ဆိုပြီး တောင်းဆိုလာတာမျိုး ရှိရင်တော့ ဖြစ်နိုင်ပါတယ်။ တခြားခွဲစိတ်မှုမျိုး ဥပမာ-သားအိမ်ထုတ်တဲ့အချိန်မှာ အူအတက်ပါ ထုတ်ချင်တယ်လို့ လူနာက တောင်းဆိုလာမှသာ ထုတ်ပေးလို့ရမှာ ဖြစ်ပါတယ်။ လူနာကို အသိမပေးဘဲနဲ့တော့ လုပ်လို့မရပါဘူး။ တချို့ရောဂါတွေ ခွဲရင်းနဲ့ အူအတက်ပါသွားတာရှိတယ်။ အူကင်ဆာနဲ့ အူတီဘီတို့ ကုသရာမှာ အူအတက်က အလိုလိုပါသွားတတ်ပါတယ်။

မေး ။ အူအတက်ရောင်မှ ခွဲစိတ်ဖယ်ရှားတာနဲ့ပုံမှန်အူအတက်ဖယ်ရှားတာရဲ့ ကွာခြားမှုကို သိပါရစေဆရာ။
ဖြေ ။ အူအတက်ကို ရောင်မှထုတ်တာနဲ့ မရောင်ဘဲ ထုတ်တာက ဘာမှမကွာခြားပါဘူး။ ဒါပေမဲ့ ရောင်ရင်တော့ ထုတ်ကိုထုတ်ရပါမယ်။ ဒါမှ သက်သာသွားမှာပါ။ ခွဲစိတ်တာကတော့ စက်နဲ့ပဲခွဲခွဲ၊ လက်နဲ့ပဲ ခွဲခွဲ ပုံစံအတူတူပါပဲ။ အူအတက်က ရောင်ပြီး ပြည်တည်နေရင်တော့ ပုံမှန်အူအတက် ခွဲရတာထက် နည်းနည်းပိုခက်ခဲတာတော့ရှိပါတယ်။ အူရဲ့ အနေအထား၊ အရွယ်အစားတွေပေါ်လည်း မူတည်ပြီး နည်းနည်းလောက် ကွာခြားတာတော့ ရှိကောင်းရှိနိုင်ပါတယ်။

မေး ။ အူအတက်ကို ခွဲစိတ်ဖယ်ရှားပြီးချိန်မှာ ဘယ်လို အချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။
ဖြေ ။ အူအတက် ခွဲထုတ်ထားလို့ လိုက်နာရမယ့်အချက်ဆိုတာတော့ သီးသန့်မရှိပါဘူး။ ဘာကြောင့်ပဲ ခွဲစိတ်မှု လုပ်လုပ်လိုက်နာရမယ့် အချက်တွေ ဖြစ်တဲ့ ဗိုက်ခွဲပြီး ငြိမ်ငြိမ်နေပေးရမယ်။ အစာမာမာတွေကို ချက်ချင်းစားလို့မရဘူး၊ လေလည်မှ အစာစစားရမယ် . . စတဲ့ ဆရာဝန်ညွှန်ကြားတဲ့ အချက်တွေကိုပဲ လိုက်နာဖို့ရှိပါတယ်။ ဗိုက်ခွဲထားတဲ့အတွက် ချောင်းဆိုးရင် နည်းနည်းနာတာကဖြစ်လေ့ဖြစ်ထရှိလို့ ချောင်းမဆိုးမိအောင် ဆင်ခြင်သင့်ပါတယ်။

မေး ။ အူအတက်ခွဲစိတ်ဖယ်ရှားပြီးချိန်မှာ နောက်ဆက်တွဲ ဘာပြဿနာတွေ ဖြစ်တတ်ပါသလဲဆရာ။
ဖြေ ။

အူအတက်ခွဲတာက ထွေထွေထူးထူးမရှိပါဘူး။ ဒါပေမဲ့ ဗိုက်ခွဲတာကတော့ ဘာကြောင့်ခွဲခွဲ ဂရုစိုက်ဖို့လိုပါတယ်။ အူအတက်က ရောင်လို့ခွဲတာ ဆိုရင် ရောင်တာကြီးရင် ကြီးကြီးခွဲထုတ်ရမယ်။ ရောင်တာ သေးရင် သေးသေးပဲ ခွဲထုတ်ရမယ်။ တစ်ခါတလေ ချုပ်ရိုး အနာပြည်တည်တာတွေ၊ ချုပ်ရိုးပြုတ်ပြီး ခွဲထားတဲ့နေရာက ပွင့်တာတွေဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရတာက အူအတက်ကြောင့်မှ မဟုတ်ပါဘူး။ ဗိုက်ခွဲထားသူတိုင်းမှာ ပိုးဝင်သွားရင် ဖြစ်တတ်ပါတယ်။

ပိုးဝင်တယ်ဆိုတာကလည်း အကြောင်းမျိုးစုံ ရှိပါတယ်။

အရေးပေါ် ခွဲစိတ်ရတဲ့အခါတွေက ကြိုတင်ပြင်ဆင်ပြီး ခွဲစိတ်တာ(Elective)ထက် ပိုပြီး ပိုးဝင်နိုင်ခြေများပါတယ်။ စနစ်တကျပိုးသတ်ထားပေမယ့်လည်း လူနာအရေအတွက်တွေက များတဲ့အခါမှာ အနာထဲ ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေက အရေးပေါ်အခြေအနေတွေ အရမ်းများတဲ့ အခါမျိုးတွေလောက်မှသာ ဖြစ်တတ်တာပါ။ ခွဲပြီးမှ အနာထဲပိုးဝင်တာကလည်း ဖြစ်လေ့ရှိပါတယ်။ လေထဲကနေလည်း ပိုးက ဝင်နိုင်ပါတယ်။ လူနာစောင့်တွေဆီကနေလည်း ပိုးဝင်နိုင်ပါသေးတယ်။

တခြားနိုင်ငံတွေမှာဆိုရင် ခွဲစိတ်ပြီးတဲ့အခါမှာ ဧည့်သည်တွေကိုသိပ်လက်ခံလေ့မရှိပါဘူး။ ဒီမှာ ဆိုရင် လူတွေအများကြီးက လူနာဘေးမှာ ရောက်နေတတ်ကြပါတယ်။ ဒါတွေကလည်း ပိုးဝင်စေဖို့ အခွင့်အလမ်းတွေဖြစ်စေတတ်ပါတယ်။

တကယ်လို့ Laparoscopy စက်နဲ့ ခွဲတာ ဆိုရင် အပေါက်လေးလောက်ပဲ ကျန်တော့မှာပါ။ ဗိုက်ခွဲထားတာတစ်ခုကိုပဲ ဂရုစိုက်ဖို့လိုပါတယ်။ အလေးအပင်တွေ မတာရှောင်ရမယ်၊ ဆရာဝန် ညွှန်ကြားတဲ့ တခြားအချက်တွေကို လိုက်နာဖို့လိုပါတယ်။ မဟုတ်ရင် အူအတက်ခွဲလို့မှမဟုတ်ပါဘူး တခြားဘာကြောင့်ခွဲခွဲ ဆရာဝန်ညွှန်ကြားချက်ကို မလိုက်နာခဲ့ရင် အူကျွံတာနဲ့ နာတာတွေတော့ ဖြစ်စေနိုင်မှာပဲဖြစ်ပါတယ်။ ဒီလို ဖြစ်နိုင်တာတွေထဲမှာ အူအတက်ခွဲစိတ်တာကတော့ နောက်ဆက်တွဲ ပြဿနာဖြစ်နိုင်ခြေ အနည်းဆုံးလို့တောင် ပြောနိုင်ပါတယ်။

မေး ။ အူအတက်ကို ခွဲစိတ်ထုတ်ပယ်တဲ့အခါ အနာကျက်ချိန်က ဘယ်လောက်ကြာတတ်ပါသလဲ ဆရာ။
ဖြေ ။ ခွဲစိတ်ပြီးရင် အရေပြားအထပ်ထပ်မှာ အပေါ်ယံ အရေပြားကတော့ တစ်ပတ်လောက်ဆိုရင် အနာကျက်ပါပြီ။ အတွင်းထဲက ချုပ်ထားတဲ့ အပိုင်းတွေကတော့ တစ်လကျော်ကျော်လောက်ဆိုရင်တော့ အတော်လေးကောင်းသွားပါပြီ။ အခုဆိုရင် ချုပ်ရိုးပြန်ဖြည်စရာမလိုအောင်တောင် လုပ်လို့ရနေပါပြီ။ အနာကျက်မြန်ဖို့ကတော့ ဆရာဝန်ညွှန်ကြားတာကိုသာ လိုက်နာဖို့လိုပါတယ်။ ဆေးရုံဆင်းလို့ရပြီ ဆိုမှဆင်းပါ။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးကို သေသေချာချာသောက်ပါ။

မေး ။ အူအတက်ရောင်တာက လူတစ်ယောက်ရဲ့ ဘဝတစ်သက်တာမှာ ဘယ်လောက်အထိ ဖြစ်နိုင်ခြေရှိပါ သလဲဆရာ။
ဖြေ ။ အူအတက်ရောင်တာက အတိအကျတော့ ပြောလို့မရပေမယ့် ဆရာအတွေ့အကြုံအရဆိုရင်တော့ တစ်နှစ်အတွင်း လူတစ်ထောင်မှာ တစ်ယောက်ကနေ ငါးယောက်လောက်ကတော့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အသက်ကလည်း အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးငယ်လေးကနေ အသက်ကြီးတဲ့ အရွယ်တွေအထိ ဖြစ်တတ်ပါတယ်။ အရွယ်စုံ တွေ့ဖူးပါတယ်။ အူအတက်က ဘာကြောင့်ရောင်တာ ဆိုတာကလည်း ပြောရခက်ပါတယ်။ အကြောင်းရင်းကလည်း အတိအကျ မရှိပါဘူး။ ဒါကြောင့် ကာကွယ်ဖို့ ဆိုတာကလည်း ခက်ပါတယ်။

မေး ။ အူအတက်ရောင်တဲ့အခါ ဘယ်လို ခံစားရတတ်ပါသလဲ ဆရာ။
ဖြေ ။ အူအတက်ရောင်တယ်ဆိုရင် ဗိုက်အောင့်မယ်၊ တစ်ခါတလေ အန်မယ်၊ အဖျားတွေ တက်မယ် စတဲ့ လက္ခဏာတွေဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အတိအကျကတော့ ဆရာဝန်ကိုယ်တိုင်စမ်းသပ်မှပဲ သိနိုင်မှာ၊ ဒါတောင် သေချာမသိနိုင်ပါဘူး။ ခွဲစိတ်ဆရာဝန်ရဲ့ အတွေ့အကြုံနဲ့ အသက်ရှူတဲ့အခါ ဗိုက်ချပ်တာ၊ ဖောင်းတာ စတာတွေကို လက်နဲ့သေချာစမ်းပြီးမှ သိနိုင်မှာဖြစ်ပါတယ်။ ဒါကတော့ ဆရာဝန်မှတွေပဲ စမ်းသပ်သိရှိနိုင်မှာဖြစ်ပါတယ်။ အာထရာဆောင်းရိုက်တာကလည်း ပြည်တွေတည်နေတာ ရောင်ပြီး ကြီးနေတာဆိုရင်တော့ သိနိုင်ပေမယ့် ကြီးမနေဘူးဆိုရင် သိနိုင်မှာ မဟုတ်ပါဘူး။

မေး ။ အူအတက်ရောင်တာကို ဘယ်လိုစမ်းသပ်သိရှိ နိုင်ပါသလဲ ဆရာ။
ဖြေ ။ ရိုးရိုးဆရာဝန်နဲ့ ခွဲစိတ်ဆရာဝန်ဆိုရင်တော့ အတွေ့အကြုံများတဲ့ ခွဲစိတ်ဆရာဝန်တွေရဲ့ စမ်းသပ်တာကပိုမှန်ကန်ပါတယ်။ ဗိုက်အောင့်တယ်၊ နာတယ်ဆိုပြီး အာထရာဆောင်းတွေရိုက်တယ်၊ တချို့ ဆိုရင် စီတီစကန်တွေပါရိုက်တယ်။ ဒါပေမဲ့ အူအတက်က ဘာမှမဖြစ်ဘူးလို့ပဲ မြင်နေရတတ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဆရာဝန်ရဲ့ လက်ကပိုအရေးပါပါတယ်။

အစာအိမ်ပေါက်တာတို့လိုမျိုးဆိုရင် အာထရာဆောင်းရိုက်လိုက်ရင် ပေါ်ပေမယ့် အူအတက်ရောင်တာကျတော့ မပေါ်နိုင်ပါဘူး။ အူအတက်ဆိုတာက သေးသေးလေးလည်း ဖြစ်နိုင်သလို အရှည်ကြီးလည်း ဖြစ်နေနိုင်တယ်။ ပြီးတော့ ဗိုက်ထဲကအူတွေရှိနေတဲ့ နေရာအတွင်းမှာ နေရာတိုင်းမှာ ရောက်နေနိုင်ပါတယ်။ အပေါ်လည်း ထောင်ချင်ထောင်နေမယ်၊ အောက်လည်း ဆိုက်ချင်ဆိုက်နေမယ်ဆိုတော့ အာထရာဆောင်းထဲမှာ အူကိုမြင်နေရတယ်ဆိုပေမယ့် ဒါကရောင်နေတာလား၊ ပုံမှန်ပဲလားဆိုတာကတော့ ခွဲခြားမရနိုင်ပါဘူး။ လက်နဲ့ စမ်းသပ်ကြည့်မယ်၊ အတွေ့အကြုံတွေအရ ခဏစောင့်ကြည့်လေ့လာကြည့်ပြီးမှ ကောက်ချက်ချလို့ရတာ ဖြစ်ပါတယ်။

ပြောရရင် အူအတက်ဆိုတာက ခန္ဓာဗေဒ (Anatomy)အားဖြင့် အတိအကျမရှိပါဘူး။ အတိုအရှည်၊ လားရာ၊ အထူအပါးက မျိုးစုံ ဖြစ်နိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကလည်း မတူနိုင်ပါဘူး။ ဗိုက်တစ်ခုလုံး ဘယ်နေရာ အောင့်အောင့် အူအတက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် အူအတက်ရောင်တာက အစာအိမ်အချဉ်ပေါက်တာနဲ့လည်း မှားနိုင်ပါတယ်။ အူမကြီးကင်ဆာတွေနဲ့လည်း မှားနိုင်ပါတယ်။ အသည်းရောင်တာတွေ သားအိမ်ရောင်တာတွေနဲ့လည်း မှားနိုင်ပါတယ်။ တော်ရုံ အူအတက်ရောင်နေတာလေးက စက်တွေနဲ့ သက်သေပြလို့ အဆင်မပြေပါဘူး။

မေး ။ အူအတက်ရောင်တာနဲ့ ပတ်သက်ပြီး အများပြည်သူကို ပြောလိုတာရှိရင် သိပါရစေဆရာ။
ဖြေ ။ အူအတက်ရောင်တာက ခွဲဖို့ နောက်ကျသွားရင်တော့ အသက်အန္တရာယ်ရှိပါတယ်။ အူအတက်ရောင်တာက ပိုးဝင်တာပဲဖြစ်တဲ့အတွက် ပြည်တွေတည်လာပြီး ပေါက်ထွက်ကုန်ရင် အသက်အန္တရာယ်ရှိပါတယ်။ အူအတက်ရောင်တာက ဟိုးအရင်တည်းက အခုအချိန်ထိ အမြဲဖြစ်နေကြတာပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းတော့ စက်နဲ့ခွဲလည်းရပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်တော့ ပိုများနိုင်ပါတယ်။ ရိုးရိုးခွဲရင်လည်း နာရီဝက်လောက်ဆို ပြီးပါတယ်။ စက်နဲ့ဆိုရင်လည်း မေ့ဆေးပေးတာနဲ့ဆို နာရီဝက်ကျော်လောက်တော ့ကြာတာပဲဖြစ်ပါတယ်။ ကုန်ကျစရိတ်ကွာလို့ လူတိုင်းတော့မခွဲနိုင်ပါဘူး။ ပြီးတော့ စက်က တစ်ရက်တည်းမှာ အရေအတွက်များများ ခွဲဖို့လည်း သိပ်အဆင်မပြေပါဘူး။ အူအတက်ကို ရိုးရိုးဆရာဝန် အငယ်လေးတောင်မှခွဲလို့ အဆင်ပြေပေမယ့် စက်နဲ့ ခွဲမယ်ဆိုရင်တော့ စက်ကိုင်တဲ့ ဆရာမတွေနဲ့ စက်ကို ပြင်ဆင်ဖို့ လူတွေလည်းလိုပါသေးတယ်။ ပြင်ဆင်ရတာကပိုများပါတယ်။ စက်နဲ့ခွဲတာကတော့ ချုပ်ရိုး သေးတယ်။ ခွဲပြီးသိပ်မနာဘူး။ ဒါတွေကတော့ အားသာတာပေါ့။ ဒါပေမဲ့ ဘယ်လိုပဲခွဲခွဲ၊ ခွဲစိတ်တာကြောင့် ရရှိတဲ့အောင်မြင်မှုကတော့ အတူတူပဲဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top