Healthy Life Ad
Life Style

သွေးတိုးရောဂါနှင့် လေဖြတ်ခြင်း ဆက်စပ်မှု

ဒေါက်တာကျော်စွာဦး (တာဝန်ခံဆရာဝန်၊ ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း)

မေး ။ သွေးတိုးရောဂါရှိသူတွေက ဘာကြောင့်လေဖြတ်ရပါသလဲ ဆရာ။
ဖြေ ။ သွေးတိုးရောဂါကြောင့် လေဖြတ်စေတဲ့ အဓိက အကြောင်းရင်းက နှစ်ချက်ရှိပါတယ်။ ဦးနှောက် သွေးကြောပိတ်တာနဲ့ ဦးနှောက်သွေးကြော ပေါက်တာတွေပဲဖြစ်ပါတယ်။ သွေးတိုးရောဂါရှိသူတိုင်း ဒီနှစ်ချက်နဲ့ဆက်စပ်ပြီး လေဖြတ်နိုင်ခြေရှိပါတယ်။

မေး ။ သွေးတိုးရောဂါကြောင့် လေဖြတ်တော့မယ်ဆိုရင် ဘယ်လိုရှေးဦးလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။
ဖြေ ။ သတိပေးလက္ခဏာ (Warning Sign)အနေနဲ့ ကိုယ်ကသွေးတိုးရောဂါလည်းရှိတယ်၊ ဆီးချိုရောဂါ လည်းရှိတယ်ဆိုရင် ခြေလက်ထုံလာတာ၊ စကားပြောရင် ဝါးလာတာ၊ လှုပ်လို့မရတော့တာ၊ ခေါင်းတွေမူးလာတာ၊ အမြင်တွေ ဝေ၀ါးလာတာတို့ ဖြစ်လာတတ်ပါတယ်။ ဒီလိုအခြေအနေတွေဆိုရင် လေဖြတ်တော့မယ့် သတိပေးလက္ခဏာတွေပြနေတာဖြစ်လို့ သတိထားဆင်ခြင်နေရပါမယ်။ ပါးတွေ ညောင်းလာတာ၊ ခေါင်းမူးတာ၊ ခေါင်းထိုးကိုက်တာ . . စတဲ့ လက္ခဏာတွေပြလာရင် အထူးသတိထား သင့်ပါတယ်။

မေး ။ သွေးတိုးရောဂါကြောင့် လေဖြတ်ရင်ပြန်ကောင်းအောင် ဘယ်လိုကုသသင့်ပါသလဲ ဆရာ။
ဖြေ ။ သွေးတိုးရောဂါကြောင့် ဦးနှောက်သွေးကြော ပိတ်သွားရင် ဘယ်လောက်အထိ ပိတ်သွားတာလဲ၊ ဦးနှောက်သွေးကြောပေါက်သွားရင် ဘယ်လောက်အထိ ပေါက်သွားတာလဲဆိုတာပေါ်မှာ မူတည်နေပါတယ်။ အရေးကြီးတာက ဦးနှောက်သွေးကြောပိတ်တာပဲဖြစ်ဖြစ်၊ ဦးနှောက်သွေးကြောပေါက်တာပဲဖြစ်ဖြစ် လေဖြတ်ပြီဆိုရင် ၂၄ နာရီအတွင်း ဆေးရုံကြီးတွေကိုအမြန်ဆုံး ရောက်သွားဖို့လိုပါတယ်။ ဒါဆို ရင်တတ်နိုင်သမျှ ပြန်ကောင်းအောင် ကုလို့ရပါတယ်။

မေး ။ သွေးတိုးရောဂါရှိသူတွေကဆောင်းရာသီတို့၊ နံနက်ခင်းအစောပိုင်းတို့မှာ လေဖြတ်နိုင်ခြေများတယ် လို့ တချို့က ဆိုကြတယ်။ မှန်ပါသလား။
ဖြေ ။ ဖြစ်နိုင်ခြေရှိပါတယ်။ နံနက်ခင်းဆိုရင် သွေးတိုးရောဂါအခံရှိသူတွေက သွေးတိုးတတ်ပါတယ်။ ဆောင်းတွင်းလည်း ဖြစ်တယ်၊ နံနက်ပိုင်းလည်း ဖြစ်တယ်ဆိုရင် ပိုပြီး သွေးတိုးတတ်တယ်။ သွေးတိုးတာကတစ်ဆင့် လေဖြတ်တတ်ပါတယ်။ သွေးတိုးပြီး နှလုံးရဲ့လုပ်ငန်းဆောင်တာ ပုံမှန်မလုပ်နိုင်ရင် နဂိုကတည်းက ကျဉ်းနေတဲ့ သွေးကြောတွေ ပိတ်သွားပြီး လေဖြတ်တတ်ပါတယ်။ ဒါမှမဟုတ် အဆီတွေပြုတ်ထွက်ပြီး သွေးကြောတွေမှာ ပိတ်ရာကလည်း လေဖြတ်တတ်ပါတယ်။

မေး ။ သွေးတိုးရောဂါရှိပြီး ဝရင် လေဖြတ်နိုင်ခြေ ပိုများတယ်ဆိုတာကော ဟုတ်ပါသလား။ ဘာကြောင့်ပါလဲ။
ဖြေ ။ သွေးတိုးရောဂါရှိပြီး ဝရင် လေဖြတ်နိုင်ခြေပိုများတယ်ဆိုတာ ဆက်စပ်မှုရှိပါတယ်။ လေဖြတ်စေတဲ့ အကြောင်းရင်းတွေထဲမှာ သွေးတိုးရောဂါရှိတာ၊ ဝတာ၊ သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထရော အဆီများတာ . . စတဲ့ အချက်တွေ ပါဝင်တဲ့အတွက် ဆက်စပ်မှုရှိပါတယ်။

မေး ။ သွေးတိုးရောဂါရှိသူတွေလေဖြတ်ဝေဒနာ မဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ ။ သွေးတိုးရောဂါမရှိသေးသူတွေအနေနဲ့ သွေးတိုးရောဂါမဖြစ်အောင် ဆင်ခြင်သင့်ပါတယ်။ သွေးတိုးရောဂါရှိပြီးသူတွေကလည်း ဆေးရုံ၊ ဆေးခန်း၊ ကျေးလက်ကျန်းမာရေးဌာန စတာတွေမှာပြသပြီး ဆေးကို ပုံမှန်သောက်သုံးဖို့လိုပါတယ်။ သွေးတိုးကိုထိန်းနိုင်ပြီဆိုရင် နောက်ဆက်တွဲဆိုးကျိုးမဖြစ်တော့ပါဘူး။ သွေးတိုးရှိမှန်းသိတယ်၊ ဒါပေမဲ့ ဆေးကိုလည်း ပုံမှန်မသောက်ဘူး၊ အစားအသောက် လည်းမဆင်ခြင်ဘူး၊ အနေအထိုင်လည်း မဆင်ခြင်ဘူးဆိုရင် လေဖြတ်နိုင်ခြေပိုများပါတယ်။ သွေးတိုးရောဂါရှိသူက အစားအသောက်ထဲမှာဆိုရင် အဆီများလွန်း၊ ငန်လွန်းတဲ့ အစားအသောက်တွေကို ဆင်ခြင်ရမယ်၊ အရက် ဆေးလိပ်သောက်တာတွေကိုဆင်ခြင်ရမယ်။ ဒါတွေကို မဆင်ခြင်ဘူးဆိုရင် လေဖြတ်ဖို့အခွင့်အလမ်း အတော်များပါတယ်။ သွေးတိုးရောဂါရှိပြီး ကောင်းကောင်း မထိန်းချုပ်ဘူးဆိုရင် ကျောက်ကပ် ထိခိုက်တတ်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါရှိသူရဲ့ ကျောက်ကပ်ကို ခြောက်လတစ်ကြိမ် ဒါမှမဟုတ် တစ်နှစ်တစ်ကြိမ် ပြန်လည်စစ်ဆေးရပါတယ်။

မေး ။ သွေးတိုးရောဂါရှိသူတွေ အရက်နဲ့ ဆေးလိပ် သောက်ရင် ဘယ်လိုထိခိုက်တတ်ပါသလဲ ဆရာ။
ဖြေ ။ သွေးတိုးရောဂါရှိသူတွေမှာ အရက်သောက်ရင် သွေးပိုတိုးပြီး လေဖြတ်နိုင်ခြေများတယ်၊ ဆေးလိပ် သောက်တဲ့အခါမှာသွေးကြောနံရံလေးတွေ ပျက်စီးတာကြောင့် အဲဒီကတဆင့် လေဖြတ်နိုင်ခြေများပါတယ်။

မေး ။ သွေးတိုးရောဂါနဲ့ လေဖြတ်ခြင်း ဆက်စပ်မှုနဲ့ ပတ်သက်ပြီး ထပ်မံပြောကြားလိုတာရှိရင် ပြောပြ ပေးပါဆရာ။
ဖြေ ။ ကိုယ့်မှာသွေးတိုးရောဂါမရှိပေမယ့် မိသားစုထဲမှာ သွေးတိုးရောဂါရှိသူရှိတယ်ဆိုရင် ကိုယ်ရဲ့ နေထိုင်စားသောက်မှုပုံစံကို သိတတ်တဲ့အရွယ်ကတည်းက ဆင်ခြင်သင့်ပါတယ်။ အစားအသောက်တွေဆိုရင် အဆီအအိမ့်များလွန်း၊ ငန်လွန်းတာကို တတ်နိုင်သမျှ ဆင်ခြင်စားသောက်သင့်ပါတယ်။ အရက်သောက်တာကို ရှောင်နိုင်ရင် ကောင်းတယ်၊ မရှောင်နိုင်ရင် လျှော့သောက်သင့်ပါတယ်။ ဆေးလိပ်ကို ရှောင်သင့်ပါတယ်။ စိတ်ဖိစီးမှုကို လျှော့ဖို့၊ အိပ်ရေးဝ၀အိပ်စက်အနားယူဖို့လိုပါတယ်။ ခေါင်းမူးခေါင်းကိုက်ဝေဒနာ ခံစားရရင် ဆရာဝန်နဲ့ ပြပြီး သွေးပေါင်ချိန်ကြည့်သင့်ပါတယ်။ အခုနောက်ပိုင်း လူငယ်လူရွယ်တွေမှာ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါဖြစ်လာကြတာကို တွေ့နေရတယ်။ ဒါကြောင့် သိတတ်စအရွယ်ကတည်းက နေထိုင်စားသောက်မှုပုံစံကို ကျန်းမာရေးနဲ့ အညီလိုက်နာဖို့လိုပါတယ်။

သွေးတိုးရောဂါရှိနေပြီဆိုရင်တော့ ကိုယ်ပြနေကျဆရာဝန်က ညွှန်ကြားထားတဲ့ ဆေးတွေကို ပုံမှန်သောက်နေဖို့လိုပါတယ်။ သူတို့က ရှောင်ခိုင်းတဲ့အရာတွေကို ရှောင်ဖို့လိုပါတယ်။ ဆေးကို ပုံမှန် မှီဝဲတာနဲ့အတူ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ဖို့ လိုပါတယ်။ အဆီအအိမ့်တွေ လျှော့ဖို့ လိုပါတယ်။ ခြောက်လတစ်ကြိမ် ဒါမှမဟုတ် တစ်နှစ်တစ်ကြိမ် ပြန်လည်စစ်ဆေးသင့်ပါတယ်။ တချို့လူနာတွေက သွေးတိုးရှိတယ်ဆိုတာနဲ့ ဆရာဝန်ပေးတဲ့ ဆေးကို ခြောက်လ၊ တစ်နှစ်၊ နှစ်နှစ်စသဖြင့် စွဲသောက်တတ်တယ်၊ အဲဒီအခါ ဘေးထွက်ဆိုးကျိုးခံရတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top