Healthy Life Ad
Life Style

အရေပြားပေါ်က ညှင်းအကြောင်း သိကောင်းစရာ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ညှင်းပေါက်တယ်ဆိုတာ အရေပြားပေါ်မှာ ဖန်းဂတ်စ်မှိုစွဲတဲ့ အခြေအနေဖြစ်ပြီး ယားယံတာနဲ့ မသက်မသာဝေဒနာကို ဖြစ်စေနိုင်ပါတယ်။ တကယ်တော့ လူ့ခန္ဓာကိုယ်အရေပြားမှာ သဘာဝအရ ဖန်းဂတ်မှိုနဲ့ ဘက်တီးရီးယားပိုးတွေ ရှိနေတတ်ပါတယ်။ ပိုးတချို့က သိသိသာသာ ကြီးထွားပျံ့ပွားလာတဲ့အခါ အရေပြားမှာ ယားနာ၊ ဝဲ၊ ပွေး၊ ညှင်း၊ နှင်းခူစတဲ့ အရေပြားပြဿနာတွေ ဖြစ်လာတတ်ပါတယ်။

ဖြစ်ရသော အကြောင်းရင်း
Malassezia Furfur ဆိုတဲ့ အရေပြားမှိုတစ်မျိုးကြောင့် အရေပြားမှာ ညှင်းပေါက်ရတာ ဖြစ်ပါတယ်။ လူအရေပြားမှာ ညှင်းဖြစ်စေတဲ့ မှိုပိုးအနည်းငယ်က သဘာဝအရရှိနေပါတယ်။ ညှင်းပေါက်ဖို့ အခြေအနေပေါ်လာချိန်မှာ မှိုပိုးကြောင့် ညှင်းပေါက်ရတာပါ။ အထူးသဖြင့် အရေပြားမှာ အဆီအိတ်ဂလင်း (Sebaceous Gland)တွေ စတင်ဖွံ့ဖြိုးလာတဲ့ အပျိုဖော်၊ လူပျိုဖော်ဝင်စအချိန်မှာ ညှင်းစပြီး ပေါက်နိုင်ပါတယ်။ အကြောင်းကတော့ ညှင်းဖြစ်စေတဲ့ မှိုပိုးဟာ အရေပြားက အဆီဓာတ်ကို သဘောကျလို့ပါ။

ထင်ရှားသော အချက်
ညှင်းဟာ ပူပြင်းတဲ့ရာသီမှာ ပေါက်နှုန်းများပါတယ်။ အထူးသဖြင့် ချွေးထွက်များပြီး အရေပြားမှာ အစိုဓာတ်များသူတွေမှာ ညှင်းပေါက်တတ်ပါတယ်။ ညှင်းပေါက်တဲ့အခါ ယားတတ်ပါတယ်။ ညှင်းဟာ အများအားဖြင့် ရင်ဘတ်၊ ကျောပြင်၊ ချိုင်းတို့မှာ ပေါက်လေ့ရှိပြီး လည်ပင်း၊ မျက်နှာ၊ ပေါင် စတဲ့ နေရာတွေမှာလည်း ပေါက်တတ်ပါတယ်။ ညှင်းက မကူးတတ်ပါဘူး။

ဖြစ်နိုင်ခြေများသူများ
ညှင်းပေါက်တာက မျိုးရိုးလိုက်တတ်ပါတယ်။ ဥပမာ- မိဘမှာ ညှင်းပေါက်တာမျိုးဖြစ်ခဲ့ဖူးရင် သားသမီးမှာလည်း ဖြစ်နိုင်ခြေရှိပါတယ်။ နောက်တစ်ချက်အနေနဲ့ ကိုယ်ခံစွမ်းအားကျဆင်းနေသူတွေ၊ စတီးရွိုက်ဆေးကို ရေရှည်သောက်ရသူတွေနဲ့ HIV / AIDS ရောဂါရှိသူတွေမှာ ညှင်းပေါက်နိုင်ခြေများပါတယ်။

ကုသမှု
Ketoconazole ပါတဲ့ ဗောက်ပျောက်ခေါင်းလျှော်ရည်ကို ညှင်းပေါက်တဲ့ နေရာတွေမှာလိမ်းကာ ၁၀ မိနစ်ခန့်ထားပြီး ရေဆေးချရင်သက်သာစေတယ်လို့ အမျိုးသားကျန်းမာရေးတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ ဒီကုသမှုကို ညှင်းမပျောက်မချင်း နှစ်ပတ်ခန့် ဆက်တိုက်ပြုလုပ်ပေးနိုင်ပါတယ်။

ကာကွယ်မှု
ညှင်းမပေါက်အောင် ကာကွယ်ဖို့အတွက် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အတွင်းခံအဝတ်အစားတွေကို တစ်နေ့တစ်ကြိမ်ပဲဝတ်သင့်ပါတယ်။ အဝတ်အစားကို သန့်သန့်ရှင်းရှင်း လျှော်ဖွပ်ကာ မီးပူတိုက်ပြီးမှ ဝတ်ဆင်ပါ။ အထူးသဖြင့် ချွေးထွက်များတဲ့သူတွေ၊ ကိုယ်ခံအား ကျနေသူတွေ၊ စတီးရွိုက်ဆေးသောက်နေသူတွေအနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားဖို့ အထူးအရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top