Healthy Life Ad
Health Tips

ငရုတ်ကောင်း၏ ဆေးဖက်ဝင်အာနိသင်များ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကျန်းမာရေး ကောင်းဖို့ရာအတွက် “မိုးမှာ ပိတ်ချင်း၊ နွေမှာ ချင်း (ဂျင်း)၊ ဆောင်းတွင်း ငရုတ်ကောင်း” ဆိုတဲ့ ဆိုရိုးတစ်ခုရှိပါတယ်။ လူအတော်များများဟာ ငရုတ်ကောင်းရဲ့ ဆေးဖက်ဝင်ပုံကို မေ့လျော့နေတတ်ကြပါတယ်။ တကယ်တော့ ငရုတ်ကောင်းမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ၊ ရောင်ရမ်းမှုနဲ့ ကင်ဆာဆန့်ကျင်တဲ့ အစွမ်းတို့ ပါဝင်နေပါတယ်။ ငရုတ်ကောင်းမှာ သံဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနိစ်၊ ဗီတာမင်စီနဲ့ အမျှင်ဓာတ်တို့ များစွာ ပါဝင်နေတာကြောင့် အောက်ပါအကျိုးကျေးဇူးတို့ကို ရရှိနိုင်ပါတယ်။

(၁) အစာကြေစေပါတယ်
ငရုတ်ကောင်းမှုန့်ကို ဟင်းချိုထဲ ထည့်သောက်ရင် အစာခြေစနစ်ပြဿနာတွေနဲ့ အူလမ်းကြောင်း ပိုးဝင်မှုတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကိုလည်း ထိထိရောက်ရောက်သက်သာစေနိုင်ပါတယ်။ ငရုတ်ကောင်းမှုန့်ဟာ အစာအိမ်ကနေ ဟိုက်ဒရိုကလိုရစ် အက်စစ်ထွက်ရှိစေပြီး ဒီအက်စစ်ဟာ အစာတွေကို ကြေညက်ဖို့အတွက် လိုအပ်ပါတယ်။ ငရုတ်ကောင်းဟာ အစာအိမ်ထဲမှာ အစာတွေကြာကြာ မရှိစေတာကြောင့် လေပွတာနဲ့ အစာအိမ်ဝေဒနာတို့ ကင်းဝေးစေတာပါ။

(၂) အစာစားချင်စိတ်မရှိတာကို လျော့ပါးစေပါတယ်
ငရုတ်ကောင်းဟာ လျှာအရသာခံအဖုတွေကို လှုံ့ဆော်ပေးတာကြောင့် အစာစားချင်စိတ်မရှိဘဲ ခံတွင်းပျက်တဲ့ ဝေဒနာကို သက်သာစေပါတယ်။

(၃) ကိုယ်ပူကျစေပါတယ်
ကိုယ်ပူပြီး ဖျားနေချိန်မှာ ငရုတ်ကောင်းစေ့ အနည်းငယ်ထည့်ကာ ပြုတ်ထားတဲ့ ရေနွေးကြမ်းကို သောက်ပေးရင် ကိုယ်ပူကြီးတာကို သက်သာစေပါတယ်။

(၄) သွားကိုက်တာကို သက်သာစေပါတယ်
သွားကိုက်နေချိန်မှာ ငရုတ်ကောင်းစေ့ထည့်ပြုတ်ထားတဲ့ ကြက်သီးနွေးရေနဲ့ အာလုတ်ကျင်းပေးပါက သွားကိုက်ဝေဒနာကို သက်သာစေပါတယ်။

(၅) ဝမ်းချုပ်တာကို သက်သာစေပါတယ်
တစ်နေ့ နှစ်ကြိမ်လောက် ငရုတ်ကောင်းခတ်ထားတဲ့ ဟင်းရည်ပူပူကိုသောက်ပေးရင် ဝမ်းချုပ်ခြင်း ကင်းစေပါတယ်။

(၆) ကင်ဆာကို ကာကွယ်ပေးပါတယ်
ငရုတ်ကောင်းမှုန့်ဟာ ရင်သားကင်ဆာကို တွန်းလှန်ပေးနိုင်ပါတယ်။ ငရုတ်ကောင်းမှာပါတဲ့ Piperine ဓာတ်ဟာ ရင်သားကင်ဆာအကျိတ်ကို ကြီးထွားမှု မဖြစ်လာအောင် ကာကွယ်ပေးနိုင်တယ်လို့ မစ်ချီဂန်ကင်ဆာစင်တာရဲ့ လေ့လာမှုအရ သိရပါတယ်။ ငရုတ်ကောင်းကို နနွင်းမှုန့်နဲ့တွဲသုံးရင် ကင်ဆာကာကွယ်နိုင်တဲ့ အစွမ်းက ပိုရှိလာပါတယ်။

(၇) အအေးမိတာနဲ့ ချောင်းဆိုးတာကို ကင်းဝေးစေပါတယ်
ငရုတ်ကောင်းအနည်းငယ်ငုံပေးတာကြောင့် ချောင်းခြောက်ဆိုးတာနဲ့ လည်ချောင်းယားယံတာ တို့ကို သက်သာစေပါတယ်။ ငရုတ်ကောင်းပါတဲ့ ရေနွေးကြမ်းကို တစ်နေ့နှစ်ကြိမ်သောက်ရင်လည်း အအေးမိ ဝေဒနာကို သက်သာစေပါတယ်။

(၈) ကိုယ်တွင်းမှ အဆိပ်အတောက်တွေကို ထွက်သွားစေပါတယ်
ငရုတ်ကောင်းပါတဲ့ ဟင်းရည်ကို သောက်တာကြောင့် ချွေးထွက်များစေပြီး ဆီးသွားစေတာကြောင့် ကိုယ်တွင်းမှ အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို ကင်းစင်သွားစေပါတယ်။

(၉) ပြတ်ရှရာကို အနာကျက်လွယ်စေပါတယ်
အသေးအမွှား ပြတ်ရှဒဏ်ရာတွေအတွက် ငရုတ်ကောင်းမှုန့်အနည်းငယ်ကို ဖြူးပေးရင် သွေးထွက်တာကို တိတ်စေပြီး ပိုးသေကာ ချက်ချင်းအနာကျက်တယ်လို့ တချို့က ယုံကြည်ကြပါတယ်။ ငရုတ်ကောင်းမှာ ဘက်တီးရီးယားသတ်တဲ့ ဂုဏ်သတ္တိပါဝင်လို့ပါ။

(၁၀) နှာခေါင်းပိတ်တာကို သက်သာစေပါတယ်
ငရုတ်ကောင်းမှာပါတဲ့ သဘာဝနှာစေးပျောက် အာနိသင်ဟာ ချွဲအမြှေးပါးတွေကို လှုံ့ဆော်မှုဖြစ်စေပြီး အရည်ကျဲကျဲနှာရည်တွေကျကာ နှာခေါင်းပိတ်တာ သက်သာသွားစေနိုင်ပါတယ်။ နှာခေါင်းပိတ်နေရင် ကြက်သားစွပ်ပြုတ်ထဲကို ငရုတ်ကောင်းမှုန့်ဖြူးပြီးစားပေးပါ။ အသက်ရှူလမ်းကြောင်းတစ်လျှောက် ကျန်းမာစေပြီး အသက်ဝ၀ရှူနိုင်ပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top