Healthy Life Ad
Life Style

အရေပြားပေါ်က အလုံးသေးအဖုလေးများ သို့မဟုတ် ငါးမျက်စိဖြစ်ခြင်း (Molluscum Contapiosam)

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ငါးမျက်စိဆိုတာ ဘာကိုခေါ်ပါသလဲဆရာမ။

ဖြေ. ငါးမျက်စိဆိုတာ အရေပြားပေါ်မှာဖြစ်ပေါ်တဲ့ အလုံးသေး၊ အဖုလေးတွေ ဖြစ်ပါတယ်။ ငါးမျက်စိ အဖုတစ်ခုက ၂-၅ မီလီမီတာလောက်ပဲ ရှိပါတယ်။ အသားရောင် အဖုလေးတွေဖြစ်ပြီး ညှစ်လိုက်ရင် အဆံလေးတွေ ထွက်သွားပါတယ်။ ဖြစ်ရင် အစုလိုက်၊ အပြုံလိုက်ဖြစ်တတ်ပါတယ်။

မေး. ငါးမျက်စိက ဘယ်လိုဖြစ်ပွားတတ်ပါသလဲ ဆရာမ။

ဖြေ. ငါးမျက်စိက ဗိုင်းရပ်စ်ပိုးဝင်တာကြောင့် ဖြစ်တတ်ပါတယ်။ ငါးမျက်စိဖြစ်တဲ့ နေရာက ခေါင်းကစပြီး ခြေ၊ လက်၊ မျက်နှာနဲ့ ကိုယ်တွေမှာလည်း ဖြစ်တတ်ပါတယ်။ လိင်အင်္ဂါမှာလည်း ဖြစ်တတ်ပါတယ်။ လိင်အင်္ဂါမှာဖြစ်ရင် ဆိုးပါတယ်။ သတိထားရပါမယ်။ AIDS ရောဂါနဲ့ ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ ငါးမျက်စိ အဖြစ်များတတ်သလို အသက် နှစ်နှစ်-သုံးနှစ်အရွယ်ကလေးတွေမှာလည်း အဖြစ်များတတ်ပါတယ်။ ငါးမျက်စိ အလုံးပေါင်း ရာချီနေတဲ့သူတွေလည်း ရှိပါတယ်။ ကလေးတွေမှာဆို တစ်ယောက်နဲ့တစ်ယောက် ကူးစက်လွယ်တတ်ပါတယ်။

ငါးမျက်စိကို ကိုင်တွယ်ရင် မိမိဘာသာလည်း တခြားအရေပြားနေရာကို ကူးစက်တတ်ပါတယ်။ တခြားသူတွေကိုလည်း ကူးစက်တတ်ပါတယ်။ တချို့ဆိုရင် တစ်အိမ်တည်းမှာ နှစ်ယောက်- သုံးယောက် ဖြစ်နေတာကို တွေ့ရပါတယ် . . .

မေး. ငါးမျက်စိက ဘယ်လိုနည်းနဲ့ ကူးစက်တတ်ပါသလဲ ဆရာမ။

ဖြေ. ငါးမျက်စိကို ကိုင်တွယ်ရင် မိမိဘာသာလည်း တခြားအရေပြားနေရာကို ကူးစက်တတ်ပါတယ်။ တခြားသူတွေကိုလည်း ကူးစက်တတ်ပါတယ်။ တချို့ဆိုရင် တစ်အိမ်တည်းမှာ နှစ်ယောက်- သုံး ယောက်ဖြစ်နေတာကို တွေ့ရပါတယ်။ ထိတွေ့မှုနဲ့ ကူးစက်တတ်ပါတယ်။

မေး. ငါးမျက်စိကို ဘယ်လိုကုသမှု ခံယူနိုင်ပါသလဲ ဆရာမ။

ဖြေ. သီအိုရီအရ ငါးမျက်စိရောဂါက သူ့အလိုလိုပျောက်နိုင်တယ်၊ ဒါပေမဲ့ အလွန်ကြာတယ်လို့ ဆိုထားပါတယ်။ နှစ်ချီပြီး ကြာတတ်ပါတယ်။ ဒီလို ပျောက်ဖို့စောင့်နေလို့မဖြစ်ပါဘူး။ ပွားလာတတ်လို့ပါ။ ငါးမျက်စိကုသတဲ့နည်းက ငါးမျက်စိကို ထုံဆေးလိမ်းပြီး ထုံသွားတဲ့အခါကျမှ သန့်ရှင်းအောင် ပိုးသတ်ထားတဲ့အပ်နဲ့ ငါးမျက်စိအဖုကိုဖောက်ကာ ညှစ်ပေးရပါမယ်။ ပြီးရင် ပိုးသေဆေးလိမ်းပေးရပါတယ်။ တကယ်လို့ ငါးမျက်စိက သိပ်များနေရင် ခွဲခန်းထဲမှာ ခြစ်ထုတ်ပေးရပါတယ်။

မေး. ငါးမျက်စိပေါက်တဲ့အခါ ဘယ်လိုအချက်တွေကို ရှောင်ရှားသင့်ပါသလဲ ဆရာမ။

ဖြေ. ရောင်ရမ်းမှုကျစေတဲ့ ဆေး၊ ယားနာပျောက်ဆေးနဲ့ စတီးရွိုက်ပါတဲ့ ဆေးတွေကိုလိမ်းရင် ပိုဆိုးတတ်ပါတယ်။

မေး. ငါးမျက်စိနဲ့ လွဲမှားတတ်တဲ့ အခြေအနေရှိရင် သိပါရစေ ဆရာမ။

ဖြေ. လွဲမှားတာတော့ မဟုတ်ပါဘူး။ ခြေထောက်မှာ အသားမာတက်တာကိုလည်း ငါးမျက်စိလို့ ခေါ်ပါတယ်။ အဲဒီလိုဖြစ်တာက ဖိနပ်မာမာတွေစီးတာ၊ ဖိနပ်ကျပ်ကျပ်တွေစီးတာနဲ့ မတော်တဲ့ဖိနပ်တွေကို စီးတာတွေကြောင့် ခြေထောက်အသားမာတက်ရတာပါ။ ဒါဆိုရင် ဖိနပ်ပြောင်းစီးဖို့ လိုပါတယ်။ ခြေထောက်အသားမာကို ဓား ဒါမှမဟုတ် ကြေးတွန်းကျောက်နဲ့ ဖယ်ရှားလို့ ရပါတယ်။ သန့်ရှင်းတဲ့ လက်သည်းညှပ်နဲ့ ညှပ်ထုတ်လို့ရပါတယ်။ မရရင်တော့ ထုံဆေးထိုးပြီး ခွဲထုတ်ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top