Healthy Life Ad
Life Style

ကလေးမွေးပြီး မိခင်နို့ အထွက်နည်းနေသူများအတွက်

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

မေး. ကလေးမွေးထားတာ ၇ရက်ပဲ ရှိပါသေးတယ်။ အမေနို့သိပ်မထွက်ဘူး။ နို့အရောင်က မဖြူဘဲ အဝါရောင်ပဲ ရှိပါသေးတယ်။ ကလေးကနို့မဝတော့ မအိပ်ဘူး၊ ဂျီကျတယ်။ ကလေးကိုသနားလို့ နွားနို့ကူလို့ ရမလားရှင့်။ မိခင်နို့လည်း တိုက်ချင်ပါတယ်။ ရင်သားနှစ်ဖက်စလုံးလည်း နာနေပါပြီ။ မိခင်နို့အထွက်များအောင် ဘယ်လိုနည်းလမ်းတွေကို လိုက်နာသင့်ပါသလဲရှင့်။ ကလေးက သားဦးပါ။

ဖြေ. ကလေးမွေးထားချိန်မှာ မိခင်နို့များများထွက်ဖို့ လိုပါတယ်။ မိခင်နို့များများထွက်ဖို့ဆိုရင် တစ်နေ့မှာ စွပ်ပြုတ်ရည် ခြောက်ခွက်သောက်ရပါမယ်။ High Protein Diet လို့ခေါ်တဲ့ အသားဓာတ်များများပါတဲ့ အစားအသောက်ကို ပိုစားပေးရပါမယ်။ အသား ၂၀ ကျပ်သား စားပေးရပါမယ်။ အသား ၂၀ ကျပ်သားကို စွပ်ပြုတ်ထဲ ထည့်ပြုတ်ပြီး သောက်ရင်လည်းရပါတယ်။ ဒါမှမဟုတ်ရင် အသား ၁၀ ကျပ်သားကို ကြော်ကြော်၊ ချက်ချက် စားနိုင်တယ်ဆိုရင် ကျန်တဲ့ ၁၀ကျပ်သားကို စွပ်ပြုတ်ရည်ထဲထည့်ပြီး သောက်ပေးရပါမယ်။ စွပ်ပြုတ်ရည် ခြောက်ခွက်ဆိုတာ တရုတ်ပန်းကန်လုံးနဲ့ ခြောက်ခွက်သောက်ရမှာ ဖြစ်ပါတယ်။

စွပ်ပြုတ်ရည် ခြောက်မျိုး၊ ခြောက်ခွက်၊ ခြောက်ပတ်

စွပ်ပြုတ်ရည်ခြောက်ခွက်မှာ ဘာတွေပါသင့်သလဲဆိုတော့ ကြက်စွပ်ပြုတ်တိုက်လို့ရတယ်။ ကြက်စွပ်ပြုတ်မှာ ဖရုံသီး၊ ကျောက်ဖရုံသီး၊ မုန်ညင်း၊ ရေမုန်ညင်းတို့ထည့်ပြီး သောက်ပေးရပါမယ်။ ဟင်းခါးသောက်မယ်ဆိုရင် အသား ဒါမှမဟုတ် ငါး ၂၀ ကျပ်သား ထည့်ချက်နိုင်တယ်။ ပုဇွန်ခြောက်မထည့်ရပါဘူး။ ကြာစွယ်ဟင်းချိုလုပ်သောက်ရင်လည်း မိခင်နို့အထွက်များစေပါတယ်။ ကြာရိုးဟင်းချို၊ ပိန်းဥဟင်းချို၊ ပဲနီလေးနဲ့ ကြာဇံဟင်းချို သောက်လို့ရတယ်။ ဒီစွပ်ပြုတ် ၆ မျိုးကို တစ်လှည့်စီသောက်ပေးရပါမယ်။

မီးဖွားပြီးစမိခင်တွေ နို့ထွက်ကောင်းချင်ရင် ၆မျိုး၊ ၆ပတ်၊ ၆ခွက် မှီဝဲရမယ်။ ဆိုလိုတာက စွပ်ပြုတ်ခြောက်မျိုး၊ တစ်နေ့မှာ တရုတ်ပန်းကန်လုံးနဲ့ ခြောက်ခွက်၊ ကလေးမွေးပြီး ခြောက်ပတ်(၄၅ ရက်) ဆက်တိုက်သောက်သွားမယ်ဆိုရင် ကလေးအတွက် အာဟာရအပြည့်အဝရရှိတဲ့ မိခင်နို့ချို ကို ပြည့်ပြည့်ဝ၀ရရှိမှာ ဖြစ်ပါတယ်။

မီးဖွားပြီးစ မိခင်တွေ နို့ထွက်ကောင်းချင်ရင် ၆မျိုး၊ ၆ပတ်၊ ၆ခွက် မှီဝဲရမယ်။ ဆိုလိုတာက စွပ်ပြုတ်ခြောက်မျိုး၊ တစ်နေ့မှာ တရုတ်ပန်းကန်လုံးနဲ့ ခြောက်ခွက်၊ ကလေးမွေးပြီး ခြောက်ပတ်(၄၅ ရက်) ဆက်တိုက်သောက်သွားမယ်ဆိုရင် ကလေးအတွက် အာဟာရအပြည့်အဝရရှိတဲ့ မိခင်နို့ချိုကို ပြည့်ပြည့်ဝ၀ရရှိမှာ ဖြစ်ပါတယ်။ ပြီးရင် တစ်နေ့မှာ သစ်သီးဖျော်ရည်နှစ်ခွက် ထပ်သောက်ပေးရပါမယ်။ လိမ္မော်ရည်၊ ဆန်းကစ်သီးဖျော်ရည်၊ ပန်းသီးဖျော်ရည်၊ နဂါးမောက်သီးဖျော်ရည် စသဖြင့် လတ်လတ်ဆတ်ဆတ် သစ်သီးကိုဖျော်ပြီး တစ်နေ့ နှစ်ခွက်သောက်ပေးရပါမယ်။

တစ်နှစ်အောက်ကလေး နွားနို့မတိုက်ရ

ကလေးကို နွားနို့လုံးဝမတိုက်ရပါဘူး။ ကလေးအသက် တစ်နှစ်အောက်မှာ သဘာဝနွားနို့ကို လုံးဝမတိုက်ရပါဘူး။ အမေနို့ ဘယ်လိုမှမထွက်လို့ တိုက်ချင်တယ်ဆိုရင် Infant Formular ဖြစ်တဲ့ ဖော်မြူလာအတိအကျတွက်ထားတဲ့ နို့မှုန့်ကိုပဲ ဖျော်တိုက်သင့်ပါတယ်။

ရင်သားနာတာ သက်သာအောင်

ရေနွေးလေးထဲ တဘက်လေးနှစ်ပြီး နာနေတဲ့ ရင်သားမှာပဲဖြစ်ဖြစ်၊ နို့သီးမှာပဲဖြစ်ဖြစ် သေချာလေးအုပ်ပေးပါ။ တစ်ခါအုပ်ရင် ၁၀ မိနစ်နဲ့ တစ်နေ့ သုံးကြိမ်အုပ်ပေးလိုက်တဲ့အခါ သက်သာသွားမှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top