Healthy Life Ad
Life Style

ကြွက်သေးကြောင့် ကူးစက်ရရှိနိုင်သည့်ရောဂါ (Leptospirosis)

ဒေါက်တာကျော်စွာဦး (တာဝန်ခံဆရာဝန်၊ ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း)

မေး. အိမ်တွေမှာရှိတတ်တဲ့ ကြွက်တွေကနေ လက်ပတိုစပိုင်ရိုးစစ်ဆိုတဲ့ ရောဂါကူးစက်ခံရနိုင်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးပါလား ဆရာ။

ဖြေ. အိမ်တွေမှာရှိတတ်တဲ့ ကြွက်တွေကြောင့်သာမက လယ်ထဲမှာရှိတဲ့ နွား၊ ကျွဲစတဲ့ တိရစ္ဆာန်တွေကနေလည်း Leptospirosis ရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မွေးမြူရေးလုပ်သူတွေ၊ လယ်ယာလုပ်ငန်းခွင်လုပ်သူတွေက ဒီရောဂါဖြစ်ဖို့ အခွင့်အလမ်းပိုများပါတယ်။ ဒါပေမဲ့ ကြွက်သေးကနေ ဒီရောဂါဖြစ်စေတဲ့ လက်ပတိုစပိုင်ရားပိုး (Leptospira) ကူးစက်နိုင်ခြေ ပိုများပါတယ်။ တိရစ္ဆာန်မှာ ဒီလက်ပ်တိုစပိုင်ရိုးစစ်ပိုးရှိနေရင် အဲဒီတိရစ္ဆာန်ကို ထိတွေ့မိတဲ့အခါ ကိုယ့်မှာ ကူးစက်နိုင်ခြေရှိပါတယ်။ ဥပမာ ရေထဲမှာ ဒီလက်ပ်တိုစပိုင်ရိုးစစ်ပိုးက ရှိနေတယ်။ အဲဒီရေထဲကို ကိုယ်ကဖြတ်ကူးသွားတယ်ဆိုရင် ကူးစက်နိုင်ပါတယ်။

ပိုးဝင်သွားပြီဆိုရင် အစပိုင်းမှာ တုပ်ကွေးလက္ခဏာတွေနဲ့ ခပ်ဆင်ဆင်ပဲဆိုပေမယ့် နောက်ပိုင်းကျတော့ အသားတွေ ဝါလာတတ်ပါတယ်။ ဒီလိုအသားဝါလာရင် ဂရုစိုက်ရပါမယ်။ မကုသရင် ကိုယ်ခန္ဓာအတွင်းပိုင်း ကျောက်ကပ်တွေအထိ ထိခိုက်ပျက်စီးပြီးတော့ အသက်ဆုံးရှုံးနိုင်ခြေရှိပါတယ်။

မေး. လက်ပတိုစပိုင်းရိုးစစ်ရောဂါရရင် ဘယ်လိုရောဂါလက္ခဏာတွေကို ခံစားရတတ်ပါသလဲ ဆရာ။

ဖြေ. သာမန်တုပ်ကွေးလက္ခဏာတွေလိုပဲ ခေါင်းတွေကိုက်တယ်၊ ဖျားတယ်၊ တစ်ကိုယ်လုံး ကိုက်ခဲနေတယ်၊ အဲဒီကတစ်ဆင့် ပိုဆိုးလာပြီး သေချာကုသမှု မခံယူဘူးဆိုရင် အသက်အန္တရာယ်တောင် ရှိနိုင်ပါတယ်။ ပိုးဝင်သွားပြီဆိုရင် အစပိုင်းမှာ တုပ်ကွေးလက္ခဏာတွေနဲ့ ခပ်ဆင်ဆင်ပဲဆိုပေမယ့် နောက်ပိုင်းကျတော့ အသားတွေဝါလာတတ်ပါတယ်။ ဒီလိုအသားဝါလာရင် ဂရုစိုက်ရပါမယ်။ မကုသရင် ကိုယ်ခန္ဓာအတွင်းပိုင်း ကျောက်ကပ်တွေအထိ ထိခိုက်ပျက်စီးပြီးတော့ အသက်ဆုံးရှုံးနိုင်ခြေရှိပါတယ်။

မေး. လက်ပတိုစပိုင်ရိုးစစ်ရောဂါက အဖြစ်များပါသလားဆရာ။

ဖြေ. ဒါက ပေါ့ဆလို့မရတဲ့ ရောဂါပဲဖြစ်ပါတယ်။ အဖြစ်များတဲ့ အထဲမှာတော့ မပါပါဘူး။ ဒါပေမဲ့ ဂရုစိုက်ရမယ့် ရောဂါဖြစ်ပါတယ်။ ဥပမာ- လူနာတစ်ယောက်က ဖျားတယ်၊ တစ်ကိုယ်လုံးကိုက်ခဲနာကျင်နေတယ်၊ အသားတွေ ဝါလာတယ် . . ဆိုရင် ထည့်သွင်းစဉ်းစားရမယ့် ရောဂါတစ်ခုအနေနဲ့ ပါဝင်ပါတယ်။

မေး. လက်ပတိုစပိုင်ရိုးစစ်ပိုးကြောင့် ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

ဖြေ. လက်ပတိုစပိုင်ရိုးစစ်ပိုးဝင်တဲ့ ရောဂါဖြစ်နိုင်ခြေရှိတဲ့ လူအများစုက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေ၊ ရေဆိုးထဲမှာ အလုပ်လုပ်ကိုင်နေရသူတွေဖြစ်တာကြောင့် စနစ်တကျ အကာအကွယ်ယူဖို့ လိုအပ်ပါတယ်။ ရေထဲဆင်းရတော့မယ်ဆိုရင် ဘွတ်ဖိနပ်အရှည်စီးပြီး အလုပ်လုပ်ဖို့ လိုပါတယ်။

မေး. တချို့စားသောက်ဆိုင်တွေ၊ အိမ်တွေမှာရှိတတ်တဲ့ ကြွက်တွေကနေရော လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ ကူးစက်တတ်ပါသလား ဆရာ။

ဖြေ. ကြွက်၊ နွား၊ ကျွဲ စတာတွေရဲ့ ဆီးကိုထိမိမှ၊ သူတို့ဆီးပါတဲ့ရေထဲကို ကူးခတ်မိမှကူးတာပါ။ အထူးသဖြင့် တောင်သူလယ်သမားတွေ၊ လယ်ယာလုပ်ငန်းလုပ်သူတွေက ကူးစက်နိုင်ခြေများပါတယ်။ သူတို့တွေ လက်ပ်တိုစပိုင်ရိုးစစ်ရောဂါမဖြစ်အောင် လိုအပ်တဲ့ကာကွယ်မှုတွေဖြစ်တဲ့ ဖိနပ်အရှည်စီးတာ၊ လက်အိတ်ဝတ်တာတို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ စားသောက်ဆိုင်တွေမှာ ကြွက်တွေဘာတွေရှိရင် စားသောက်ဆိုင်က ကြွက်သေးတွေကိုထိမိလို့ ပိုးဝင်တဲ့အခါဖြစ်နိုင်ပေမယ့် အလွန်ရှားပါတယ်။ အထူးသဖြင့် မွေးမြူရေး၊ စိုက်ပျိုးရေးလုပ်နေတဲ့ လယ်သမားတွေက လုပ်ငန်းခွင်ကာကွယ်မှုတွေ လုပ်ရပါမယ်။

မေး. လက်ပ်တိုစပိုင်ရိုးစစ်ရောဂါနဲ့ လွဲမှားတတ်တဲ့ ကျန်းမာရေးပြဿနာတွေရှိရင် သိပါရစေဆရာ။

ဖြေ. ဖျားတယ်၊ အသားဝါတယ်ဆိုတော့ အသည်းရောင်အသားဝါရောဂါ၊ ငှက်ဖျားရောဂါ စတာတွေနဲ့ လွဲမှားတတ်ပါတယ်။ ဖျားတယ်၊ အသားဝါတယ်ဆိုရင် ဖြစ်နိုင်ခြေများတဲ့ တခြားရောဂါတွေကို စဉ်းစားပြီး ဒါက နောက်ဆုံးအဆင့်မှာ ထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။

မေး. လက်ပ်တိုစပိုင်ရိုးစစ်ရောဂါနဲ့ပတ်သက်ပြီး အများပြည်သူကို ထပ်မံပညာပေးလိုတာရှိရင် ပြောပြပေးပါဆရာ။

ဖြေ. ကြွက်၊ နွား၊ ကျွဲစတာတွေရဲ့ ဆီးကိုထိမိရင်၊ သူတို့ဆီးပါတဲ့ရေထဲကို သွားလာရတဲ့အခါ အရေပြားနဲ့ ထိတွေ့မိရင် လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ ကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် မွေးမြူရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အခါမှာ တစ်ကိုယ်ရေကာကွယ်မှုတွေကို ပြုလုပ်ပေးဖို့ ပညာပေးလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top