Healthy Life Ad
Health Tips

ခံတွင်းအနံ့ဆိုးထွက်ခြင်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ခံတွင်းအနံ့ဆိုးထွက်ရတဲ့ အကြောင်းရင်း မျိုးစုံရှိတဲ့အနက် အဖြစ်များဆုံးအကြောင်းရင်းက ခံတွင်းသန့်ရှင်းရေး ထိန်းသိမ်းမှုအားနည်းတာနဲ့ ခံတွင်းခြောက်တာတို့ပဲ ဖြစ်ပါတယ်။

သဘာဝဆေး (၁) စိတ်ဖိစီးမှုလျှော့ချခြင်း

တချို့လူတွေမှာ ခံတွင်းသန့်ရှင်းရေးလည်း ကောင်းပါရဲ့၊ အထွေထွေကျန်းမာရေးလည်း ကောင်းနေပါရဲ့နဲ့ ခံတွင်းအနံ့ဆိုးထွက်နေတတ်ပါတယ်။ ဖြစ်ရတာက စိတ်ဖိစီးမှုများလို့ပါ။ စိတ်ဖိစီးမှုများတဲ့အခါ ခံတွင်းထဲမှာ ဆာလဖာနဲ့ တခြားဒြပ်ပေါင်းတွေ ထွက်နှုန်းတိုးလာစေတဲ့အတွက် ခံတွင်းအနံ့ဆိုးထွက်ရတာ ဖြစ်ပါတယ်။

သဘာဝဆေး (၂) သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်

ပန်းသီး၊ မုန်လာဥနီ၊ သခွားသီး စတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားတာကြောင့် သွားတွေမှာကပ်ငြိနေတဲ့ ဘက်တီးရီးယားနဲ့ သွားချေးဖတ်တွေ ကင်းစင်သွားတတ်ပါတယ်။

သဘာဝဆေး (၃) ခါးသက်သော အသီးအရွက်များ

ခါးသက်တဲ့ အစာတွေဖြစ်တဲ့ ကြက်ဟင်းခါးသီး၊ ဟင်းနုနယ်ရွက်၊ သင်္ဘောရွက်စတာတွေက အစာအိမ်ကို အနာကျက်စေသလို ခံတွင်းကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

သဘာဝဆေး (၄) လျှာကို သန့်စင်ခြင်း

သွားတိုက်တဲ့အခါ လျှာကိုပါတိုက်ဖို့ မမေ့ပါနဲ့။ လျှာကို ပုံမှန်သန့်စင်ပေးတာကြောင့် လျှာနဲ့ခံတွင်းမှာ ကပ်ငြိနေတဲ့ စားကြွင်းစားကျန်တွေ၊ ဘက်တီးရီးယားပိုးတွေနဲ့ ဆဲလ်သေတွေကို ကင်းစင်စေပါတယ်။

သဘာဝဆေး (၅) တရုတ်နံနံ

ဆေးဖက်ဝင်အပင်တွေကလည်း ခံတွင်းအနံ့ဆိုး ကင်းစင်စေပါတယ်။ တရုတ်နံနံ၊ သစ်ကြံပိုးခေါက် စတာတွေကို ဟင်းလျာထဲ ထည့်စားပေးပါ။

သဘာဝဆေး (၆) ရေနွေးကြမ်း

ရေနွေးကြမ်းနဲ့ လက်ဖက်စိမ်းလက်ဖက်ရည် ကြမ်းထဲမှာပါတဲ့ ပိုလီဖီနောဒြပ်ပေါင်းတွေက ခံတွင်းအနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားပေါက်ပွားမှုကို ဟန့်တားပေးပါတယ်။

သဘာဝဆေး (၇) ခံတွင်းသန့်ဆေး

မရှိမဖြစ်ဆီ (Essential Oil) ပါတဲ့ ခံတွင်းသန့်စင်ဆေးကို သုံးပေးရင် ခံတွင်းအနံ့ဆိုးထွက်နိုင်ခြေ လျော့ကျစေပါတယ်။ လက်ဖက်ဆီ၊ သံပရာဆီ၊ ပူစီနံဆီ စတာတွေက ခံတွင်းထဲရှိ ဆာလဖာဒြပ်ပေါင်းပမာဏကို လျော့နည်းစေလို့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top